လျှာ
လျှာသည် ကြွက်သားမျှင်၊ မျူကပ်မင်းဗရိန်းခေါ် ချွဲမြှေးတို့ဖြင့် ပြီးသော ခံတွင်း၏ အောက်အခင်းနှင့် ပမာတူ၏။ အတွင်းကား ကြွက်သားစိုင် ဖြစ်ပြီးလျှင် အပေါ်ယံမျက်နှာပြင်ကား မျူကပ်မင်ဗရိန်းဖြစ်၏။ အမြဲသဖြင့် စိုထိုင်းနေလေသည်။
မျူကပ်မင်ဗရိန်းကို မှန်ဘီလူးဖြင့်ကြည့်လျှင် အဖုမြွာများဖြင့် ပြည့်နှက်နေသည်ကိုတွေ့၏။ ထိုအဖုမြွာတို့သည် သုံးမျိုးရှိ၏။ ယင်းတို့မှာ (၁) လျှာပေါ်တွင် အမြှောင်းလိုက်တန်းနေ၍ လျှာတစ်ခုလုံး၏အပေါ်တွင် အနှံ့အပြားတည်ရှိနေသော အဖုမြွာများ၊ (၂) လျှာဖျားနှင့် အနားတစ်ဝိုက်၌ တည်ရှိသော မှိုပွင့်သဏ္ဌာန် အဖုမြွာများ၊ (ယင်းတို့ကို ရသာဖုကလေးများ ဟုလည်းခေါ်၏။)၊ (၃) လျှာရင်း၌ရှိ၍ အရွယ်အားဖြင့် အကြီးဆုံးနှင့် အရေအတွက်အားဖြင့် အနည်းဆုံးဖြစ်သော စက်ဝိုင်းစိတ်ပုံရှိ အဖုမြွာကြီးများဖြစ်ကြသည်။ ထိုအဖုမြွာကြီးများသည် အနည်းဆုံး ၇ ခုမှ အများဆုံး ၁၂ ခုအထိ ရှိပြီးလျှင် လျှာ၏ နောက်ပိုင်းတွင် မြားဦးပုံပေါ်နေအောင် တန်းလျက်ရှိ၍ လျှာရင်းသို့ ဦးလှည့်နေ၏။ ဤအဖုမြွာမျိုးသည် အလယ်တွင် ချိုင့်လျက်ရှိသည်။ ထိုချိုင့်ခွက်နှင့် အဖုမြွာတွင် နဗ်ကြောမျှင်များ ရှိ၏။ အစာကို စားလိုက်သောအခါ လျှာဖျားဖြင့် အရသာကို အတန်ငယ်သာသိ၍ လျှာရင်းရောက်မှသာ အရသာမှာ သိသိသာသာကြီးပေါ်လာသည်။ အထူးသဖြင့် အချိုအရသာကို လျှာဖျားဖြင့် ပိုမိုသိလွယ်၍ အချဉ်ကို လျှာနံဘေးဖြင့် သိလွယ်ပြီးလျှင် အခါးအရသာကိုမူကား လျှာရင်းအဖုမြွာကြီးများဖြင့်သာ သိလွယ်လေသည်။
လျှာရင်းမှာ အာခေါင်ဖြင့် တွယ်၍ နေသော်လည်း လျှာဖျားမှာ လွတ်လပ်စွာ ခေါက်ချည် ဖြန့်ချည် ဝဲယာအထက်အောက် လှုပ်ရှားနိုင်လေသည်။ လျှာသည် အောက်ဘက်တွင် ချောမွတ်သော အသားမြှောင် အသားမြှေးတို့ဖြင့် ဆိုင်းတွယ်လျက်ရှိပြီးလျှင် အဖျားကလေးလောက်သာ အတွယ်အဆိုင်းမရှိဘဲ လွတ်လပ်လျက်ရှိလေသည်။ အချို့သောသူတို့၌ လျှာသည် အဖျားတိုင်အောင် အောက်ဘက်မှ တွယ်လျက် ရှိသောကြောင့် လျှာကို အခြားသူတို့ကဲ့သို့ ရှည်ရှည် မထုတ်နိုင်ကြချေ။ လျှာကိုအပြင်သို့ထုတ်ခြင်း၊ ရှေ့သို့ချွန်းခြင်း၊ လုံးခြင်း၊ လှိမ့်ခြင်းတို့သည် လျှာ၌ရှိသော ကြွက်သားတို့၏ လှည့်ပတ်လှုပ်ရှားနိုင်ခြင်းကြောင့် ဖြစ်လေသည်။ စကားပြောသည့်အခါ ထစ်ခြင်း၊ ဆွံ့ခြင်း၊ အခြင်းတို့သည် လျှာတွင်ရှိသည့် ကြွက်သားများ ကောင်းစွာမလှုပ်ရှားနိုင်ခြင်းကြောင့် ဖြစ်ကြရလေသည်။
လျှာတွင် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းမှာကဲ့သို့ သွေးကြောများ အနှံ့အပြားရှိလေသည်။ လျှာ၏ အရေးကြီးသောလုပ်ငန်းရပ်မှာ အရသာခံခြင်း၊ အစာကိုဝါးရာ၌ သမအောင် လှိမ့်နယ်ကူညီပေးခြင်း၊ အစာကိုမျိုချရန် ကူညီပေးခြင်းနှင့် ပြောဆိုရယ်မောရာ၌ အသံထွက်စေခြင်းတို့ ဖြစ်၏။ လျှာသည် သတ္တဝါကိုလိုက်၍ ကွဲပြားခြားနား၏။ ပုံစံပြရလျှင် ကြောင်တွင် အစာကို အရိုးအသားခွဲခြား၍ ထုတ်ယူနိုင်ရန် ဝက်မှင်မွေးကဲ့သို့ ကြမ်းသော လျှာရှိ၏။ မြက်စားသတ္တဝါများ၌ကား မြက်ကိုသွားဖြင့် မကိုက်ဖြတ်မီ လျှာဖြင့် ခပ်များများသိမ်းယူနိုင်ရန် ကြမ်း၍ ရှည်သောလျှာရှိ၏။ ဖားနှင့် ပုတ်သင်ညိုမျိုးတို့၌မူကား အစာဖြစ်သော ပိုးမွှားများကို လျှာဖြင့်ဖမ်းလိုက်တိုင်း စေးကပ်၍ပါလာအောင် လျှာမှာရှည်၍ အစေးလူးထားသကဲ့သို့ ခပ်ထိုင်းထိုင်းဖြစ်နေသည်ကို တွေ့ရသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)