တော်သလင်းလ ကန်ရာသီတွင် မိုးလေကင်းရှင်း၍ လှိုင်းလေ ငြိမ်သက်သောကြောင့် ဧရာဝတီမြစ်အတွင်း၌ လှေပြိုင်ပွဲများကို ကျင်းပကြရိုးဖြစ်လေသည်။ သီပေါမင်းတရားလက်ထက် လှေပွဲသဘင်ကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။

ရခိုင်ရိုးရာ ၁၂ လံ ပြိုင်လောင်း

ယင်းသည့် လဆန်းတစ်ဆယ့်တစ်ရက်နေ့ နှစ်စဉ်ကျင်းပမြဲ ရေသဘင်ပွဲတော်ပြုလုပ်ရန် မှူးတော်မတ်တော် အရာရှိတို့ ရွှေမြို့တော်အနောက်မျက်နှာ ဧရာဝတီမြစ်ဆိပ်သို့ထွက်လာကြပြီးလျှင် လှေချလွှတ်ရန် သမ္ဗန်ကိုဝန်ထောက်ဝက်မစွတ်မြို့စား မင်းကြီးမင်းထင်မဟာစည်သူ သွားရောက်ဘက်စပ်ချထားရသည်။ ပထမလှေ ရှေ့ဖျားတွဲဘက်မရှိ၍ စုန်သွားစေရသည်။ ပြီးလျှင် လက်ရွှေးကြီးလက်သစ်လှော်ကားတော်ကြီးနှစ်စင်း၊ ၎င်းနောက် ပြည်လုံးအံ့နှင့်ရွေးကြီး တွဲဘက်ပြိုင်ဆိုင်စေရသည်။ ပြီးလျှင် လှော်ကားတော်စင်း ရေတစ်ဆယ့်နှစ်၊ ပြီးလျှင် ပုလိပ်ရွှေခဲ၊ အစေခံတောင်လုံး၊ ပွဲတိုင်းကျော်၊ ထွက်တိုင်းရစေသော လှော်လှေတော်စင်းရေ နှစ်ဆဲ့နှစ်၊ ပြီးလျှင် ရွှေတုံး၊ မင်းစံ၊ တောင်လုံးမှိုင်း၊ ရွှေလောင်းကြီး၊ ယင်ပုံ၊ မင်္ဂလာရန်နင်း၊ ခိုတောင်ရွှေခဲစသော ခတ်လှေတော်နှစ်ဆဲ့ ရှစ်စင်း၊ ပြီးလျှင် သုံးလူ့တောက်ပ၊ သုံးလူ့ပူဇော်စသော လောင်းတော်စင်းရေနှစ်ဆဲ့ကိုး၊ ပြီးလျှင် သေနတ်အစုအမှုထမ်းတို့ရဲလှေ စင်းရေလေးဆဲ့ငါး၊ ပြီးလျှင် မှူးတော်မတ်တော်တို့ လှော်ကားချင်း ပြိုင်ဆိုင်ရသည်။ ၎င်းလဆန်း တစ်ဆယ့်သုံးရက်နေ့ ပင်လယ်သွား စကြာယာဉ်ပျံသင်္ဘောတော်၊ ဧရာဝတီမြစ်သွားရတနာယာဉ်သာရတနာယာဉ်ပျံစကြာရန်လွှင့်စသော သင်္ဘောတော်စင်းရေ နှစ်ဆဲ့နှစ်ကို တွဲဘက်ပြိုင်ဆိုင်ရသည်။ ပြီးလျှင် အထက်နေ့က ခိုတောင်ရွှေခဲ ခတ်လှေတော်နှင့် မင်္ဂလာရန်နင်း ခတ်လှေတော် ပြိုင်ဆိုင်ရာ၊ မင်္ဂလာရန်နင်း ရှုံးနိမ့်သည်ကို စိတ်မကြေ ထပ်မံပြိုင်ဆိုင်ရန် အမိန့်တော်မြတ်ခံပြီးဖြစ်သည့်အတိုင်း၊ ၎င်းလှေတော်နှစ်စင်း ပြိုင်ဆိုင်ကြရာ၊ မင်္ဂလာရန်နင်းနိုင်၍၊ ပန်းရ သည်။ ပြီးလျှင် ရေသဘင်ပွဲတော်သိမ်းသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)