ဝင်ရိုးစွန်းစူးစမ်းရှာဖွေခြင်း

ဝင်ရိုးစွန်းစူးစမ်းရှာဖွေခြင်း (အင်္ဂလိပ်: polar exploration) ဆိုသည်မှာ ကမ္ဘာမြေ၏ မြောက်ဝင်ရိုးစွန်းဒေသဖြစ်သော အာတိတ်စက်ဝိုင်းနှင့် တောင်ဝင်ရိုးစွန်းဖြစ်သော အန္တာတိကစက်ဝိုင်းဒေသတို့အား စူးစမ်းရှာဖွေသည့် လုပ်ငန်းစဉ်ဖြစ်သည်။ သမိုင်းကြောင်းအရဆိုလျှင် စူးစမ်းလေ့လာသူများသည် ဤဝင်ရိုးစွန်းဒေသများသို့ ခက်ခဲကြမ်းတမ်းသည့် ခရီးစဉ်များကို ကိုယ်တိုင်ကိုယ်ကျထွက်ရှိကြ၍ ခြေကျင်ဖြင့်သော်လည်းကောင်း စွပ်ဖားများဖြင့်သော်လည်းကောင်း စူးစမ်းသွားလာခဲ့ကြသည်။ ခေတ်သစ်ကာလတွင် ဤစူးစမ်းရှာဖွေခြင်းများကို ဂြိုဟ်တုဓာတ်ပုံများဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ကြပြီဖြစ်သည်။

ရောဘတ်ပီယာရီနှင့် စွပ်ဖားလှည်းအဖွဲ့ကို အလံများနှင့်အတူ မြောက်ဝင်ရိုးစွန်းတွင် တွေ့မြင်ရပုံ။

လူသူမရောက်ဖူးသေး၍ ရေခဲကန္တာရကြီးဖြစ်နေသည့် ဝင်ရိုးစွန်းဒေသများသို့ စွန့်စွန့်စားစား သွားရောက် ရှာဖွေခြင်းသည် လွန်စွာခက်ခဲကြမ်းတမ်းလှသည်။ ခရစ်နှစ် ၈ဝ၀-၉ဝဝ ခန့်က အင်္ဂလန်ပြည့်ရှင် အဲလဖရက်ဘုရင်၏ အဆွေတော် နော်ဝေးလူမျိုး အော့ တား ဆိုသူ၏လက်ထက်မှအစပြု၍ ဝင်းရိုးစွန်းဒေသများသို့ သွားရောက်ရှာဖွေမှုများ စခဲ့သည် ဟုဆိုသည်။

အာတိတ်ဒေသ စူးစမ်းခြင်းများပြင်ဆင်

အော့တားသည် အာတိတ်စက်ဝိုင်းအတွင်းရှိ ပင်လယ်ဖြူကို ဦးစွာ ပထမတွေ့ရှိသူဖြစ်သည်။ အီရစ်ဆိုသူမှာ သူ့ထက်ပင်နှံ့စပ်သော နော်ဝေးလူမျိုးတစ်ဦးဖြစ်၍ သူသည် ဂရင်းလန်းကျွန်းကြီးကို ၉၈၃ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ ထိုသတင်းများသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့သွားပြီးနောက် စွန့်စားလိုသူများ ပေါ်ထွက်လာကြတော့၏ ။ ဂျာမနီ၊ ဩစတြီးယား၊ အီတလီ၊ နော်ဝေး၊ အင်္ဂလန်၊ ပေါ်တူဂီ၊ အမေရိကန်ရုရှား၊ ဆွီဒင်နိုင်ငံတို့မှ အသီးအသီးထွက်ပေါ်လာပြီးလျှင် အစိုးရကသော်လည်းကောင်း၊ တိုင်းသူပြည်သားများကသော်လည်းကောင်း စရိတ်ကြေးငွေ ထောက်ပံ့ခဲ့ကြသည်။

ထိုသို့ စွန့်စွားသွားရောက်ကြသူများစွာပေါ်ထွက်လာခဲ့ကြသည့်အနက် ထင်ရှားသူများအား အစဉ်အတိုင်းဖော်ပြရမည်ဆိုလျှင် အယ်လိဇဘက် ဘုရင်မလက်ထက်၌ မာတင်ဖရိုးဗစ်ရှားသည် ဝင်ရိုးစွန်းဒေသများသို့ သွားရောက်စဉ် အမေရိကတိုက်၏ အာတိသမုဒ္ဒရာဘက်တွင် ပင်လယ်အော် သစ်တစ်ခုကို တွေ့ရှိခဲ့၍ ထိုပင်လယ်အော်ကို သူ၏အမည်ဖြင့် ဖရိုးဗစ်ရှား ပင်လယ်အော်ဟု ခေါ်တွင်စေခဲ့သည်။

ထို့နောက်တွင် ဒိန်းမတ်လူမျိုး ဗဲရင်း၊ အင်္ဂလိပ်လူမျိုး ဒေးဗစ်ဗက်ဖင် နှင့် ဟင်နရီဟဒ်ဆန်တို့ဖြစ်ကြလေသည်။ ဟဒ်ဆန်သည် ဟဒ်ဆန်ပင်လယ်အော်ကို တွေ့ရှိခဲ့ပြီး ထိုပင်လယ်အော်သည်လည်း ၎င်း၏အမည်တွင်ခဲ့သည်။ ထိုအခါက မြောက်ဝင်ရိုးစွန်းအထိ ပေါက်ရောက်ခြင်းမရှိကြသေးသော်လည်း ဝင်ရိုးစွန်းအရပ်ဟုခေါ်သည့် အာတိတ်စက်ဝိုင်း ဒေသအတွင်းသို့လည်းကောင်း၊ အနီးအနားသို့လည်းကောင်း ပေါက်ရောက်ခဲ့ကြသည်။ သို့ရာတွင် ဗဟုသုတနည်းပါးခြင်း၊ သိပ္ပံပညာထွန်းကားခြင်း မရှိသေးသည့်အပြင် သင်္ဘောများကိုလည်း သွားရမည့်ခရီးဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်နိုင်ခြင်းမရှိသေးသဖြင့် အသွားအလာမှာ အလွန်ခက်ခဲလေသည်။

ဤသို့ အခက်အခဲများကြား၌ပင် ကပ္ပတိန် ဂျွန်ရော့စ ဆိုသူသည် ဗူးသိယကျွန်းဆွယ် အနောက်ဘက်ကမ်း၌ရှိသော မြောက်ဘက်သံ လိုက်ဝင်ရိုးစွန်းသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဆာဂျွန်ဖရန်ကလင်သည် အနောက်မြောက်ဖြတ်လမ်းကိုရှာဖွေရန် သုံးနှစ်တိုင်တိုင် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ဗူးသိယန်ကမ်းခြေ၌ပင် သင်္ဘောပျက်၍ ဇာတ်သိမ်းခဲ့၏။

ထို့နောက် ကပ္ပတိန်ရောဗတ်မက္ကလျူး ခေါင်းဆောင်သောအဖွဲ့သည် ဗန့်ကုန်းမြေဒေသအနီးတွင် သင်္ဘောပျက်၍ ရေခဲပြင်ပေါ်၌ မျောပါသွားရာ နောက်တစ်သုတ်ရှာဖွေစွန့်စားသူများက ကယ်ဆယ်နိုင်ခဲ့သဖြင့် အသက်ချမ်းသာရာရပြီးလျှင် ၁၈၅၄ ခုနှစ်တွင် အင်္ဂလန်သို့ ပြန်လည်ရောက်ရှိခဲ့၏။ သူသည် သင်္ဘောခရီးစဉ်ဖြင့် မဟုတ်စေကာမူ အနောက်မြောက်ဖြတ် လမ်းကိုတွေ့ရှိခဲ့ကာ ရေခဲပြင်ပေါ်မှ တစ်စိတ်တစ်ဒေသအားဖြင့် ဖြတ်၍လာခဲ့ကြရသောကြောင့် သူ၏စွန့်စားမှုကိုချီးကျူးသည့်အနေဖြင့် ရွှေဒင်္ဂါးပေါင် ၁ဝ,ဝဝဝ နှင့်တကွ ဆာဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဤသည်တို့ကား ၁၉ ရာစုနှစ်အတွင်း စွန့်စားရှာဖွေမှုများဖြစ်လေ သည်။ ထို့နောက် ဥရောပတိုက် မြောက်ဘက်စွန်းနယ်များနှင့် ဆိုက်ဗီးရီး ယားနယ်များသို့ ရှာဖွေကြပြီးလျှင် စဗစ်ဗားဂျင်း၊ ဖရန့်ဂျိုးဇက်လန်၊ နိုဗယာဇင်းမလယားကျွန်းများ၏ မြေပုံကြမ်းများကို ရေးဆွဲနိုင်သည့်အခြေသို့ပင် ရောက်ရှိခဲ့၏။ မြောက်ဝင်ရိုးစွန်းသို့ရောက်ရန် စွန့်စားသူများအနက် ရှေးဦးစွာထင်ရှားသူမှာ နော်ဝေးလူမျိုး သိပ္ပံပညာရှင် ဖရစ်တယော့နန်းဆန်ဖြစ်သည်။

ရေခဲတုံးများ ဖိညှပ်ခြင်းခံနိုင်၍ ရေခဲပြင်နှင့်တွေ့က သင်္ဘောကို အလိုအလျောက်ရေပေါ်သို့ ပေါ်တက်လာအောင် နည်းသစ်ထွင်၍ နန်းဆန် သည် သင်္ဘောတစ်စင်းတည်ဆောက်ပြီးနောက် ၁၈၉၃ ခုနှစ်တွင် ဆိုက်ဗီးရီးယားနယ်မြေ၏ မြောက်ဘက်၌ရှိသော ရေခဲပြင်ဒေသသို့အဖော် ၁၃ ယောက်နှင့်အတူ ထွက်ခွာသွားရာ သုံးနှစ်တိုင်တိုင် ရေခဲထဲတွင်မျောပါလျက် ရှိခဲ့သည်။ အာရှကမ်းခြေမှ အာတိတ်သမုဒ္ဒရာကိုဖြတ်၍ မျောပါလာသော သစ်တုံးများသည် နောက်ဆုံး၌ ဂရင်းလန်းကျွန်းနှင့်ဥရောပတိုက်အကြား မြောက်အတ္တလန္တိတိသမုဒ္ဒရာသို့ ရောက်လာသည်ကိုထောက်သဖြင့် ၎င်း၏သင်္ဘောသည်လည်း မြောက်ဝင်ရိုးစွန်းသို့ရောက်သွားလိမ့်မည်ဟု ဒေါက်တာနန်းဆန် တွေးဆချက်မှာ မှန်ကန်သောတွေးဆချက်ဖြစ်သော်လည်း သူတို့၏သင်္ဘောသည် မြောက်ဝင်ရိုးစွန်းသို့ရောက်အောင် မျောပါ၍မသွားသဖြင့် ထင်ကြေးနှင့် မကိုက်ဘဲဖြစ်ခဲ့၏ ။ ထို့ကြောင့် ဒေါက်တာနန်းဆန်သည် သင်္ဘောကိုထားခဲ့ပြီး အဖော်တစ်ယောက်ကိုခေါ်ကာ ဝင်ရိုးစွန်းကိုရှာဖွေရန် ထွက်ခွာခဲ့သည်။ ဝင်ရိုးစွန်းသို့မရောက်သော်လည်း မြောက်လတ္တီတွဒ် ၈၆ ဒီဂရီ ၁၄မိနစ် အရပ်သို့တိုင်အောင် ရောက်ရှိခဲ့သည်။ ထို့ထက် မိနစ် ၂ဝ ခန့်တိုး၍ မြောက်လတ္တီတွဒ် ၈၆ ဒီဂရီ ၃၄ မိနစ်သို့ရောက်ခဲ့သူများမှာ နောက်လေးနှစ်အကြာတွင်သွားရောက်သော အဗ ရုဇီးမြို့စား ခေါင်းဆောင်သည့် အီတာလျံလူမျိုးအဖွဲ့ဖြစ်သည်။

ဇွဲနပဲဖြင့် ဆက်လက်ရှာဖွေကြသူများအနက် ဆွစ်လူမျိုး မီးပုံးပျံသမား အက်(စ)အေအန်ဒရီး ဖြစ်သည်။ နန်းဆန်သင်္ဘောလွှင့်သွားပြီးနောက် လေးနှစ်မျှအကြာ ၁၈၉၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် သူသည် အဖော်နှစ်ယောက်နှင့်အတူ စပစ်ဗားဂျင်းကျွန်းမှ မြောက်ဝင်ရိုးစွန်းသို့မှန်းဆကာ မီးပုံးပျံဖြင့်တက်လေ၏။ သို့သော် ထိုလူစု၏ အကြောင်းကို နှစ်ပေါင်း ၃ဝ ကျော် ကြာမြင့်သည့်တိုင်အောင် မကြားရတော့ဘဲ ၁၉၃ဝ ပြည့်နှစ်တွင်မှ ဝှိုက်ကျွန်းပေါ်မှ သူတို့၏ အရိုးစုအကြွင်းအကျန်များကိုသာ တွေ့ရှိခဲ့ကြသည်။

အမေရိကန်လူမျိုး ရောဗတ်ပီယားရီသည် ၁၈ နှစ်တိုင်တိုင် ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင် လိုအပ်သောပန်းတိုင်သို့ ကောင်းစွာရောက်ရှိခဲ့ပြီးလ ၁၉ဝ၉ ခုနှစ်တွင် မိမိနေရင်းဌာနသို့ ပြန်နိုင်ခဲ့လေသည်။ သို့သော် အခြားအမေရိကန် တစ်ဦးဖြစ်သူ ဒေါက်တာအက်(ဖ)အေကွတ် ဆိုသူက မိမိသည်ပီယာရီထက် တစ်နှစ်ကျော် အလျင်စော၍ မြောက်ဝင်ရိုးစွန်းသို့ရောက်ခဲ့ကြောင်း ပြောဆိုလေသည်။ သို့ရာတွင် နောက်ဆုံး၌ ပီယာရီ၏ ရောက်ရှိခြင်းကိုသာ အသိအမှတ်ပြုခဲ့ကြသည်၊

အန္တာတိတ်ဒေသ စူးစမ်းခြင်းများပြင်ဆင်

တောင်ဝင်ရိုးစွန်းရှိရာ အန္တာတိတ်ဒေသကား ဥရောပတိုက်နှင့် များစွာကွာလှမ်းသည့်အပြင် ပြင်းထန်ဆိုးရွားလှသော ရာသီဥတုရှိခြင်းကြောင့် တစ်ကြောင်း၊ အလွန်မြင့်မားသောရေခဲတောင်တန်းကြီးများ ဝိုင်းရံကာဆီးလျက်ရှိခြင်းကြောင့်တစ်ကြောင်း တောင်ဝင်ရိုးစွန်းသို့ ရုတ်တရက် မရောက်နိုင်ဘဲရှိခဲ့၏။ ၁၇၇၂ ခုနှစ်မှစ၍ ရှာဖွေခဲ့ကြသော ကပ္ပတိန်ဂျိမ်းကွတ်၊ ထို့နောက် အမေရိကန် ရေတပ်ဗိုလ်မှူးကြီး ချားဝီလကီ၊ ထို့နောက် ဆာဂျိမ်းရော့ စသောပုဂ္ဂိုလ်များ၏ စွန့်စားမှုကြောင့် အတော်အတန် ပေါက်ရောက်ခဲ့ကြပြီး ၁၉ ရာစုနှစ် ကုန်လွန်သွားခဲ့သည်။

ထို့နောက် ၁၉ဝ၂ ခုနှစ်တွင် ဗြိတိသျှ ရေတပ်ဗိုလ်မှူးကြီး ရောဗတ်စကော့ဆိုသူသည် အန္တာတိတ်ကုန်းမြေဒေသပေါ်သို့ ရောက်ရှိခဲ့လေရာ ထိုဒေသ၌ အလွန်မြင့်မားသော တောင်ကြီးများနှင့် အံ့ဖွယ်ကောင်းလောက်သော ရေခဲမြစ်ကြီး များကိုတွေ့ခဲ့ရသည်။ ခုနစ်နှစ်မျှကြာသော် တောင်ဝင်ရိုးစွန်း နှင့် ၉၇ မိုင်မျှသာဝေးသော နေရာအထိ ဆာအားနက်ရှက်ကယ်လတန် ရောက်ရှိခဲ့သည်။

၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကပ္ပတိန် စကော့သည် တောင်ဝင်ရိုးစွန်းသို့ အောင်မြင်စွာရောက်ရှိသွား၏။ ဤကား သူ၏ ဒုတိယအကြိမ်ထပ်မံကြိုးစားမှုဖြစ်၏။ သို့ရာတွင် နော်ဝေးလူမျိုး မန်ဆင်ဆိုသူသည် မိမိထက် တစ်လအလျင်စော၍ ရောက်ရှိပြီးဖြစ်နေသည်ကို သိရှိရလေသည်။ ဝင်ရိုးစွန်းမှ သင်္ဘောရှိရာသို့အပြန်၌ စကော့နှင့် သူ၏လူစုမှာ တစ်ယောက်မကျန် သေကြေပျက်စီးကြသည်။ ဤသို့ဖြင့် အားမန်ဆင်သည် တောင်ဝင်ရိုးစွန်းသို့ ရောက်သူအဖြစ်ဖြင့် ဂုဏ်ယူနိုင်ခဲ့၏ ။

တောင်ဝင်ရိုးစွန်းသို့ အားမန်ဆင်ရောက်ရှိပုံမှာ ကပ္ပတိန် နန်းဆန် မြောက်ဝင်ရိုးစွန်းသို့သွားစဉ်က အသုံးပြုခဲ့သော ဖရမ်းသင်္ဘောဖြင့် ရော့ပင် လယ်ရှိ ဝေလငါးပင်လယ်အော်တွင် ဆောင်းခိုပြီးနောက် နွေဦးပေါက်သောအခါ ရိက္ခာထောက်စခန်း သုံးခုချထားကာ တောင်ဝင်ရိုးစွန်းကို ကာဆီး ထားသည့် ပေ ၁ဝဝဝဝ ခန့်မြင့်သော ရေခဲကုန်းပြင်မြင့်ကြီးကို တက်ရောက်ကျော်လွှားပြီး ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တောင်ဝင်ရိုးစွန်းသို့ ရောက်ရှိခဲ့လေသည်။ သုံးရက်ကြာမျှ တောင်ဝင်ရိုးစွန်းတွင် ကြည့်ရှုလေ့လာပြီးနောက် နေရင်းဌာနသို့ ပြန်နိုင်ခဲ့သည်။ ထို့နောက် ဝင်ရိုးစွန်းများသို့ သွားခြင်းသည် ခေတ်စားလျက်ပင်ရှိခဲ့သေး၏။

လေယာဉ်ပျံခရီးစဉ်များပြင်ဆင်

၁၉၂၆ ခုနှစ်၌ အမေရိကန်ရေတပ်အရာရှိ ရစ်ချတ်ဗတ်ဆိုသည် မေလ ၉ ရက်နေ့တွင် စပစ်ဗားဂျင်းကျွန်းမှ မြောက်ဝင်ရိုးစွန်းသို့ ပျံသန်းရာတွင် အသွားအပြန် မိုင် ၁၆ဝဝ ခန့်ရှိ၍ ၁၅ နာရီခွဲ အချိန်ကြာခဲ့၏။ ထို့နောက် သုံးရက်မျှအကြာတွင် အားမန်ဆင်သည် အီတာလျံလူမျိုးတစ်ဦးမောင်းနှင်သော လေသင်္ဘောဖြင့် မြောက်ဝင်ရိုးစွန်းသို့ ပျံသန်းပြန်ခဲ့သည်။

၁၉၂၈ ခုနှစ်တွင် ကပ္ပတိန်ဆာ ဟျူးဗတ်ဝီလကင် ဆိုသူသည်လည်း မြောက်ဝင်ရိုးစွန်းသို့ပျံသန်းခဲ့သေး၏။ နိုဗိုင်သည် ၁၉၂၈ ခုနှစ်၊ မေ လ၌ မြောက်ဝင်ရိုးစွန်းသို့ရောက်ရှိခဲ့သော်လည်း အပြန်ခရီးတွင် လေသင်္ဘောပျက်၍ လူရှစ်ယောက်သေကြေပျက်စီးရ၏။ အားမန်ဆင်နှင့် အဖော်ငါးယောက်တို့သည် ထိုသူများအားလိုက်၍ကယ်ဆယ်ရာတွင် သေဆုံးပျက်စီးရပြန်လေသည်။

အန္တာတိတ်ဒေသရှာဖွေမှုများမှာ ၁၉၂၈ ခုနှစ်မှစ၍ ရှေးကထက် တိုးတက်လာခဲ့ပြီး အမေရိကန်ရေတပ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော ရစ်ချတ် ဗတ်ဆိုသူသည် ပေါင်နှစ်သိန်းကျော်အကုန်ခံကာ နှစ်နှစ်တိုင်တိုင် စူးစမ်းရှာ ဖွေခဲ့၏။ ၁၉၂၉ ခုနှစ် နိုဝင်ဘာလ၌ အဖော်သုံးဦးနှင့်အတူ တောင်ဝင်ရိုး စွန်းဒေသပေါ်သို့ လေယာဉ်ပျံဖြင့် မိုင်ပေါင်း ၁၆ဝဝ ခန့်ခရီးကို ၁၉နာရီနှင့်ပျံသန်းခဲ့၏။ သို့ဖြင့် ထိုဒေသ၏မြေပုံအကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံအတွက် စတုရန်းမိုင် တစ်သိန်းခွဲခန့်ရှိ နယ်ပယ်သစ်များကို သိမ်းသွင်းနိုင်ခဲ့လေသည်။

ကနေဒါနိုင်ငံက မိမိ၏နိုင်ငံ မြောက်ဘက်ကမ်းခြေနှင့် ဝင်ရိုးစွန်း အတွင်းရှိ ကုန်းမြေအားလုံးကို မိမိပိုင်ဆိုင်ကြောင်းနှင့် အခိုင်အမာ ကြေညာခဲ့ ၏။ အမေရိကန်ပြည်ထောင်စု၊ ဒိန်းမတ်၊ နော်ဝေးနိုင်ငံတို့ကလည်း ကျယ်ဝန်းသောဒေသ အသီးအသီးကို မိမိတို့ပိုင်ဟု ကြေညာကြ၏။ ဤသည်တို့အနက် ရုရှားနိုင်ငံ၏ပိုင်နက်မှာ အကျယ်ဝန်းဆုံးဖြစ်သည်ကို တွေ့ရလေသည်။

၁၉၃၇ ခုနှစ်ကပင် ရုရှားလူမျိုးတစ်စုသည် မြောက်ဝင်ရိုးစွန်းအနီးတွင် ဝိုင်ယာလက်စကားပြောစက် စခန်းတစ်ခုကိုဖွင့်လှစ်ခဲ့သည်။ သို့ဖြင့် အာတိတ်သမုဒ္ဒရာ ကမ်းခြေတစ်ဝိုက်သည် ကူးသန်းရောင်းဝယ်ရေး အမြင်ဖြင့်လည်းကောင်း၊ စစ်ပရိယာယ်အမြင်ဖြင့်လည်းကောင်း၊ ဗဟုသုတဆိုင်ရာ သုတေသနလုပ်ငန်းအမြင်ဖြင့်လည်းကောင်း၊ ကမ္ဘာပေါ်တွင် အရေးကြီးဆုံးဒေသများအနက် တစ်ခုအပါအဝင်ဖြစ်လာခဲ့လေသည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)