နိုင်ငံအသီးအသီးတွင်မျိုးရင်းချင်းမတူသော်လည်း အလေ့အကျင့်ချင်း ပုံသဏ္ဌာန်ချင်းတူညီသော ပိုးမွှားစားငှက်ငယ်အမျိုးမျိုး တို့ကို ဝါးဗလားငှက်မျိုးဟုခေါ်ကြသည်။ ဝါးဗလားငှက်မျိုးကို မြင်နိုင်ခဲ၏။ ထိုသို့ဖြစ်ရသည်မှာ ထိုငှက်များသည် သေးငယ်ကြသည့်အပြင် သစ်ပင်နှင့် ချုံပင်များရှိအရွက်များနှင့် ကပ်၍နေလေ့ရှိကြခြင်းကြောင့်ဖြစ်သည်။ ဝါးဗ လားငှက်မျိုးတွင် အရောင်အမျိုးမျိုးရှိကြသည်။ လှုပ်ရှားမှုမှာလည်း လျင်မြန် ပြီးလျှင် ရှောင်တစ်ခင်ပြုလုပ်လေ့ရှိကြသည်။ ယင်းတို့၏အသံသည် များ သောအားဖြင့် သာယာ၍ စူးရှပြီးလျှင် အပြောင်းအလဲမြန်သည်။ ထို့ကြောင့် ငှက်သံကိုနှစ်သက်သူများသည် ယင်းတို့၌ စိတ်ဝင်စားကြပြီးလျှင် ယင်းတို့ ၏အသံကြောင့် ဝမ်းမြောက်ကြလေသည်။

ဝါးဗလားငှက်မျိုးအမြောက်အမြားသည် အမေရိကန် ပြည်ထောင် စု တောင်ပိုင်းနှင့် အလယ်ပိုင်းတို့၌ ဆောင်းရာသီ၌နေထိုင်ကြပြီးလျှင် နွေကူး ရာသီနောက်ကျကျတွင် အမေရိကန်ပြည်ထောင်စုကိုဖြတ်ကာ နယ်ပြောင်းရွှေ့ ကြသည်။ မေလတွင် တောအုပ်များ၊ မြို့ကြီးများအတွင်းရှိ ပန်းခြံများနှင့် အဆောက်အအုံများအနီးရှိ သစ်ပင်များတွင် ဝါးဗလားငှက်မျိုးများကို စ၍ မြင်နိုင်သည်။ ဝါးဗလားငှက်မျိုးအမြောက်အမြားသည် မြောက်ဘက်သို့ သား ငယ်များပေါက်ဖွားရန် ရွှေ့ပြောင်းလေ့ရှိကြရာ၊ အချို့သည် မြောက်ဘက်သို့ ဟဒ်ဆန်ပင်လယ်အော်နှင့် ယူးကွန်းဒေသများတိုင်အောင် သွားကြသည်။ အချို့ကမူ တောင်ဘက်ရှိ ပြည်နယ်များ၌ပင် အသိုက်များကို ပြုလုပ်ကြလေ သည်။

ဝါးဗလားငှက်မျိုး၏ အသိုက်သည် များသောအားဖြင့် ခွက်ပုံ သဏ္ဌာန်ဖြစ်ပြီးလျှင် ယင်းကို သစ်ပင်၌ဖြစ်စေ၊ ချုံတွင်ဖြစ်စေ၊ မြေကြီးပေါ် တွင်ဖြစ်စေ ပြုလုပ်လေ့ရှိသည်။ အသိုက်ကို သစ်ခက်နှင့် မြက်များကို ရောထွေး၍ ပြုလုပ်လေ့ရှိသည်။ အချို့ကို သစ်ပင်ရှိ အရွက်နုများဖြင့် ကျကျနနပြုလုပ်တတ်သည်။ ငှက်မသည် သုံးလုံးမှ ခြောက်လုံးအထိရှိသော ဥများကို အုလေ့ရှိသည်။ အရောင်မှာ ဖြူရောင်ရောင်ဖြစ်ပြီးလျှင် အရင်း ပိုင်းတွင် အညိုရောင်အမှတ်အသားများပါရှိသည်။ ဝါးဗလားငှက်မျိုး၏ အသံသည်များသောအားဖြင့် သာယာ၍ အချို့၏ အသံသာလျှင် မပီမသရှိတတ်ကြသည်။ ဝါးဗလားငှက်မျိုးတွင် မျိုး စိတ်ပေါင်း ၁၅ဝ ကျော်ရှိသည်။

ဝါးဗလားငှက်မျိုးသည် တောင်ယာလုပ်ကိုင်သူများအား များစွာ အကူအညီပေးသည်။ ယင်းတို့သည် အပင်နှင့် အသီးများကို အန္တရာယ်ဖြစ် စေသည့် ပိုးကောင်များကို သတ်ဖြတ်ပေးကြသည်။ အရွယ်သေးငယ်ကြ သဖြင့် အပင်၏အခေါက်များအကြားတွင် ပိုးကောင်များကို ရှာဖွေစား သောက်နိုင်သည့်အပြင် အသီးဖူးကလေးများရှိ ပိုးကောင်များကိုလည်း ဖမ်းယူစားသောက်ပေးကြသေးသည်။

ဗြိတိန်နိုင်ငံရှိ ဝါးဗလားငှက်မျိုးတို့သည် အမွှေးအတောင်လှပ သည်ထက် သာယာစွာ အော်မြည်တတ်ခြင်းကြောင့် လူများက ယင်းတို့အား စိတ်ဝင်စားကြသည်။ ထိုငှက်များသည် ဗြိတိန်နိုင်ငံသို့ မတ်လအလယ် လောက်မှစတင်၍ ရောက်ရှိလာကြသည်။

ကမ္ဘာဟောင်းတွင် တွေ့ရှိရသော ဝါးဗလားငှက်မျိုးတို့သည် ပက် စာရင်းငှက်များပါဝင်သော မျိုးစဉ်ကြီးအတွင်းရှိ ဆီလဗိုင်အီဒီး မျိုးရင်းဝင် ငှက်များဖြစ်ကြလေသည်။ မြောက်အမေရိကတိုက်ရှိ ဝါးဗလား ငှက်မျိုးတို့ သည် အရောင်အဆင်း လှပကြပြီးလျှင် ပို၍အားနည်းသည့် ငှက်များဖြစ်ကြ လေသည်။ ထိုငှက်များသည် စာဖြူ စာမည်း စသည့်ငှက်မျိုးနှင့်လည်း ကောင်း၊ မြေလူးငှက်များနှင့်လည်းကောင်း သာ၍နီးစပ်ကြသည်။ မနီယိုတီ လတီဒီး မျိုးရင်းဝင်ဖြစ်လေသည်။

မြန်မာနိုင်ငံတွင်လည်း ဝါးဗလားငှက်မျိုး အတော်များများရှိလေ သည်။ သို့သော် ထိုငှက်မျိုးအနက် ငှက်လက်မကိုသာ သိသူများသည်။


ငှက်လက်မသည် ပက်စာရီဖောမီး မျိုးစဉ်တွင် ဆီလဗိုင် အီဒီး မျိုးရင်း၌ ပါဝင်လေသည်။ ယင်းကို ပါဏဗေဒအလိုအားဖြင့် ပရီနီ ယာအင်အောနေတာ ဗလန်ဖောဒီး ဟု ခေါ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)