ဝိဇ္ဇောတာရုံဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတမဟာထေရ် (၅ မတ် ၁၉၃၀ – ၂၀ မတ် ၂၀၂၂) သည် ပန္နရသမ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယကဖြစ်သည်။[၁] ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဝိဇ္ဇောတာရုံ ပရိယတ္တိစာသင်တိုက်၏ ကျောင်းတိုက်တည် ပဓာနနာယကဖြစ်ပြီး၊ အဘိဓဇမဟာရဋ္ဌဂုရုအဂ္ဂမဟာပဏ္ဍိတအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံရသူ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်လည်း ဖြစ်သည်။[၂]

မြောင်းမြမြို့၊ ပဇ္ဇောတာရုံကျောင်းတိုက်၌ ပါဠိတက္ကသိုလ်ကထိကအဖြစ်လည်းကောင်း၊ ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေး၌ မရမ်းကုန်းမြို့နယ် ရွှေကျင်ဂိုဏ်း၏ ဝိနည်းဓိုရ်အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်၊ တတိယအကြိမ် အစည်းအဝေးများ၌ မရမ်းကုန်းမြို့နယ် ရွှေကျင်ဂိုဏ်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကမ္ဘာအေးစေတီတော် ဩဝါဒါစရိယအဖြစ်လည်းကောင်း၊ ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်၊ ရန်ကုန်တိုင်း ဝိနည်းပြန်ဌာန ဒုတိယဂိုဏ်းချုပ်ဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။[၃] ၂၀၁၅ ခုနှစ်ကကျင်းပသည့် (၁၉) ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးတွင် မတ္တရာသူဌေးဆရာတော် အရှင်မာနိတသိရီဘိဝံသ၊ သီတဂူဆရာတော် အရှင်ဉာဏိဿရတို့နှင့်အတူ တွဲဖက်ရွှေကျင်သာသနာပိုင်အဖြစ် တင်မြှောက်ခံရသည်။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် (၁၄) ပါးမြောက် သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော် ဘဒ္ဒန္တအဂ္ဃိယမဟာထေရ် ပျံလွန်တော်မူသောအခါ (၁၅) ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဖြစ်လာခဲ့သည်။[၄]

သာသနာတော်အကျိုး များစွာသယ်ပိုးရွက်ဆောင်တော်မူသည်ဖြစ်၍ နိုင်ငံတော်အစိုးရက ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့သည်။[၅]

ဤသို့လျှင် ရွှေကျင်နိကာယ ဓမ္မသေနာပတိဖြစ်တော်မူသော ပန္နရသမ သာသနာပိုင် ဝိဇ္ဇောတာရုံဆရာတော်သည် သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါအရ၊ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၀) ရက် (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆုတ် (၄) ရက်) နေ့တွင် တစ်ဘဝခန္ဓာ ချုပ်ငြိမ်းတော်မူသည်။[၃]

ကိုးကား ပြင်ဆင်ရန်