ဝါဆိုဆရာတော်
ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် အဖြစ် လူသိများသော အရှင် အဂ္ဃိယသည် မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်၍ စုဒ္ဒသမ (၁၄ ပါးမြောက်) ရွှေကျင်သာသနာပိုင် ဆရာတော်တစ်ပါးဖြစ်သည်။
ဦးအဂ္ဃိယ | |
---|---|
ဦးအဂ္ဃိယ (ဝါဆိုဆရာတော်) | |
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
အခြားအမည်များ | ရွှေကျင်သာသနာပိုင် ဇယမေဒနီဝါဆိုဆရာတော် |
ဓမ္မအမည် | အဂ္ဃိယ |
ပုဂ္ဂိုလ်ရေးရာ | |
မွေးဖွား | မောင်အောင်ဆန်း ဧပြီ ၉၊ ၁၉၁၇ စစ်ကိုင်းတိုင်း၊ လင်းယဉ်ရွာ |
ကွယ်လွန် | ၁၄ ဖေဖော်ဝါရီ၊ ၂၀၁၇ မန္တလေးမြို့ | (အသက် ၉၉)
ရာထူး တာဝန် | |
ဌာန | မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုကျောင်း။ |
ဂုဏ်ဒြပ် | ရွှေကျင်သာသနာပိုင် |
ယခင် | ညောင်ရွှေကန်ကြီး ဆရာတော် |
ဆက်ခံ | ဝိဇ္ဇောတာရုံ ဆရာတော် |
ဘာသာရေးရာ | |
ဆရာ(များ) | ရွှေကျင်သာသနာပိုင် စံကင်းဆရာတော် |
ထေရုပ္ပတ္တိအကျဉ်း
ပြင်ဆင်ရန်ငယ်စဉ်ဘဝ
ပြင်ဆင်ရန်ဆရာတော်လောင်းလျာကို ၁၉၁၇ ဧပြီ ၉ ရက် (မြန်မာသက္ကရာဇ် - ၁၂၇၉ ခုနှစ် ဦး တန်ခူးလပြည့်ကျော် ၁၀ ရက်) တနင်္ဂနွေနေ့တွင် စစ်ကိုင်းမြို့နယ် လင်းယဉ်ရွာတွင် မွေးဖွားခဲ့သည် မိဘများမှာ ဦးပုကြီးနှင့် ဒေါ်တွယ်မိ တို့ဖြစ်၍ မွေးချင်း ၁ဝ ယောက်အနက် ၅ ယောက်မြောက် သားဖြစ်ကာ ငယ်နာမည်မှာ မောင်အောင်ဆန်းဖြစ်သည်။[၁]
၁၉၂၈ အသက် (၁၁)နှစ်အရွယ်တွင်[၂] ဦးလေးတော်စပ်သူ[၁] ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေဝတ်ခဲ့သည်။ ၁၉၃၆ တွင် စံကင်းဆရာတော်ထံပါး၌ပင် ရဟန်းအဖြစ်သို့ ခံယူသည်။[၃]
ဆရာတော်သည် မဟာဝိဟာရကျောင်း ဆရာတော် ဘဒ္ဒန္တကေသရ၊ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ ကန်ကြီးကုန်းရွာဦးကျောင်း ဆရာတော်ဘဒ္ဒန္တရေဝတ၊ သဗြူးဆရာတော်ဘဒ္ဒန္တဥတ္တမ၊ အမရပူရမြို့မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၊ မန္တလေးစည်ရှင်ဆရာတော်၊ မင်းကွန်းရန်ကင်းချောင်းဆရာတော်တို့ထံ၌ပရိယတ္တိစာပေများကိုသင်ယူခဲ့သည်။ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ကိုရရှိတော်မူခဲ့သည်။[၃]
သာသနာဆိုင်ရာ ဆောင်ရွက်မှုများ
ပြင်ဆင်ရန်ဆရာတော်သည် မန္တလေးမြို့ ပါဠိပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲတို့၏ ကြီးကြပ်ရေးဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သည်။ ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်လည်း ဖြစ်၏ ။ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်နှင့် ဒုတိယအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဖြစ် ထမ်းရွက်ခဲ့ကာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးလည်း ဖြစ်ခဲ့သည်။
ရွှေကျင်နိကာယ သာသနာပိုင်
ပြင်ဆင်ရန်၁၃၁၄ ခုနှစ် အဋ္ဌမအကြိမ် ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေးတွင် ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက အဖွဲ့ဝင်အဖြစ် တင်မြှောက်ရွေးချယ်ခံရရသည်။ ဒွါဒသမအကြိမ်အစည်းအဝေးတွင်အကျိုးတော်ဆောင်ချုပ်အဖြစ်လည်းကောင်း ပန္နရသမအကြိမ်တွင် ဥပဥက္ကဋ္ဌဆရာတော်အဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရ၏ ။ ၁၃၆၅ ခုနှစ် ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေးမှ အရှင် အဂ္ဃိယကို ရွှေကျင်နိကာယအဓိပတိဥက္ကဋ္ဌ၊ မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမရွှေကျင်သာသနာပိုင် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။[၃][၂]
ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုကျောင်းတွင် သီတင်းသုံးတော်မူခဲ့သည်။[၄]
ပျံလွန်တော်မူခြင်း
ပြင်ဆင်ရန်ရွှေကျင်သာသနာပိုင်ဖြစ်သော အရှင် အဂ္ဃိယသည် ၂၀၁၇ ဖေဖော်ဝါရီ ၁၄၊ သက်တော် (၁၀၀) ဝါတော် (၈၁) အရောက်၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ တွင် မန္တလေးမြို့ရှိ ရွှေမန်းတောင် အားကစားကွင်း၌ ပြုလုပ်ခဲ့ကြသည်။ ဈာပနာအခမ်းအနားသို့ မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့်၊ တိုင်းအဆင့် ထိပ်တန်း ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ [၅]
ဘွဲ့တံဆိပ်များ
ပြင်ဆင်ရန်နိုင်ငံတော်မှ ဆရာတော်ကြီးကို သက္ကရာဇ် (၂၀၀၀) တွင် သာသနာဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ချီးမြင့်ခဲ့၍ ၂၀၀၄ ၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ် ဆပ်ကပ်လှူဒါန်းခဲ့သည်။[၃]
၂၀၁၁ နိုဝင်ဘာ ၂၃ တွင် ထိုင်နိုင်ငံ၏ သံဃရာဇာဖြစ်သော မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်က စုဒ္ဒသမရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကို "ပညာပါရဂူဘွဲ့" အား ဆပ်ကပ်လှူဒါန်းခဲ့သည်။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ပျံလွန် (14 February 2017)။ 21 August May 2020 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ထက်သာဦး, စည်သူလင်း (18 February 2017)။ ရွှေကျင်သာသနာပိုင်-ဝါဆိုဆရာတော်ကြီး-ဈာပနသို့-ရဟန်းရှင်လူသိန်းချီပို့ဆောင်။ 21 August May 2020 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ ဖေဒီ (23 December 2017)။ ၂၀၁၇ အနိစ္စတံခါးကို ဖွင့်သွားသူများ။ 29 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 August May 2020 တွင် ပြန်စစ်ပြီး။
- ↑ သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်း။
- ↑ ရွှေကျင်သာသနာပိုင် အန္တိမအဂ္ဂိဈာပန စည်ကားစွာကျင်းပ (18 February 2017)။ 21 August May 2020 တွင် ပြန်စစ်ပြီး။
- ↑ ထိုင်းသံဃရာဇာ ဆရာတော်ကြီးက ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးအား ပညာပါရဂူဘွဲ့ ဆက်ကပ်, Myanmar Gazette, 25 November 2011။ 29 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 July 2021 တွင် ပြန်စစ်ပြီး။