ဝဿိကသာဋိကသိက္ခာပုဒ်
အမှု—အတိုင်းအရှည်လွန်သော မိုးရေခံသင်္ကန်းကို ဆောင်ယူ (ပြုလုပ်)မှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
ရဟန်းများ မိုဃ်းရေချိုးခြင်း
ပြင်ဆင်ရန်ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူစဉ် မိုဃ်းကြီးသည် လေးကျွန်းလုံးအနှံ့ ရွာချလေ၏၊ ထိုအခါ ဘုရားရှင်သည် ရဟန်းတို့ကို မိုဃ်းရေချိုးကြဘို့ရန် “ရဟန်းတို့— ဤမိုဃ်းကြီးသည် ဇေတဝန်ကျောင်းတိုက်မှာ ရွာသကဲ့သို့ လေးကျွန်းလုံး၌ ရွာ၏၊ လေးကျွန်းလုံး အနှံ့ ရွာသောမိုဃ်းတွင် ဤမိုဃ်းကြီးသည် နောက်ဆုံးဖြစ်၍ သင်တို့ ကိုယ်ကို မိုဃ်းစွတ် ခံလိုက်ကြ”ဟု မိန့်တော်မူ၏၊ ထိုအခါ ရဟန်းအများပင် သင်္ကန်းကို ချထား၍ ကိုယ်ကို မိုဃ်းစွတ်ခံကြလေ၏၊ ထိုအချိန်ကား သင်္ကန်းပေါများသော အချိန်မဟုတ်၊ ထိုကြောင့် ရေလဲသင်းပိုင် အပိုမရှိရကား ကိုယ်တုံးလုံးဖြင့် မိုဃ်းရေချိုးနေကြလေသည်။ [၁]
ကျွန်မ အထင်မှားပုံ
ပြင်ဆင်ရန်ထိုနေ့ ထိုရက်ကား ဘုရားရှင် ဒေသစာရီ လှည့်လည်၍ ပြန်ရောက်ပြီး နောက်တရက်ဖြစ်၏၊ ဝိသာခါသည် မနေ့ကပင် ဘုရားထံသို့ ချဉ်းကပ်၍ သံဃာကုန် ဆွမ်းဘုဉ်းပေး ပင့်ထား၏၊ ထိုကြောင့် နံနက်စောစော၌ မွန်မြတ်သော ဆွမ်းဘောဇဉ်ကို စီစဉ်၍ ကျွန်မအား ဆွမ်းကျက်ပြီး ဖြစ်ကြောင်း လျှောက်ဘို့ရန် စေလွှတ်လိုက်လေ၏၊ ကျွန်မသည် ဝိသာခါ၏ အမိန့်ဖြင့် ကျောင်းတိုက်သို့ ရောက်သွားသောအခါ အဝတ်မပါဘဲ ရေချိုးနေကြသော ရဟန်းတော်များကို တိတ္ထိတွေ ထင်မှတ်၍ ပြန်လာပြီးလျှင် ကျောင်းတိုက်မှာ ရဟန်းတော်များ မရှိကြောင်း, တိတ္ထိတွေ ရေချိုးနေကြကြောင်းကို ဝိသာခါအား ပြောပြလေသည်။ [၁]
ဝိသာခါ ဉာဏ်ရှိပုံ
ပြင်ဆင်ရန်ထိုသို့ ကျွန်မကပြောသော်လည်း ဝိသာခါသည် ကိုယ်တော်များ၌ သင်္ကန်းအပို မထားကြောင်းကို သိပြီးဖြစ်ရကား “ဧကန်မုချ ကျွန်မ နားမလည်၍ ပြောခြင်းဖြစ်လိမ့်မည်, ကိုယ်တော်များ ရေချိုးကြဟန်တူသည်”ဟု တွေးပြီးလျှင် “ထို ကျွန်မကိုပင် တဘန်ပြန်၍ အလျှောက်ခိုင်းပြန်လေသည်၊ ထိုကဲ့သို့ စေခိုင်း၍ ကျွန်မ ရောက်သွားသောအခါ၌ကား ကိုယ်တော်များလည်း ရေချိုးပြီးဖြစ်၍ မိမိဆိုင်ရာကျောင်းခန်းတွင်းသို့ ဝင်နေကြလေရာ, ကျွန်မသည် ရဟန်းတပါးမျှ မတွေ့သောကြောင့် ပြန်လာ၍ “ကျောင်းတိုက်မှာ ရဟန်းတပါးမျှမရှိ”ဟု ပြောပြန်လေသည်။ [၁]
ဘုရားရှင် ကြွလာခြင်း
ပြင်ဆင်ရန်ထိုအခါ ဝိသာခါသည် “ကိုယ်တော်များ ကျောင်းခန်းတွင်းဝင်၍ ငြိမ်သက်စွာ နေတော်မူကြဟန် တူသည်၊ သူနားမလည်လို့သာ ကိုယ်တော်များမရှိဟု ပြောခြင်း ဖြစ်လိမ့်မည်”ဟု တွေး၍ ထိုကျွန်မကိုပင် ထပ်၍ လွှတ်ပြန်လေသည်။ ထိုအချိန်၌ကား ဗုဒ္ဓမြတ်စွာသည် ရဟန်းတို့အား သပိတ်သင်္ကန်းကို အသင့် ပြင်ကြတော့, ဆွမ်းအချိန်တန်ပြီ”ဟု မိန့်တော်မူ၍ ရဟန်းများနှင့်အတူ ဝိသာခါ၏ အိမ်သို့ တန်ခိုးဖြင့် ကြွတော်မူလေသည်။ [၁]
မိုးရေခံသင်္ကန်း ခွင့်ပြုတော်မူခြင်း
ပြင်ဆင်ရန်ဝိသာခါသည် ထိုသို့တန်ခိုးဖြင့် . ကြွတော်မူလာကြသော ဘုရားအမှူးရှိသော သံဃာတော်များကို ဝမ်းမြောက်ဝမ်းသာ ဆွမ်းကပ်ပြီးနောက် “သင်္ကန်းမပါဘဲ ရေချိုးကြသော ရဟန်းများကို တိတ္ထိတွေ”ဟု ကျွန်မ၏ အထင်မှားပုံကို လျှောက်ပြီးလျှင် မိုဃ်းရေခံ သင်္ကန်းကို လှူဒါန်းလိုပါကြောင်း လျှောက်ထားလေသည်၊ [အာဂန္တုကဘတ် (ဆွမ်း) လှူလိုပါကြောင်း စသည်ကိုလည်း တဆက်ထည်း လျှောက်လေ၏၊] ထိုလျှောက်ထားချက်အရ ဘုရားရှင်သည် ဤမိုဃ်းရေခံသင်္ကန်းကို ခွင့်ပြုတော်မူရလေသည်။[၁]
ပမာဏလွန်အောင် ပြုလုပ်မှု
ပြင်ဆင်ရန်ထိုသို့ မိုဃ်းရေခံသင်္ကန်းကို ခွင့်ပြုတော်မူပြီးသောအခါ ပြုလုပ်မှ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် အတိုင်းအရှည် ပမာဏမရှိ-ကြီးချင်တိုင်းကြီးသော မိုဃ်းရေခံသင်္ကန်းကို ချုပ်လုပ်ကြပြီးလျှင် ရှေ့ရော နောက်ပါ တရွတ်ဆွဲလျက် လှည့်လည်ကြသောကြောင့် အတိုင်းအရှည် ပမာဏကို ညွှန်ပြ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ဝဿိကသာဋိကံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော ဆ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ အဍ္ဎတေယျာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်မိုဃ်းရေခံ သင်္ကန်းကိုပြုစေလိုသော ရဟန်းသည် ပမာဏနှင့်ယှဉ်သော မိုဃ်းရေခံသင်္ကန်းကို ပြုစေထိုက်၏၊ ထိုမိုဃ်းရေခံ သင်္ကန်း၏ ပမာဏကား ဘုရားရှင် အထွာတော်ဖြင့် အလျားမှ ၆-ထွာ အနံမှ ၂- ထွာခွဲဖြစ်၏၊ ထိုပမာဏကို လွန်၍ ပြုစေသော ရဟန်းအား ဖြတ်ခြင်းရှိသော ပါစိတ်အာပတ် သင့်၏။ [၁]
မှတ်ချက်
ပြင်ဆင်ရန်မိုဃ်းရေခံသင်္ကန်းသည် ရေချိုးအိမ်အတွင်း မြစ်ချောင်း အတွင်း၌ ရေချိုးခြင်းမျိုးမဟုတ်၊ ကိုယ်ကိုကျန်းမာ ခန့်ကျမ်းအောင် မိုဃ်းရွာနေ့စဉ် လွင်ပြင်၌ ကိုယ်ကို မိုဃ်းစွတ်စေခြင်း မိုးရေချိုးခြင်းဖြစ်၏။ ထိုသို့ လွင်ပြင် ဖြစ်သောကြောင့်ပင် ထိုမိုဃ်းရေခံ အဝတ်တပိုင်းကို ဝတ်၍ တပိုင်းကို အထက်ပိုင်းကိုယ်မှာ လွှမ်းခြုံထားဘို့ရာ အလျားရှည်ရှည် ခွင့်ပြုတော်မူရလေသည်။ သင်္ကန်းဆိုသော်လည်း နဂိုသင်္ကန်းများကဲ့သို့ အဝါရောင် ဖြစ်လာအောင် ဆိုးမှ အပ်သည်မဟုတ်၊ ဆင်စွယ်ရောင်ကဲ့သို့ တကြိမ်မျှ ဆိုးလျက် အဖြူရောင်ပျက်လျှင်ပင် ဝတ်ကောင်းပြီ။[၁]