သင်ပေါင်းပင်

အပင် မျိုးစိတ်
Phoenix paludosa
A tiger looks out from a forest of mangrove date palms in the Sundarbans National Park, in India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Arecales
မျိုးရင်း: Arecaceae
မျိုးဇာတ်: Phoeniceae
မျိုးစု: Phoenix
မျိုးစိတ်:
P. paludosa
ဒွိနာမ
Phoenix paludosa
Roxb.
Synonyms[၁]
  • Phoenix andamanensis W.T.Mill., J.G.Sm. & N.Taylor bis
  • Phoenix siamensis Miq.

သင်ပေါင်းပင်သည် ထန်းမျိုးတွင်ပါဝင်၍ မျိုးရင်း၏အမည်မှာ ပါလမေစီအီး ဖြစ်သည်။ စွန်ပလွံပင်နှင့်မျိုးခွဲတူသည်။ မျိုးစိတ်ကွဲများ ရှိရာ ရုက္ခဗေဒအမည်အားဖြင့် ဖီးနစ်အကောလစ် ဟူ၍ လည်းကောင်း၊ ဖီးနစ်ပလူဒိုဆာဟူ၍ လည်းကောင်း၊ ဖီးနစ်ဟျူးမီလစ် ဟူ၍ လည်းကောင်းခေါ်သည်။ ဖီးနစ်အကောလစ် သင်ပေါင်းမျိုး(အညာသင်ပေါင်း)သည် အင်တိုင်းတောများ၌ပေါက်သည်။ ဖီးနစ်ပလူဒိုဆာသင် ပေါင်းမျိုးသည် ဒီရေတောများ၌ ပေါက်သည်။ ဖီးနစ်ဟျူးမီလစ် သင်ပေါင်းမျိုးသည် မြန်မာနိုင်ငံ တောင်ပေါ်ဒေသ ဝက်သစ်ချတော နှင့် ထင်းရှူးတောများတွင်ပေါက်သည်။

သင်ပေါင်းပင်တို့သည် ရာသီဥတု၏ ဒဏ်ကိုခံနိုင်ရည်ရှိကြသည်။ အင်တိုင်းတော၊ ထင်ရှူးတောများတွင် နှစ်စဉ် တောမီးလောင်ခံ ရသည့်တိုင်အောင် အပင်များ ပြန်၍ ပြန်၍ သန်သန် စွမ်းစွမ်းပေါက်သည်။ အချို့သောသင်ပေါင်းမျိုးတို့သည် အမြစ်ပွားမှ အပင်ပွားများ အစုလိုက်ထွက်လေ့ရှိရာ မူရင်းပင်စည်ကို မီးလောင်၍ လည်းကောင်း၊ ထိခိုက်၍ လည်းကောင်း၊ အနာတရဖြစ်သွားသောအခါ ပင်ပွားများကို တွေ့နိုင်လေသည်။ သင်ပေါင်းပင်သည် အခြားထန်းမျိုးတို့နည်းတူပင်စည်မှ အကိုင်းအလက်များ ထွက်ခဲသည်။ တစ်ခါတစ်ရံမှသာ ခွကိုင်းများရှိတတ်သည်။ ထန်းမျိုးများတွင် တွေ့ရလေ့ရှိသည့်အတိုင်း ပင်စည်၌ အရွက်ဟောင်း၏ အရာများကို ခပ်စိပ်စိပ်တွေ့နိုင်သည်။ အပင်၏အမြင့်သည် ၁၂ပေခန့်အထိရှိနိုင်၍ ပင်စည်၏အချင်းမှာ ကိုးလက်မခန့်အထိ ရှိနိုင်သည်။ အင်တိုင်းတောများတွင် ပေါက်သော အညာသင်ပေါင်းမျိုး (ဖီးနစ်အကောလစ်)သည် ပင်စည်ပို၍ တုတ်ပြီးလျှင် အပင်နိမ့်သည်။ ပင်စည်တွင် ရွက်ဟောင်းများမှကျန်ရစ်သော အလက်တိုကလေးများဖြင့် ပြည့်နှက်နေတတ်သည်။ သင်ပေါင်းရွက်တို့သည် ပင်စည်ထိပ်ပိုင်း၌ စုပြုံ၍ ထွက်သည်။ ယင်းတို့သည် ငှက်မွေ့းပုံရွက်ပေါင်းဖြစ်၍ ရွက်မြွာကလေးတို့သည် တစ်တောင်ခန့်အထိရှည်သည်။ ရွက်ရိုးအောက်ပိုင်းရှိ ရွက်လက်ကလေးများသည် ဆူးသဖွယ် တောင့်တင်းချွန်မြနေပြီးလျှင် မာကြောသည်။

သင်ပေါင်းပင်သည် အဖိုအမသီးခြားပွင့်သည်။ သီးခြား သီးသည်။ ဖီးနစ် ဟျူးမီလစ်၏ အမပွင့်ခိုင်သည် နှစ်ပေမှ လေးပေအထိရှည်သည်။ လက်မဝက်ခန့်ရှိ ခိုင်တံပေါ်တွင် လက်မဝက်ခန့်ရှိ အသီးများသည် ပြည့်နှက်စွာ သီးလေ့ရှိသည်။ အသီးများသီးစတွင် အဝါရောင်ရှိ၍ ထိုနောက်မှည့်လာသည့်အခါ မည်းနက်သွားသည်။ ထိုအသီးများကို စားသုံးနိုင်၍ အစေ့သည် စွန်ပလွံစေ့ကဲ့သို့ အလျားလိုက်ချိုင့်မြောင်းတစ်ခုပါသည်။

အညာသင်ပေါင်းမျိုး (ဖီးနစ်အကောလစ်)အသီးခိုင်သည် တို၍ အသီးများသည်။ ၂/၃ လက်မ အထိသာကြီးထွားနိုင်သည်။ သင်ပေါင်းမျိုးတို့မှ ထန်းရည်ထုတ်ယူသကဲ့သို့ အချိုရည်ထုတ် ယူနိုင်ရာ၊ ထိုအချိုရည်ကိုသကြားချက်၍လည်းကောင်း၊ သေရည်အရက်ချက်၍လည်းကောင်း အသုံးပြုနိုင်လေသည်။ သင်ပေါင်းပင်ဟုလည်း အချို့က ခေါ်ဆိုကြသော သရက်သင်ပေါင်းပင်မျိုးလည်း ရှိသေးသည်။ ယင်းအပင်မျိုးသည် အန်နကားဒီယေးစီအီးမျိုးရင်းဝင်ဖြစ်၍ သရက်၊ သီဟိုဠ် သရက်စသည်တို့နှင့်မျိုး ရင်းတူသည်။ ရုက္ခဗေဒအမည်အားဖြင့် ဗျူခါနီးယား လန်စီဖိုလီယားဟုခေါ်သည်။ ထိုသင်ပေါင်းပင်မျိုးတို့သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံပေ ၃ဝဝဝအထိ မြင့်သောတောင်ကုန်းဒေသ တောခြောက်များ၌ ပေါက်ရောက်ရာ အိန္ဒိယနိုင်ငံ၌ ကော်ရိုမန်ဒယ်၊ မာလဗာ၊ မိုက်ဆိုးစသောဒေသ များ၌လည်းကောင်း၊ မြန်မာနိုင်ငံတွင်ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊တနင်္သာရီရိုးမတို့၌လည်းကောင်းတွေ့ရှိရလေသည်။ ထိုအပင်မျိုး တို့သည် အပင်အလတ်စားမျိုးဖြစ်ပြီးလျှင် ပေ ၅ဝအထိမြင့်နိုင်၍ လုံးပတ်ငါးပေမှခြောက်ပေခန့် အထိရှိနိုင်သည်။ အရွက်တို့သည်ရွက်ထီးဖြစ်၍ ပျဉ်းတွဲတွဲနေသည်။ အရွက်ကြွေသော်လည်း ရွက်နုအထွက် မြန်သည်။

သရက်သင်ပေါင်းသားသည် အဖိုးတန်သစ်မျိုး မဟုတ်ပေ။ အသားလည်းမမာလှဘဲ ကြာရှည် လည်းအသုံးပြုမရချေ။ အသားအရောင်သည်ဝါကြန့်ကြန့် ဖြစ်သည်။ လေသလပ်ခံ၍ အသားသေပြီးသော သင်ပေါင်းသားကုဗတစ်ပေသည် ၄၁ပေါင်လေးသည်။ ထိုသစ်သားဖြင့်ပန်းကန်၊ ဇွန်း စသည်များ၊ ကလေးကစားစရာများ၊ ခုတင်၊ တံခါးပေါက်နှင့် ပြတင်းပေါက်ဘောင်များ၊ ထွန်တုံးလက်ကိုင် စသည်တို့ လုပ်ကိုင်ကြသည်။

အဖိုးတန်သစ်သားကို သရက်သင်ပေါင်းပင်မှ မရရှိသော်လည်း အခေါက်၊ အသီး၊ အဆန်တို့မှလူသုံးပစ္စည်းအတွက် အသုံးပြုနိုင်သော အရာဝတ္ထုများကို ထုတ်ယူရရှိနိုင်သည်။ သရက်သင်ပေါင်းသီး၏ အစေ့မှ ဗာဒမ်စေ့နီးပါး အရသာကောင်းမွန်သော အဆန်မျိုးထုတ်ယူရ ရှိနိုင်သည်။ ထိုအစေ့ဆန်မှအရသာရှိသော ဆီတစ်မျိုးကို ထုတ်ယူရရှိနိုင်သော်လည်း အစေ့ဆန်တိုင်းကိုပင်ရသာထူးကဲသော ချိုချဉ်ခဲဖွယ်အဖြစ် စားသုံးနိုင်သဖြင့် ဆီထုတ်ယူခြင်းမပြုကြချေ။ အိန္ဒိယအလယ်ပိုင်းတောင်ကုန်းဒေသတွင် အသီးရောအစေ့ပါထောင်း၍ အခြောက်လှန်းပြီးလျှင် ပေါင်မုံ့ကဲ့သို့မုံ့တစ်မျိုး ပြုလုပ်စားသုံးကြသည်။ အသီးမှစားကောင်းသော အစေ့ဆန် ရရှိသည့်ပြင်၊ အရောင်တင်ဆီတစ်မျိုးကိုလည်းထုတ်ယူရရှိသည်။ အရောင်တင်ဆီကို အသီးမှသာမကအခေါက်မှလည်း ထုတ်ယူရရှိနိုင်သည်။ အညံ့စားကော်တစ်မျိုးကိုလည်း ထုတ်ယူရရှိနိုင်သေးသော်လည်း အိန္ဒိယနိုင်ငံ၌ပင် စီးပွားဖြစ်လုပ်ကိုင်ခြင်းမရှိကြသေးပေ။ အိန္ဒိယနိုင်ငံ ပန်ဂျပ် နှင့် ဘုံဘိုင်ပြည်နယ်တို့တွင် သရက်သင်ပေါင်းရွက်များကို ကျွဲစာနွားစာအဖြစ် အသုံးပြုကြလေသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. The Plant List: A Working List of All Plant Species။ 29 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2022 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)