ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။

သာသနာ့အမွေဆက်ခံခဲ့ခြင်း - ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု (ထု ၃ ထု) ပူးပေါင်း ကာ သင်္ဂါယနာ ၆ ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေသည်။

ဝေါဟာရရင်းမြစ်

ပြင်ဆင်ရန်

သင်္ဂီတိ ဟူသောပုဒ်ကို ဒီဃနိကာယ် ပါထိကဝဂ် (၁၀)သုတ်မြောက်၌ တွေ့ရှိရ၍ သင်္ဂီတိသုတ်ဟုခေါ်တွင်သည်။ အရှင်သာရိပုတြာက မြတ်ဗုဒ္ဓပရိနိဗ္ဗာန်မပြုမီ (၁၀)ဝါခန့်က မလ္လတိုင်း၊ ပါဝါမြို့ ရွှေပန်းထိမ်သည် စုန္ဒ၏ သရက်ဥယျာဉ်၌ ဟောကြားတော်မူခြင်းဖြစ်သည်။ ထိုသုတ်မှပါရှိသော စကားလုံး သင်္ဂါယိတဗ္ဗံကို အရှင်ဗုဒ္ဓဃောသက ညီညွတ်စွာရွတ်ဆိုခြင်း၊ ကွဲပြားသော အယူဝါဒမရှိဘဲ ရွတ်ဆိုခြင်း၊ တစ်ခုတည်းသောခံယူချက်ဖြင့် ရွတ်ဆိုခြင်းဟု အဓိပ္ပာယ်ဖွင့်ပါသည်။ ထို့ကြောင့် သာမန်ရွတ်ဆိုခြင်းဆိုသော အပေါ်ယံအဓိပ္ပာယ်ဖြင့် ယူဆရန်မသင့်ပါ။[]

သင်္ဂါယနာ = သံ - စုပေါင်း၍၊ ဂါယနာ - ရွတ်ဆိုခြင်း
သင်္ဂါယနာ = စုပေါင်း၍ ရွတ်ဆိုခြင်း

သင်္ဂါယနာတင်သမိုင်း

ပြင်ဆင်ရန်

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားသည် ဤကမ္ဘာမြေတွင် ပွင့်တော်မူခဲ့၏။ မြတ်စွာဘုရားသည် သက်တော် (၃၅) နှစ်အရွယ်တွင် ဘုရားအဖြစ်ရောက်ရှိသည်မှစ၍ လောကရှိ သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးမားစွာဖြင့် တရားတော်တို့ကို ၄၅ တိုင်တိုင် မနားမနေဟောပြော ညွှန်ပြခဲ့သည်။ မြတ်စွာဘုရားက အာနန္ဒာအား (အာနန္ဒ- ချစ်သားအာနန္ဒာ l မယာ - ငါဘုရားသည်l ဝေါ- သင်ချစ်သားတို့အားl ယောဓမ္မောစ - အကြင်သုတ်၊ အဘိဓမ္မာကိုလည်းl ဒေသိတော- ဟောတော်မူအပ်ပြီ၊ ယောဝိနယောစ - အကြင်ဝိနည်းကိုလည်းl ပညတ္တော -ပညတ်အပ်ပြီ l သော - ထို ငါဘုရားဟောကြား ပညတ်အပ်သော သုတ်- အဘိဓမ္မာ - ဝိနည်း ဓမ္မက္ခန္ဓာတို့သည်l မမစ္စယေန- ငါဘုရား ပရိနိဗ္ဗာန်ပြုပြီး၍ မရှိသည့်နောက်၊ ဝေါတုမှာကံ - သင်ချစ်သားတို့အားl သတ္တာ- ဆုံးမမည့်ဆရာတို့ပင်တည်း။ "... - ဟုညွှန်ခဲ့ပေသည်။) - “ချစ်သား အာနန္ဒာ၊ ငါဘုရား ဟောကြားသော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်” ဟုမှာကြားတော်မူခဲ့သည်။

ထိုမှာကြားချက်အရ “ဓမ္မဝိနယ” ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာ ရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည် မည်၏။ “သာသနာ” ဆိုသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များပင် ဖြစ်၏။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ကွယ်ပျောက်သွားပါက သာသနာလည်း ကွယ်ပျောက်သွားမည် ဖြစ်သည်။

သို့ဖြစ်၍ ဘုရားတပည့် ရဟန်းသံဃာတို့သည် ခေတ်ကာလ အဆက်ဆက်က ဓမ္မဝိနယဟု ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်း မကွယ်ပျောက်ရန် စောင့်ရှောက်တော်မူခဲ့ကြသည်။ သို့ရာတွင် ခေတ်အဆက်ဆက်မှာပင် သာသနာတော်အတွက် ဆန့်ကျင်ဘက် အန္တရာယ် ရန်စွယ်များ ပေါ်ပေါက်လာ၏။ ထိုကဲ့သို့သော အရေးကိစ္စများအတွက် ဘုရားတပည့် ရဟန်းသံဃာတို့သည် သာသနာ မကွယ်ပျောက်ရန်၊ သာသနာ သန့်ရှင်းစေရန်၊ သာသနာ စည်ပင်ပြန့်ပွားစေရန် သင်္ဂါယနာ အသီးသီးကို တင်တော်မူခဲ့ကြသည်။

မြတ်စွာဘုရားသည် ခရစ်တော်မပေါ်မီ ၅၄၄ - ခုနှစ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ထိုအချိန်မှစ၍ သာသာနာတော်နှစ် (၁)နှစ်အဖြစ် စတင်ရေတွက်ခဲ့ကြသည်။ ယခုအခါ သာသနာတော်သည် သာသနာတော်နှစ် ၂၅၀၀-ကျော် လွန်ခဲ့ပြီး ဖြစ်ပေသည်။ ထိုနှစ်များအတွင်းတွင် ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ်တင်ခဲ့ပြီး ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များအား အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ ထိုသို့ ပြုရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ဟောကြားတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ကြခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိပေ။[]

ဂေါတမမြတ်စွာဘုရား၏ "အနေကဇာတိသံသာရံ" အစချီကာ "ဝယဓမ္မာ သင်္ခါရာ အပ္ပာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန်စံအပြီး သုံးလအကျော်တွင် တတိယသာဝက ရှင်မဟာကဿပ၊ ဝိနည်း ဧတဒ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဒ္ဓအဘိဉာဉ်ရဟန္တာအရှင်မြတ် အပါး ၅၀၀က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

သင်္ဂါယနာတင်ခဲ့သည့် အချက်အလက်များ

ပြင်ဆင်ရန်
စဉ် သာသနာနှစ် တည်နေရာ ဦးဆောင်သူ ဒါယကာမင်း သံဃာဦးရေ ကြာမြင့်ချိန် အကြောင်းအရင်း
ဘုရားပရိနိဗ္ဗာန်ပြုပြီး ၃ လ နှင့် ၄ ရက် ရာဇဂြိုဟ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ အရှင်မဟာကဿပမထေရ်
အရှင်ဥပါလိ
အရှင်အာနန္ဒာ
အဇာတသတ်မင်း ရဟန္တာပေါင်း ၅၀ဝ ၇ လ သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့ခြင်း
၁၀ဝ နှစ် ဝေသာလီပြည်၊ ဝါဠုကာရာမကျောင်း အရှင်ယသမထေရ်
အရှင်ရေဝတ
အရှင်သဗ္ဗကာမိ
ကာလာသောကမင်း ရဟန္တာပေါင်း ၇၀ဝ ၈ လ ဝဇ္ဇီတိုင်းသားရဟန်းများ (ဒေဝဒတ်၏တပည့်များ)မှ အဓမ္မဝတ္ထု ၁၀ ပါးကို တောင်းဆိုခဲ့ကြခြင်း
၂၃၅ နှစ် ပါဋလိပုတ်ပြည် အသောကာရုံကျောင်း အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ် သီရိဓမ္မာသောကမင်း ရဟန္တာပေါင်း ၁၀ဝ၀ ၉ လ ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု ၆၀ဝ၀ဝ ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ဝင်ရောက်လာကြခြင်း
၄၅၀ နှစ် သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ အရှင်မဟာဓမ္မရက္ခိတမထေရ် ဝဋ္ဋဂါမဏိမင်း ရဟန္တာပေါင်း ၅၀ဝ တစ်နှစ် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့် သူပုန်ဘေးကြီး ၁၂ နှစ်ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြခြင်း
၂၄၁၅ နှစ် မြန်မာနိုင်ငံမန္တလေးမြို့၊ ရတနာပုံနေပြည်တော် အရှင်ဇာဂရမထေရ် မင်းတုန်းမင်း ရိုး⁠ရိုးရဟန်းပေါင်း ၂၄၀ဝ နှုတ်ဖြင့် ၅ လ ၃ ရက်
ကျောက်ထက်တင် ၇ နှစ် ၆ လ ၁၄ ရက်
စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း ၂၀ဝ၀ ခန့် ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင်မှုမရှိခြင်း၊ မူကွဲများဖြစ်ပေါ်လာခြင်း
၂၄၉၈ နှစ် မြန်မာနိုင်ငံရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော် ညောင်ရမ်းဆရာတော် အရှင်ရေဝတ၊
မဟာစည်ဆရာတော် အရှင်သောဘဏ၊
မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ
ဦးနု ရိုး⁠ရိုးရဟန်းပေါင်း ၂၅၀ဝ သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ် ၁၀ဝ ခန့် သာသနာညှိုးနွမ်းမှုခဲ့ခြင်း

ပထမအကြိမ် သင်္ဂါယနာတင်ခြင်း

ပြင်ဆင်ရန်

သာသနာတော်နှစ် ၁ နှစ် (ခရစ်တော်မပေါ်မီ ၅၄၄-ဘီစီ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ရာဇဂြိုဟ်ပြည်ရှိ ဝေဘာရတောင်၌ ရှိသော သတ္တပဏ္ဏိ လိုဏ်ဂူရှိ မဏ္ဍပ်တော်တွင် ပြုလုပ်ခဲ့သည်။ သုဘဒ္ဒအမည်ရှိသော ရဟန်းကြီးက သာသနာတော်အား ထိပါးပုတ်ခတ် ပြောဆိုမှုများ ရှိလာ၏။ ထိုအခါ သာသနာ့ အန္တရာယ်သည် ပေါ်ပေါက်လာ၏။

အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာတို့က အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါးငါးရာတို့က သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြပေသည်။ သာသနာတော်နှစ် ၁ နှစ်၊ ဝါခေါင်လပြည့်နေ့မှစ၍ သင်္ဂါယနာတင်ကြရာ ပြီးဆုံးသည်အထိ ၇ လကြာ၏။ ထိုသင်္ဂါယနာတင်ပွဲသည် နှုတ်တက်ရွတ်ဆိုရာသော် သင်္ဂါယနာ ဖြစ်သည်။

သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ဝိနည်းတော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း ၈၄၀ဝ၀ ရရှိခဲ့သည်။ ၎င်းကို ထပ်မံပြီး သဘောတရားတူရာအလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု ၃ စု ရရှိပြီး ပိဋကတ် ၃ ပုံဟု ခေါ်တွင်သည်။ ၎င်းပိဋကတ် ၃ ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၄၂၀ဝ၀ ထည့်သွင်းကာ သဘောတူခဲ့ကြသည်။ အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အားမှီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။

ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ် ၃ ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။

ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း

ပြင်ဆင်ရန်

သာသနာတော်နှစ် ၁၀၀ ခရစ်တော်မပေါ်မီ ၄၄၃-ဘီစီတွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းတို့၏ ဝိနည်းနှင့် မညီသော အကျင့်(အဓမ္မဝတ္ထု) ဆယ်ပါးကို ဟောပြော ပြုကျင့်ကြသောကြောင့် သာသနာတော်တော်အတွင် အန္တရာယ်သည် ပေါ်လာပြန်သည်။

အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတ၊ အရှင်ယသ အမှူးပြုသော ရဟန္တာမထေရ်မြတ်ကြီး အပါး ၇၀၀ တို့သည် ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာလာသောကမင်းနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာဖြစ်သည်။ အချိန်ကာလသည် ရှစ်လတိတိကြာမြင့်ခဲ့သည်။

ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ၈ လ ကြာမြင့် ခဲ့သည်။ ရဟန္တာ ၇၀ဝ သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု ၃ ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း ၁၀ဝ၀ဝ ကျော်အား နှင်ထုတ်ခဲ့ရသည်။ ၎င်းရဟန်းပျက် ၁၀ဝ၀ဝ ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ၇၀ဝ ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု ၃ ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။

ဒုတိယသံဂါယနာတင်ရခြင်းအကြောင်း

ပြင်ဆင်ရန်
  1. သိင်္ဂီလောဏကပ္ပ။။ သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  2. ဒွင်္ဂုလကပ္ပ။။ နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  3. ဂါမန္တရကပ္ပ။။ တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  4. အာဝါသကပ္ပ။။ သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  5. အနုမတိကပ္ပ။။ မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  6. အာစိဏ္ဏကပ္ပ။။ ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။
  7. အမထိတကပ္ပ။။ နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပဝါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။
  8. ကပ္ပတိ ဇလောဂိံ ပါတုံ။။ သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  9. ကပ္ပတိ အဒသကံ နိသီဒနံ။။ အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  10. ကပ္ပတိ ဇာတရူပ ရဇတံ။။ ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။

ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်။

တတိယအကြိမ်သင်္ဂါယနာတင်ခြင်း

ပြင်ဆင်ရန်

သာသနာတော်နှစ် ၂၃၅ (ခရစ်တော်မပေါ်မီ ၃၅၈ ဘီစီ)တွင် ပါဋလိပုတ်ပြည် အသောကကျောင်းတိုက်၌ တတိယ သင်္ဂါယနာ တင်ခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်(တိတ္ထိ) ခြောက်သောင်းတို့က ရဟန်းကောင်းအသွင်ဖြင့် သာသနာအတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်းလာကြသော သာသနာ့ အန္တရာယ်ကြောင့် တတိယ သင်္ဂါယနာ တင်ကြခြင်းဖြစ်သည်။

ရဟန်းအတု ၆၀ဝ၀ဝ ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။ အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္စုန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၁၀၀၀ တို့က တတိယ အကြိမ်မြောက် သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုသို့တင်ရာတွင် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာ ဖြစ်သည်။ အချိန်ကာလ ကိုးလကြာမြင့်သည်။

အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။ သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ ၅ ပုံ ၄ ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှူးပြုသော ရဟန္တာ အရှင်မြတ်ကြီး ငါးပါးတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။

စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း

ပြင်ဆင်ရန်

သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာအရှင်မဟိန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ သာသနာတော်နှစ် ၄၅၀၊ (ခရစ်တော်မပေါ်မီ ၄၉ ဘီစီ)တွင် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်)နိုင်ငံတွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို ၁၂ ကြာ ခံစားရသောကြောင့် ပိဋကတ်တော်များ မပျောက်ပျက်ရအောင် ရဟန်းသံဃာတော်များသည် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဆောင်ထားကြရသည်။ အငတ်ဘေးနှင့် သူပုန်ဘေးများ ၁၂ နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့် ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။ နောင်အခါကာလ ဤသို့ဘေးများပေါ်ပေါက်လာပါက သတိ၊ သမာဓိ၊ ပညာဆုတ်ယုတ်ကာ နှုတ်တက် မဆောင်နိုင်မည်ကို မြင်တော်မူကြသဖြင့် စတုတ္ထအကြိမ်မြောက် သင်္ဂါယနာ တင်ကြသည်။

အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀ တို့က သီရိလင်္ကာနိုင်ငံ(သီဟိုဠ်) ဝဋ္ဋဂါမဏိမင်း လက်ထက်တော်တွင် ပေရွက်ပေါ်တွင် အက္ခရာတင်ကာ စတုတ္ထအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့သည်။ မလယဇနပုဒ်နေ အကြီးအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပေသည်။ ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။

ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၂၄၁၅[]၊မြန်မာသက္ကရာဇ် ၁၂၃၃ တန်ခူးလပြည့်ကျော် ၁၁ရက် (ခရစ်နှစ် ၁၅-၄-၁၈၇၁) စနေနေ့တွင် သင်္ဂါယနာစတင်ကြ၍ ၁၂၃၃ တော်သလင်းလပြည့်ကျော် ၁၄ရက် (၁၂-၉-၁၈၇၁)တွင် သင်္ဂါယနာတင်ခြင်းအမှုပြီးမြောက်အောင်မြင်ပါသည်။ []

မန္တလေးမြို့ (ရတနာပုံ နေပြည်တော်)၌ ပေရွက်ပေါ်တင်ထားသော ပိဋကတ် ၃ ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း ၂၄၀ဝ ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု ၃ ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် ပဉ္စမသင်္ဂါယနာ တင်ခဲ့ကြသည်။ ပိဋကတ်တော်များကို ပေ၊ ပုရပိုက်များပေါ်တွင် ရေးသားထားခြင်းအားဖြင့် ကြာရှည်စွာ မခိုင်မြဲ၊ မတည်တံ့နိုင်ခြင်း၊ မူအမျိုးမျိုးကွဲနေခြင်း စသော အန္တရာယ်များမှ ကာကွယ်ရန် ကျောက်ထက်အက္ခရာတင်ခြင်းကို မြန်မာသက္ကရာဇ် ၁၂၂၂ တန်ဆောင်မုန်းလဆန်း ၁ရက် (၁၄-၁၀-၁၈၆၀)တွင် ကျောက်သားပေါ်၌စတင်ထွင်းထု၍ ၁၂၃၀ ကဆုန်လဆန်း ၁၄ရက်(၄-၅-၁၈၆၈)တွင်ကျောက်ထက်အက္ခရာပြီးစီးသည်။ ကျောက်ထက်အက္ခရာတင်ခြင်းအပြီး သုံးနှစ်လွန်သောအခါတွင်မှ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်းပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ရာ သစ်ဆိမ့်တိုက်က ဝိနည်းပိဋကတ်တော်ကိုလည်းကောင်း၊ စလင်းတိုက်က သုတ္တန်ပိဋကတ်တော်ကိုလည်းကောင်း၊ စံကျောင်းတိုက်က အဘိဓမ္မာပိဋကတ်တော်ကိုလည်းကောင်း အသီးသီတာဝန်ယူကာ ရွှေနန်းတော်ကြီးအတွင်း ဗြဲတိုက်တော် ရာဇပလ္လင်ပေါ်၌ တစ်လှည့်စီ ပြန်ဆိုတော်မူကြရသည်။[၂][၃]

ထိုအခါ စံကျောင်းတိုက်သား ရဟန်းတစ်ပါးဖြစ်သော အရှင်ဉာဏဓဇသည် ကထာဝတ္ထုပါဠိတော်ကို တာဝန်ယူပြန်ဆိုတော်မူခဲ့သည်။ ယောအတွင်းဝန်၏ ဩဝါဒစကားလျှောက်ထားချက်အရ ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထုအဋ္ဌကထာကို အထူးကျွမ်းကျင်နိုင်နင်းအောင် သင်ကြားလေ့ကျင့်ထားသည့်အတိုင်း ဗြဲတိုက်တော်ရာဇပလ္လင်ထက်၌ ကထာဝတ္ထုပါဠိတော်ကို အောင်မြင်စွာ ပြန်ဆိုတော်မူနိုင်ခဲ့ခြင်း ဖြစ်သည်။[လယ်တီဆရာတော်မှ][၃] []၊ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် တိပိဋကရေမဟာဓမ္မဥရာဇာဒိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဇာဂရာဘိဝံသမထေရ် အမှူးပြုသော (တစ်ခြားနိုင်ငံသံဃာတော်များပါဝင်ခြင်းမရှိ) မြန်မာနိုင်ငံမှသံဃာတော် အပါး ၂၄၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။ []

ထိုသို့တင်ရာတွင် မန္တလေးတောင်ခြေရှိ လောကမာရဇိန်(ကုသိုလ်တော်) ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ ၇၂၉ ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သင်္ဂါယနာတင်ကြရာ ၇ နှစ်၊ ၆ လ၊ ၁၄ ရက် ကြာခဲ့သည်။ ယင်းကျောက်ထပ်အက္ခရာတင်ပြီးနောက် နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာတင်ကြရာ ၅ လ နှင့် ၃ ရက်အကြာတွင် ပြီးစီးအောင်မြင်ခဲ့သည်။

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၂၄၉၈၊ (ခရစ်နှစ် ၁၉၅၄၊ မြန်မာသက္ကရာဇ် ၁၃၁၆)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌမသင်္ဂါယနာ တင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် နှစ်(၁၀၀)ခန့် သူ့ကျွန်ဘဝ၌ နေခဲ့ရ၍ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့အတွက် ဆဋ္ဌမအကြိမ်မြောက် သင်္ဂါယနာတင်ကြခြင်း ဖြစ်သည်။

ရဟန်းသံဃာဘက်မှ ဦးဆောင်သူ ဆရာတော်များမှာ :

  • အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော် ဘဒ္ဒန္တ ရေဝတ (သံဃမဟာနာယကဥက္ကဋ္ဌ)
  • အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ သူရိယ (ဘာရနိတ္ထာရက ဝန်ဆောင်သံဃအဖွဲ့ ဥက္ကဋ္ဌ)
  • အဂ္ဂမဟာပဏ္ဍိတ ဗားကရာဆရာတော် ဘဒ္ဒန္တ နာဂဝံသ (အကျိုးတော်ဆောင်ဆရာတော်)
  • အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇာလင်္ကာရဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ (အကျိုးတော်ဆောင်ဆရာတော်)
  • အဂ္ဂမဟာပဏ္ဍိတဂါရိက မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏ(ပုစ္ဆက-အမေးဆရာတော်)
  • တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဝိသဇ္ဇက-အဖြေဆရာတော်) အဖြစ်ဆောင်ရွက်တော်မူကြပြီး ထိုင်းသံဃရာဇာ၏ ကိုယ်စားလှယ် ဖရဝိမလဓမ္မ၊ လာအို သံဃရာဇာ ဖရဗုဒ္ဓဇိနောရသ်၊ ကမ္ဘောဒီးယား သံဃရာဇာ မဟာသုမေဓာဓိပတိဇောတဉာဏ၊ သီရိလင်္ကာ အမရပူရနိကာယဂိုဏ်း သံဃရာဇာ ဝိမလဇောတိ၊ သျှာမနိကာယဂိုဏ်း သံဃရာဇာ ဝေလိဝိဋဓမ္မကိတ္တိစသော မဟာထေရ်ကြီးများတက်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ ၅ နိုင်ငံမှ ရဟန်းသံဃာတော် ၂၅၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။[]

ဤသင်္ဂါယနာပွဲကြီးကို မြန်မာနိုင်ငံသမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ပေး၍ ဝန်ကြီးချုပ်ဦးနုက သင်္ဂါယနာတင်ရခြင်းအကြောင်းကို လျှောက်ထားခဲ့သည်။ တက်ရောက်ခဲ့သော နိုင်ငံတကာခေါင်းဆောင်များမှာ :

  • ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပီဗူလ်ဆွန်ဂရမ် (Field Marshal P.Pibulsonggram)
  • သီရိလင်္ကာ ဝန်ကြီးချုပ် ဆာဂျွန်ကိုတီလာဝါးလား (Sir John Kotelawala)
  • ကမ္ဘောဒီးယားနိုင်ငံ ဘုရင် သီဟာနု (Norodon Sihanouk) နှင့် ဝန်ကြီးချုပ် လန်ငက်သ် (H.E-Leng Ngeth)
  • လာအိုနိုင်ငံ အိမ်ရှေ့မင်းသား စဝန်ဝတ္တန (H.R.H Prince Savang Vatthana) နှင့် ဝန်ကြီးချုပ် ကောင်အဘေး (H.E Kou Abhay)တို့ဖြစ်ကြပြီး တရုတ်၊ဂျပန်၊ကိုရီးယား၊ မွန်ဂိုလီးယား၊ဖော်မိုဆာ(ယခု-ထိုင်ဝမ်)၊ ရုရှားစသည့်နိုင်ငံများမှ မဟာယာနဗုဒ္ဓဘာသာခေါင်းဆောင်များပါတက်ရောက်ခဲ့ကြသည်။[]

သဝဏ်လွှာများကို ဗြိတိသျှဘုရင်မ အဲလိဇဘက်၊ အိန္ဒိယသမ္မတ ဒေါက်တာ ရာဂျိန္ဒရာပရာဆာဒ် နှင့် ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၊ ထိုင်းဘုရင် ဘူမိဘောလ် နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်များက ပေးပို့ခဲ့ကြ၏။[]

မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် ၁၀ဝ ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် ၂၄၉၈ နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။ ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု ၃ ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။ ပိဋကတ်သုံးပုံကို တည်းဖြတ်ရာ၌ မန္တလေးပဉ္စမမူကို အခြေပြု၍ ထိုင်းမူ၊ ကမ္ဗောဒီးယားမူ၊ လာအိုမူ၊ သီဟိုဠ်မူ၊ လန်ဒန်ပီတီအက်စ်မူတို့နှင့် ညှိနှိုင်းတိုက်ဆိုင်၍ တည်းဖြတ်သုတ်သင်ကြသည်။ ထိုမူခြောက်ခုစလုံး၏ မူကွဲများကို သီခြားမှတ်တမ်းတင်၍ ပြုစုခဲ့လေသည်။[]

ရင်းမြစ်များ

ပြင်ဆင်ရန်
  • လူထုဒေါ်အမာ (၁၉၉၅(ပဉ္စမအကြိမ်))။ ကမ္ဘာ့အကြီးဆုံးစာအုပ်။ မန္တလေးမြို့: ဦးအောင်ညွန့်(ထွန်းရင်စာပေ)။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  • သီတဂူဆရာတော် (၂၀၀၈)။ သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)။ စစ်ကိုင်းမြို့: သီတဂူဗုဒ္ဓတက္ကသိုလ်(သုတေသနနှင့် ကျမ်းပြုဌာန)။ |author-link= တန်ဖိုး စစ်ဆေးရန် (အကူအညီ)