မင်းကွန်းတိပိဋကဆရာတော်

မင်းကွန်း တိပိဋကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ သည် မြန်မာနိုင်ငံတွင် တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့ကို ပထမဆုံးရရှိခဲ့သော ဆရာတော်တစ်ပါးဖြစ်၍ ဂင်းနစ်စံချိန်မှတ်တမ်းတွင် မှတ်ဉာဏ် အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သူလည်း ဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲ၏ အဓိကကျသော အခန်းကဏ္ဍများအနက် ဝိသဇ္ဇကဟု ခေါ်ဆိုသော အဖြေဆရာတော် အဖြစ် ဆောင်ရွက်ခဲ့သည်။ အတွဲခြောက်တွဲရှိသော မဟာဗုဒ္ဓဝင်ကျမ်းကြီးကိုလည်း ၁၉၅၅ တွင် စတင်ရေးသားခဲ့ကာ ၁၉၇၀ ကျော်တွင် ပြီးစီးခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အကျိုးတော်ဆောင်ချုပ်အဖြစ် သာသနာရေးတာဝန်များကို ထမ်းရွက်ခဲ့ပေသည်။

မင်းကွန်းဆရာတော်ဘုရားကြီး
Mingun SayadawStatue.jpg
မင်းကွန်းဆရာတော်ရုပ်တု
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ကျောင်းတိုက်ဓမ္မနာဒကျောင်းတိုက်၊ မင်းကွန်းစစ်ကိုင်းတိုင်း
ပညာရေးတိပိဋကဓရ တိပိဋကကောဝိဒ
အခြားအမည်များမင်းကွန်း တိပိဋကဆရာတော်
ဓမ္မအမည်ဝိစိတ္တသာရ
ရဟန်း အမည်ဝိစိတ္တသာရာဘိဝံသ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ
မွေးဖွား(1911-11-01)၁ နိုဝင်ဘာ၊ ၁၉၁၁
ကျည်ပင်ရွာ၊မြင်းခြံမြို့နယ်မန္တလေးတိုင်းကိုလိုနီခေတ်
ကွယ်လွန်၉ ဖေဖော်ဝါရီ၊ ၁၉၉၃(1993-02-09) (အသက် ၈၁)
ရာထူး တာဝန်
ဌာနနိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ဂုဏ်ဒြပ်အကျိုးတော်ဆောင်ချုပ်
ဂုဏ်ပြုခံရမှုများ

ဆရာတော်ကြီး၏ ငယ်ဘဝပြင်ဆင်

ဆရာတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့ ခရစ်သက္ကရာဇ် ၁၉၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့ (၃)နာရီကျော်တွင် မန္တလေးတိုင်းမြင်းခြံမြို့နယ်၊ကျည်ပင်ရွာ၌ ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့သည်။ ငယ်နာမည် မောင်ခင်ဖြစ်သည်။ မွေးချင်း မောင်နှမ မသုံ၊ မောင်ခင်၊ မောင်ဘသင် သုံးဦးရှိရာ မောင်ခင်မှာ ဒုတိယ သားရတနာ ဖြစ်သည်။

မောင်ခင် ၃ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူ ဦးဆုံ ကွယ်လွန်ခဲ့ရာ မိခင် ဒေါ်ဆင်သည် သဲဖြူဝ အနောက်ရွာရှိ သူ၏ မိဘအိမ်သို့ ပြောင်းရွေ့နေထိုင်ပါသည်။ မောင်ခင်ကမူ ကျည်ပင်ရွာ၌ပင် အဖိုးဖြစ်သူ မြန်မာဆေးဆရာကြီး ဦးချယ်၊ ဒေါ်အံ့တို့ထံ နေရစ်ခဲ့သည်။ ၁၂၇၇-ခုနှစ်၊ ၅ နှစ်သားအရွယ်မှစတင်၍ အခြေခံ ဗုဒ္ဓဘာသာ စာပေများကို ရွာဦးဘုန်းကြီးကျောင်းရှိ ဆရာတော် ဦးသာသနာ့ ထံတွင် စတင်သင်ယူ လေ့လာခဲ့သည်။ မန္တလေးမြို့၌ ထင်ရှားသော နန်းဦးဘုန်းကြီးကျောင်းမှ ဆရာတော် ဦးသာသနာ့ မှာ မောင်ခင်၏ လက်ဦးဆရာဖြစ်သည်။ အဘိုးဖြစ်သူ ဦးချိုင်မှလည်း ဗုဒ္ဓဘာသာနှင့်ပက်သက်သော ရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ ဟောပြောချက်များကို သင်ကြားပေးခဲ့သည်။

ဘုန်းရှင် ကံရှင် မောင်ခင်ပြင်ဆင်

မောင်ခင် ၇ နှစ်အရွယ်တွင် အဒေါ် မယုံနှင့် နွားကျောင်း လိုက်သွားလေသည်။ ညနေနွားများ ရေသောက်အဆင်း မယုံအပိုင် ရှေ့ဆုံးမှ သန်ရောင် အမည်ရှိ နွားနက်ကြီးကို စီး၍ လာရာ မြစ်ဆိပ်သို့ ရောက်ခါနီး နွားနက်ကြီးပေါ်မှ လိမ့်ကျသောအခါ နွားနက်ကြီးသည် မောင်ခင်အား အခြားနွားများ မနင်းမိစေရန် ဝမ်းဗိုက်အောက် တည့်တည့်ထား၍ ရပ်နေပါသည်။ နွားများအားလုံး ရှင်းသွားမှ နွားနက်ကြီးသည် မောင်ခင်အပေါ်မှ ခွာကာ ရေသောက်ဆင်းသွားသည်။ ၎င်းဖြစ်ရပ်သည် ဘုန်းရှင်ကံရှင် ပါရမီရှင်အား အသက်အန္တရာယ် ပြု၍ မရနိုင်ဟု ညွှန်ပြနေပါသည်။ နောက် ဖြစ်ရပ်တစ်ခုမှာ ကျောင်းလှေကားအနီး ရှောက်ချိုပင်ကြီးပေါ်၌ တစ်လုံးတည်းကျန်နေသည့် ရှောက်ချိုသီးကြီးကို အခြားကျောင်းသားများ အပင်ပေါ်တက်ခူးသည့်အခါ ဆူးစူး၍ ရအောင်မခူးနိုင်ခဲ့၊ မောင်ခင်သည်သာ အံ့ဩစရာ ကောင်းလောက်အောင် ရှောက်ပင်ပေါ်တက်၍ ရှောက်သီးကြီးကို ရအောင်ခူးခဲ့သည်။ ၎င်းဖြစ်ရပ်ကား မည်သူမှ မလုပ်နိုင်ဟု ယူဆကြရမည့် တိပိဋကဓရဘွဲ့ကို ရအောင်ယူပြခြင်း၊ တိပိဋကနိကာယ ကျောင်းတိုက်ကြီးကို တည်ထောင်ခြင်း၊ သာသနာ့တက္ကသိုလ်ကြီးများကို တည်ထောင်ခြင်းတို့၏ ရှေ့ပြေးနိမိတ် ဖြစ်ပါလိမ့်မည်။ နောက်ဖြစ်ရပ်တစ်ခုမှာ မောင်ခင်သည် တစ်ခြားသူများ စာအံသံကြားသည်နှင့် ၎င်းစာကို ရသည်။ ထိုဖြစ်ရပ်ကို ထောက်ရှူ၍ ဆရာတော်ကြီး၏ ဉာဏ်ကောင်းပုံကို မှန်းဆ၍ ကြည့်နိုင်သည်။

မင်းကျောင်း၌ ရှင်ပြုခြင်းပြင်ဆင်

အသက် ၇ နှစ်အရွယ်တွင် မြင်းခြံ မင်းကျောင်းတိုက် ဆရာတော် ဦးသောဘိတထံ၌ သာမဏေ ဝတ်ခဲ့ပြီး ထိုအသက်အရွယ်မှ စတင်၍ မှတ်ဉာဏ်စွမ်းရည်ထက်မြတ်မှု လက္ခဏာများ ပြလေတော့သည်။ သူသည် ဝတ္ထုမဂ္ဂဇင်းဂျာနယ် အစရှိသည်များကိုပင် ထိုအရွယ်ကတည်းက ဖတ်နေပြီ ဖြစ်သည်။ ဆရာတော် ဦးသောဘိတသည် မောင်ခင်အား ပါဠိတွင် ထူးချွန်ပြောင်မြောက်သော အဓိပ္ပာယ်ဖြစ်သည့် ရှင်ဝိစိတ္တသာရ ဘွဲ့တော်ကို မှည့်ခေါ်ပေးခဲ့သည်။ မိခင် ဒေါ်ဆင်မှလည်း သံဃာ တစ်ပါးဖြစ်မြောက်လာအောင် အထူ:ပင် ချီးမြှောက်ခဲ့သည်။

ခရစ်သက္ကရာဇ် ၁၉၃၀ ခုနှစ်တွင် ရှင်ဝိစိတ္တသာရ သည် စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ်ရှိ ဓမ္ဓနာဒ ကျောင်းသို့ ပြောင်းရွှေ့ကာ ဆက်လက်သင်ယူခဲ့သည်။ ထိုအချိန်မှစ၍ ပျံလွန်တော်မူသည်အထိ မင်းကွန်းတွင်သာ အခြေပြုနေထိုင်ခဲ့သဖြင့် မင်းကွန်းဆရာတော်ကြီးဟု လူသိများခဲ့ခြင်းဖြစ်သည်။ ရှင်ဝိစိတ္တသာရသည် အထူးသဖြင့် သီလရှင်ဆရာလေး ဒေါ်ဓမ္ဓစာရီ၏ ပူဇော်ထောက်ပံ့မှု ကို ရရှိခဲ့ပြီး ထိုနှစ်မှာပင် ရှင်သာမဏေ ဘဝမှ ဦးပဇ္ဇင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

ပညာသင်ကြားမှုနှင့် ရရှိသောဘွဲ့များပြင်ဆင်

 
မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ (နိုဝင်ဘာလ ၁ ရက် ၁၉၁၁ ခုနှစ် မှ ဖေဖော်ဝါရီလ ၉ ရက် ၁၉၉၃ ခုနှစ်ထိ)

အသက် ၁၃ နှစ်တွင် မြင်းခြံ သံဃသမဂ္ဂီ အဖွဲ့မှ စစ်ဆေးသော ဝိနယ စာမေးပွဲကိုဖြေဆို အောင်မြင်ပြီး မြင်းခြံ ဘာသာရေး အသိုင်းအဝိုင်းတွင် ထင်ရှားကျော်ဇောလာခဲ့သည်။ နောက်တစ်နှစ်တွင်လည်း ပရိယတ္တိ စာမေးပွဲကိုလည်း အာဂုံဆောင် ဖြေဆိုနိုင်ခဲ့သည်။ ၁၅ နှစ်သားတွင် ပထမငယ်တန်း၊ ၁၇ နှစ်သားတွင် ပထမလတ်တန်း နှင့် အသက်၂၀ အရွယ်တွင် ပထမကြီးတန်းတို့ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၃၃-ခုနှစ်(မြန်မာသက္ကရာဇ် ၁၂၉၅ ခု) တွင် အစိုးရပထမကြီးတန်းကို ပထမကျော် ဟူသောဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့သည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၉၃၄ခုနှစ်တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရသည်။ ၁၉၃၄ ခုနှစ်တွင်ပင်တွင် မဟာသံဃသမဂ္ဂီ အဖွဲ့မှ အဘိဝံသဘွဲ့ ကို ချီးမြှင့်ခဲ့ပြီးနောက် ဘွဲ့တော်မှာ ဦးဝိစိတ္တသာရာဘိဝံသ ဟူ၍ဖြစ်သည်။ ဆရာတော်သည် ၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်အတွင်း တိပိဋကဓရ စာမေးပွဲ ကို ဖြေဆိုအောင်မြင်ခဲ့ပြီးနောက် ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် နိုင်ငံတော်မှ တရားဘဏ္ဍာစိုးဟုအဓိပ္ပာယ်ရသော တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရသည်။[၁]


ဘွဲ့တံဆိပ်တော်များပြင်ဆင်

  1. ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံကသာ (၁၉၃၄)
  2. အစိုးရ ပဌမကျော် (၁၉၃၄)
  3. သာသနဓဇ သိရီပပရ ဓမ္မာစရိယ (၁၉၄၁)
  4. ဗုဒ္ဓသာသန နုဂ္ဂဟဝိသိဋ္ဌဝိနယဓရ မဟာဝိနယ ကောဝိဒ (၁၉၅၁)
  5. ဗုဒ္ဓသာသန ဝိသိဋ္ဌအာဘိဓမ္မိက မဟာအဘိဓမ္မာ ကောဝိဒ (၁၉၅၃)
  6. ဗုဒ္ဓသာသန ဝိသိဋ္ဌ ဒီဃဘာဏက မဟာဒီဃနိကာယ ကောဝိဒ (၁၉၅၃)
  7. ဗုဒ္ဓသာသန ဝိသိဋ္ဌ တိပိဋကဓရ ဗုဒ္ဓသာသန မဟာတိပိဋက ကောဝိဒ (၁၉၅၃)
  8. ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (၁၉၅၄)
  9. ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက (၁၉၅၇)
  10. ဆဋ္ဌသံဂီတိ ကာရက (၁၉၅၇)
  11. ဆဋ္ဌသံဂီတိ ဘာဏက (၁၉၅၇)
  12. ဆဋ္ဌသံဂီတိ ဘာရ နိတ္ထာရက (၁၉၅၇)
  13. ဆဋ္ဌသံဂီတိ ပါဠိဝိသောဓက (၁၉၅၇)
  14. ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက (၁၉၅၅)
  15. ဆဋ္ဌသံဂီတိ ဩသာနသော ဓေယျပတ္တပါဌက (၁၉၅၇)
  16. အဋ္ဌကထာ သံဂီတိကာရက (၁၉၆၂)
  17. ဋီကာ သံဂီတိကာရက (၁၉၆၂)
  18. မဟာဗုဒ္ဓဝင်ကျမ်းပြု (၁၉၆၉)
  19. အဂ္ဂမဟာပဏ္ဍိတ (၁၉၇၉)
  20. အဘိဓဇ မဟာရဋ္ဌဂုရု (၁၉၈၄)

ပိဋကသုံးပုံ အာဂုံဆောင်ခြင်းပြင်ဆင်

ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ခက်ခဲလှသော စာမေးပွဲတစ်ခုဖြစ်သည်။ စတင်စစ်ဆေးခဲ့ချိန် မြန်မာသက္ကရာဇ် ၁၃၁၀ မှ ၁၃၆၂ အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့သည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင် ပါ သည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၄-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ဝါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့သည်။ ထိုမျှမကသေး စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း သီလက္ခန္ခဝဂ် - ၉၃-မှတ် မဟာဝဂ် - ၉၇-မှတ် ပါတိကဝဂ် - ၉၇-မှတ် ပါရာဇိကဏ် - ၈၉-မှတ် ပါစိတ်ပါဠိတော် - ၉၉-မှတ် မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ် စူဠဝဂ္ဂပါဠိတော် - ၉၈-မှတ် ပရိဝါပါဠိတော် - ၁၀၀-မှတ် စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။

ဆဋ္ဌသင်္ဂါယနာပြင်ဆင်

ဦးနု အစိုးရလက်ထက် ခရစ်သက္ကရာဇ် ၁၉၅၄ ခုနှစ်မှ ၁၉၅၆ ခုနှစ်အတွင်း ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏ လှိုဏ်ဂူတော်ကြီးတွင် ပြုလုပ်ခဲ့သော ဆဋ္ဌသင်္ဂါယနာ တင်ပွဲ၌ မဟာစည် ဆရာတော်ကြီး ဦးသောဘနမှ မေးခွန်းမေးမြန်းသူအဖြစ်ဆောင်ရွက်ခဲ့ပြီး မင်းကွန်းဆရာတော်ဘုရားကြီး မှ ဖြေကြားသူအဖြစ်ဆောင်ရွက်ခဲ့ရာတွင် မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ မည်သည့်စာအုပ် မည်သည့်စာမျက်နှာ နံပါတ် စာကြောင်းရေ ဘယ်လောက်မှ ဟူ၍ တိကျစွာ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက်ခဲ့သည်။

နောက်ပိုင်းလုပ်ဆောင်ချက်များပြင်ဆင်

ဝန်ကြီးချုပ်ဦးနုနှင့် ဗုဒ္ဓသာသန ကောင်စီ၏ တောင်းဆိုလျှောက်ထားမှုကြောင့် ၁၉၅၅ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း မဟာဗုဒ္ဓဝင်ကိုလည်း ပြုစုခဲ့သည်။ မဟာဗုဒ္ဓဝင်ကျမ်းသည် ဆရာတော်၏ စာပေဆိုင်ရာ လုပ်ငန်းစဉ်များတွင် ထင်ရှားသောအောင်မြင်မှုတစ်ခုဖြစ်သည်။ ၁၉၇၉ ခုနှစ် တွင် ဗိုလ်ချုပ်ကြီးနေဝင်း နှင့် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ဆပ်ကပ်ခဲ့သည်။ ၁၉၈၀ မှစ၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အကျိုးတော်ဆောင်ချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။

ဘဝနတ်ထံ ပျံလွန်တော်မူခြင်းပြင်ဆင်

 
မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ၏ ပုံတူရုပ်တုမှ မှတ်တမ်းကျောက်စာ

သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မေဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာဝိသဇ္ဇက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ပြင်ဆင်

မင်းကွန်း ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ အား ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ထားသော ၁၉၈၅ ခုနှစ်ထုတ် ဂင်းနစ်စာအုပ်၌ မှတ်ဉာဏ်အကောင်းဆုံး လူသားအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။[၂]

ကိုးကားပြင်ဆင်

  1. ဘွဲ့တံဆိပ်သမိုင်း။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန။ “၁၉၅၃-ခုနှစ်တွင် ဆဋ္ဌသံဂါယနာတင်သောအခါ ပိဋကသုံးပုံ အာဂုံဆောင်၍ အဖြေဝိဿဇ္ဇကပုဂ္ဂိုလ်ဖြစ်သော ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသကို “တိပိဋကဓရ ဓမ္မ ဘဏ္ဍာဂါရိက”ဘွဲ့ ဆက်ကပ်ခဲ့သည်။”
  2. McWhirter၊ Norris။ THE 1988 GUINNESS BOOK OF WORLD RECORDS။ Bantam Books in the Guinness Series။ “Human Memory: Bhandanta Vicitsara recited 16,000 pages of Buddhist canonical texts in Rangoon, Burma, in May 1974”