သစ်သီးနှင့်ဝလံသည် မတူပေ။ အပူပိုင်းဒေသထွက် သစ်သီးနှင့် အအေးပိုင်းဒေသထွက်သစ်သီး၊ စီးပွားကုန်သွယ်ရေးတွင် အရေးပါသော လုပ်ငန်းတစ်ရပ်၊ မြန်မာနိုင်ငံ၏သစ်သီးဝလံများ၊ သစ်သီးဝလံ တိုးတက်ထွက်ရှိရေး အလားအလာများ။

သစ်သီးဝလံ

ဝေါဟာရပြင်ဆင်

သစ်သီးဝလံဟူသော မြန်မာဝေါဟာရတွင်အသီးနှစ်မျိုးနှစ်စား ပါဝင်နေသည်။ သစ်သီးဟူသည် သရက်ပိန္နဲလိမ္မော်၊ စသောသစ်ပင် ကြီးငယ်တို့မှသီးသော အသီးကို ယေဘုယျအားဖြင့် ခေါ်ဝေါ်ကြ၍ စပျစ်သီးဖရဲသီးကဲ့သို့သော အနွယ်မှသီးသော အသီးတို့ကို ဝလံဟုခေါ်ကြသည်။ နာနတ်သီးကိုမူ အနွယ်ပင်မျိုးမှ သီးခြင်းမဟုတ်ဘဲ အပင်မှသီးသဖြင့် သစ်သီးအမျိုးအစား၌ပင် ထည့်သွင်းရပေမည်။

ရုက္ခဗေဒအရဆိုလျှင် သစ်သီးဝလံဟူသည်မှာ အပင်ကြီးမှ သီးသည်ဖြစ်စေ၊ အပင်ငယ်မှသီးသည်ဖြစ်စေ၊ အစေ့နှင့်တကွ အစေ့ကိုဆောင်ကြဉ်းထားသော အစိတ်အပိုင်းတစ်ခုလုံးသည် သစ်သီးဖြစ်လေသည်။ သစ်သီးသည် ဝတ်မှုန်ကူးယှက်ခြင်းမျိုးဖြင့် မျိုးတည်ရန်အောင်မြင်သော အစေ့လောင်းကြီးထွား ဖြစ်ပေါ်ခြင်းဟုဆိုသည်။ သန္ဓေအောင်မြင်သဖြင့် အစေ့အိမ်၏ပါးလွှာ၍ အစိမ်းရောင်ရှိသော နံရံသည် အသီးခွံအဖြစ်သို့ အဆင့်ဆင့်ပြောင်းလာသည်။

အသီးခွံသည် အသားများသည်လည်း ရှိသည်။ ပျဉ်းတွဲတွဲနေသည်လည်း ရှိသည်။ မာကျောကျောနေသည်လည်းရှိလေသည်။ သစ်သီးများကိုအဓိကအားဖြင့်

  1. အသားထူအသီးမျိုး၊
  2. အစေ့ခွံမာသီးမျိုး၊
  3. အခြောက်သီးမျိုးဟူ၍ သုံးမျိုး ပိုင်းခြားထားသည်။


အသားထူအသီးမျိုးတွင် အစေ့ကိုဖုံးအုပ်ထားသော အသားသည်ထူ၍ အရည်လည်းရွှမ်းသည်။ ပန်းသီး၊ လိမ်မ္မော်သီး၊ သရက်သီးတို့သည် ထိုအမျိုးအစားတွင် ပါဝင်သည်။ ဤစေ့ခွံမာ သီးမျိုးတွင် အပြင်ဘက်ရှိ အသားသည်ထူ၍ အရည်ရွှမ်းတတ်သော်လည်း မက်မုံသီး၊ ဘင်္ဂလားဆီးသီး၊ ချယ်ရီသီး၊ တို့ကဲ့သို့ အစေ့ကို အခွံမာတထပ် ဖုံး၍နေတတ်သည်။ အခြောက်သီးဆိုသည်ကား အစေ့ဆန်စားရသော အသီးသီးမျိုးနှင့် အသီးတောင့်မျိုးတို့ ပါဝင်သည်။

ရုက္ခဗေဒအရ သစ်သီးစစ်နှင့် သစ်သီးတုဟူ၍ ခွဲခြားပြန်သည်။ သစ်သီးစစ်သည် အစေ့အိမ်နံရံကြီးထွား ဖြစ်ပေါ်သော အသီးမျိုးဖြစ်သည်။ သစ်သီးစစ်တွင် ပဲသီးတောင့်ကဲ့သို့ ကွဲအက်ထွက်သော အသီးမျိုး နှင့် ချယ်ရီ၊ ဗာဒမ်တို့ ကဲ့သို့ အစေ့ခွံမာသီးစသော အစေ့ခွဲကွဲမထွက်သော အသီးမျိုးဟူ၍ နှစ်မျိုးနှစ်စား ရှိပြန်သည်။ သစ်သီးတုဟူသည်ကား ပန်းသီး၊ သစ်သော့သီးတို့ကဲ့သို့ ပွင့်ရင်းခံကြီးထွား၍ အသားထူထဲကာ ဖြစ်ပေါ်လာသော အသီးမျိုးဖြစ်သည်။ စတြောဗဲရီသီးသည်လည်း သစ်သီးတု တစ်မျိုးဖြစ်လေသည်။

လူတို့သည် စားရသောသစ်သီးများကိုသာ အသိများကြသည်။ သို့သော် မစားရသော သစ်သီးများလည်း အများအစား ရှိပေသည်။ စားရသောသစ်သီးအမျိုးအမည် ရာထောင်မက ရှိသည့်အနက် အသားစားရသော သစ်သီးမျိုးလည်းရှိ၍ အဆန်ကိုသာ စားရသောသစ်သီးမျိုးလည်းရှိသည်။ သစ်သီးနှင့် ဟင်းသီးခြားနားချက်မှာ သစ်သီးဝလံတို့ကို မချက်မပြုတ်ဘဲ နဂိုအတိုင်းစားသုံးနိုင်ကြသည်။

သစ်သီးဝလံတို့သည် အနံ့အရသာနှင့် သဘာဝအလျောက် ပြည့်စုံကြသဖြင့် သစ်သီးဝလံကိုမကြိုက်မနှစ်သက်သူ အလွန်ရှားပါးပေလိမ့်မည်။ သစ်သီးဝလံတို့တွင် အဓိကပါရှိသောအရာများကား သကြားနှင့်ရေ ဖြစ်သည်။ ထို့ပြင် အက်ဆစ်နှင့် ဗီတာမင်များပါရှိရာ သစ်သီးဝလံများကို စားသောက်ပေးခြင်းဖြင့် ကျမ်းမာရေးနှင့် ညီညွတ်နိုင်စေသော ကြောင့် သစ်သီးဝလံများသည် လူတို့အတွက် အရေးပါသေ ာအာဟာရတစ်မျိုးပင် ဖြစ်လေသည်။ သစ်သီး လတ်လတ်ဆတ်ဆတ်များတွင် ရေငွေ့ ၇၅ မှ ၉၆ ရာခိုင်နှုန်းမျှပါရှိတတ်သဖြင့် အာဟာရဖြစ်စေသော အထည်ဒြဗ် အများအပြားမပါရှိပေ။ ထို့ကြောင့် ကိုယ်ခန္ဓာတည်ဆောက်ပေးသော ပရိုတင်း အနည်းအကျဉ်းမျှသာ ပေးနိုင်သည်။ အဆီဟူ၍ကားမပါရှိပေ။ သစ်သီးမှည့်များသည် အစာကြေလွယ်သည်။ သို့သော် အခွံနှင့်အစေ့များကိုမူ စွန့်ပစ်သင့်ပေသည်။ သစ်သီးဝလံများမှ ရရှိနိုင်သော အာဟာရဓာတ်များကား ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် အက်ဆစ်တို့ဖြစ်ကြလေသည်။ ယင်းတို့သည် လူတို့ ကျန်းမာသန်စွမ်း'အသက်ရှည်ရေးအတွက် ထိန်းပေးကြလေသည်။

သစ်သီးများတွင် အများဆုံးပါရှိတတ်သော ဗီတာမင်စီသည် သွားနှင့်သွားဖုံးများကိုကြံ့ခိုင်စေ၍ ကိုယ်ခန္ဓာကို သွက်လက်ပေါ့ပါးစေသည်။ အခြောက်သီးမျိုးတွင် ပါဝင်သော အချို့သစ်သီးများတွင် ရောဂါကူးစက်ပြန့်ပွားခြင်း၊ မျက်စိ ကြက်မျက်သင့်ခြင်းတို့မှ တွန်းလှန်ကာကွယ်နိုင်သော ဗီတာမင်အေ ပါရှိသည်။ အချို့သစ်သီးမျိုးတွင် အာရုံ နာဗ်ကြောတို့ကို ထိမ်းပေးသော ဗီတာမင် ဘီ ၁၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို ဖြစ်စေသော ဗီတာမင် ဘီ ၂၊ တို့ ပါဝင်သည်။ သစ်သီးဟူသမျှသည် ကယ်လစီယမ်၊ ဖော့စဖောရပ်၊ သံဓာတ်တို့ ပါဝင်ရာ သွေးစင်ကြယ်ကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းတို့ကို အားပေးသည်။ သစ်သီး များတွင် ပါဝင်သော အရည်နှင့်အဖတ်များသည် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်များ၊ အညစ်အကြေးများ စွန့်ထုတ်ပစ်ရာတွင် များစွာ အကူအညီပေးလေသည်။

အာဟာရဖြစ်စေသော သစ်သီးဝလံများကို လေးမျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ (၁) ပန်းသီး၊ သစ်သော့၊ ငှက်ပျောစသော ပျော့ဖတ်ပါ၍ အားဖြစ်စေပြီးလျှင် ဝမ်းသက်စေတတ်သော အသီးမျိုး၊ (၂) စပျစ်သီး၊ ရက်စဗဲရီ စသည့် သတ္တုဓာတ်ကြွယ်ဝ၍ ကျောက်ကပ်နှင့်အာရုံနာဗ်ကြောများကို အားပေးသည့် ဗဲရီဟုခေါ်သောစေ့များ၊ ခွံပျော့သီးမျိုး၊ (၃) လိမ်မော်၊ ရှောက်စသည့် အယ်လကလိုင်ဓာတ်ပါ၍ အစာကြေလွယ်သော အသီးမျိုးနှင့် (၄) စွံပလွန်၊ ဆီးသီးတို့ကဲ့သို့ အလွန်ခွန်အားဖြစ်စေပြီးလျှင် ဓာတ်မှန်စေသောအသီးမျိုးတို့ ဖြစ်ကြလေသည်။

သစ်သီးဝလံတို့သည် စားသုံးသူတို့အား အာဟာရဖြစ်စေ၍ ကျမ်းမာရေးနှင့်ညီညွတ်စေကာ ရောဂါတို့ကို တွန်းလှန်နိုင်စွမ်းပေးသည့်ပြင် အစေ့များကို ပြန့်ပွားစေခြင်းဖြင့် အပင်မျိုးပျံ့နှံ့မှုကို လည်းဆောင်ရွက်သည်။ အသီးမှအစေ့များသည် လေတိုက်ခြင်းကြောင့်လည်းကောင်း၊ ရေကြောင့်လည်းကောင်း၊ တိရစ္ဆာန်များကြောင့်လည်းကောင်း၊ လူတို့ကြောင့်လည်းကောင်း၊ အသီးပေါက်ကွဲ၍ မျိုးပျံ့နှံ့ကြ လေသည်။

အင်သီး၊ သစ်စေးသီးတို့သည် လေအဟုန်စီး၍ပါသွားနိုင်ရန် အတောင်သဖွယ် အစိတ်အပိုင်းများ ပါရှိသည်။ အင်သီးတွင် အတောင်အရှည်နှစ်ခုပါ၍ သစ်စေးသီးတွင် ရိုးတံနှင့် ဆက်လျက် အတောင်ငါးခုပါသည်။ လေတိုက်ခတ်၍ ထိုအသီးများကြွေသောအခါ မြေပေါ်သို့ ရုတ်တရက်မကျဘဲ လေအဟုန်ဖြင့် အတော်ဝေးဝေးသို့ လွင့်ပါသွားကြသည်။ ပိတောက်သီးတွင် အမြှေးပါးကဲ့သို့သော ဘေးအသားသည် ဝိုက်လျက်တည်ရှိ၍ ကြောင်လျှာစေ့နှင့် ဒန့်သလွန်စေ့တို့တွင် စက္ကူကဲ့သို့ပါးလွှာသော အတောင်များရှိသဖြင့် လေတိုက်ရာသို့ လွင့်ပါနိုင်ကြသည်။ အချို့အသီးများတွင်မူလေတိုက်ရာသို့ လွင့်ပါနိုင်သော အမွေးများရှိ လေသည်။

ရေစပ်တွင် ပေါက်ရောက်သော အပင်များ၊ သို့မဟုတ် ရေတွင် ပေါက်ရောက်သော အပင်များမှအသီးများသည် ရေပေါ်တွင် ပေါလောမျောပါသွားကြသည်။ ယင်းသို့ဖြင့် အပူပိုင်းဇုန် ကမ်းရိုးတန်းတလျှောက်တွင် အုန်းပင်များပေါက်ရောက်ကြလေသည်။

အချို့အသီးများ၏ အစေ့များသည် တိရစ္ဆာန်တို့၏ ကိုယ်တွင်တွယ်ကပ်၍ပါနိုင်သော ချိတ်သဖွယ် ဆူးကလေးများ သော်လည်းကောင်း၊ အစေးများသော်လည်းကောင်းပါရှိသည်။ ကြက်မောက်သီးနှင့် သမင်မွေးသီးတို့သည် ယင်းသို့အားဖြင့် မျိုးစေ့များပျံ့နှံ့ကြသည်။ ရှဉ့်၊ ကြွက်၊ လင်းနို့စသောအကောင်များသည် အသီးနှင့် အစေ့ကို စုဆောင်းသိုလှောင်ထားကြသဖြင့်လည်း မျိုးစေ့ပျံ့နှံ့ရသည်။ မြေစေး၊ ရွှံ့စေးများပေါ်သို့ ကျရောက်သောအစေ့ငယ်များ သည် ကျေးငှက်များ၏ခြေထောက်များတွင်ကပ်ပါသွား၍ နေရာအနှံ့အပြားသို့ မျိုးစေ့များရောက်ရှိရလေသည်။ လူတို့သည်လည်း သစ်သီးဝလံများကို တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်စားသုံးကြခြင်းဖြင့် မျိုးစေ့များပြန့်ပွားကြလေသည်။

အချို့အသီးများသည် ခြောက်လာသောအခါ အသီးခွံကွဲ၍ အထဲမှ အစေ့များ အဝေးသို့စဉ်ထွက်ကြသည်။ သစ်ကတိုးသီးသည် ယင်းကဲ့သို့သော အသီးမျိုးဖြစ်သည်။ စဉ်ထွက်သော အစေ့များသည် အဝေးသို့ရောက်ရှိရာ မျိုးပျံ့နှံ့လေသည်။

ရှေးရှေးကလူတို့သည် သစ်သီးဝလံများကို တမင်သက်သက် စိုက်ပျိုးလုပ်ကိုင်ကြသည်ဟူ၍ မရှိခဲ့ပေ။ အလေ့ပေါက်အပင်များမှ ရာသီအလိုက်သီးသော အသီးများကိုသာ ခူးဆွတ်စားသုံးခဲ့ကြသည်။ နောင်အခါတွင်မူ ပြည်တွင်းသုံးလုံလောက်ရုံမျှစိုက်ပျိုးလာကရာမှ သစ်သီးဝလံစိုက်ပျိုးရေးကို တစတစတိုးတက် ချဲ့ထွင်လာကြသဖြင့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်လာသည်။

ကမ္ဘာအရပ်ရပ်၌ ရေမြေနှင့်ရာသီဥတုကိုလိုက်၍ သစ်သီးဝလံတို့ကို အကြီးအကျယ်စိုက်ပျိုးလုပ်ကိုင်ကြသော တိုင်းပြည်များ ပေါ်ပေါက်များပြားလာသည်။ သစ်သီးဝလံ စိုက်ပျိုးရေးသည် လုပ်ငန်းကြီးတစ်ရပ်ဖြစ်လာသည်နှင့်အညီ သစ်သီးခြံစိုက်ပျိုးလုပ်ကိုင်သူတို့သည် ကမ္ဘာဦးကရှိခဲ့သော သစ်သီးမျိုးတို့ဖြင့်သာ မတင်းတိမ်မရောင့်ရဲကြဘဲ မျိုးစပ်စိုက်ပျိးခြင်းတို့ကို လည်းပြုခဲ့ကြသည်။ ယင်းသို့ မျိုးစပ်ယူခြင်း၊ အခွံပါးသောအသီး၊ ဆူးမဲ့သောအသီး၊ အစေ့နည်းသောအသီး၊ အဆင်း ပိုလှသောအသီး၊ ပို၍ထွားကြိုင်းသော အသီးများဖြစ်ထွန်းအောင်မြင်ခဲ့၍ သစ်သီးအမျိုးအမည်များပိုမိုများ ပြားလာခဲ့သည်။ သို့သော် အထူးဂရုစိုက်၍ ပြုစုစိုက်ပျိုးသော မျိုးပင်များနှင့်မျိုးသန့်ထားသည့် အပင်များသည်ပင် အစေ့စိုက်ခြင်းဖြင့် မျိုးပွားယူသောအခါ မူလအရိုင်းပင်၏ ဇာတိလက္ခဏာများ ပြန်၍ ပေါ်လာတတ်သည်။ ထိုအခါ ယင်းသို့အပင်များ ပြန်ရိုင်းမသွားစေရန် တီထွင်ကြံဆခဲ့ရာ အကိုင်းဆက် စိုက်ပျိုးခြင်းဖြင့် ထိုအခက်အခဲကို အောင်မြင်နိုင်ကြောင်း တွေ့ကြရလေသည်။

ရှေးက သစ်သီးများကို ယင်းတို့ထွက်ရှိသည့်ဒေသ၌သာ လတ်လတ်ဆတ်ဆတ် စားသုံးကြရသည်။ ယခုအခါတွင်မူ လျင်မြန်သော သယ်ယူပို့ဆောင်ရေးစံနစ်နှင့် အအေးခန်းများဖြင့် ကြာရှည်စွာ လတ်ဆတ်နေအောင် ထားနိုင်သည့် စံနစ်များ ပေါ်ပေါက်လာသည့် ကျေးဇူးကြောင့် သစ်သီးမျိုးစုံကိုကမ္ဘာအနှံ့ လတ်ဆတ်စွာ စားသုံးနိုင်ကြအောင်တင်ပို့ကြသည်။ ထို့ပြင် ရာသီမရွေး၊ အချိန်မရွေးရနိုင်သော စည်သွတ်သစ်သီး၊ သစ်သီးခြောက် ၊ သစ်သီးဝလံမှပြုလုပ်သော အဖျော်ယမကာများကိုလည်း ပို၍ပို၍သုံးစွဲလာကြလေသည်။ ကမ္ဘာ့အပူပိုင်းဇုန်ဒေသမှလည်းကောင်း၊ သမပိုင်းဒေသမှလည်းကောင်း သစ်သီးများထွက်ရှိရာ အပူပိုင်းဒေသထွက် ကျော်ကြား၍ ရောင်းဝယ်ဖောက်ကားရေး၌ အရေးပါသောသစ်သီးများကို အစီအစဉ်အလိုက် ဖေါ်ပြရလျှင် ငှက်ပျော၊ အုန်း၊ သရက်နှင့် နာနတ်တို့ဖြစ်သည်။ ယင်းတို့နောက် ဒုတိယတန်းစား အရေးပါသော သစ်သီးများမှာ ကိုကိုး၊ သင်္ဘော၊ မာလကာ၊ သီဟိုဠ်သရက် စသည်တို့ဖြစ်သည်။

သစ်သီးဝလံလောကတွင်ပို၍ ထင်ရှားကျော်ကြားသော အသီးများမှာ သမပိုင်းထွက်သစ်သီးများ ဖြစ်ကြ၍ ယင်းတို့မှာ စပျစ်သီး၊ ပန်းသီး၊ သစ်သော့သီး၊ မက်မုန်သီး၊ တည်သီး၊ သံလွင်သီး၊ စွံပလွန်သီး၊လိမ်မ္မော်၊ စတော်ဘယ်ရီ၊ ရှောက်၊ သံပရာစသည်တို့ဖြစ်ကြလေသည်။

သစ်သီးဝလံစိုက်ပျိုးရေးလုပ်ငန်း ကြီးကျယ်သော တိုင်းပြည်များ တွင် အမေရိကန်ပြည်ထောင်စုသည် ထိပ်ဆုံးဖြစ်သည်။ ရာသီဥတုရေမြေအနေအထား အမျိုးမျိုးရှိသဖြင့် ကာလဒေသအလိုက် သစ်သီးဝလံ အမျိုးမျိုးကို မြေယာဧကပေါင်းကုဋေကုဋာနှင့်ချီ၍ စိုက်ပျိုး လုပ်ကိုင်ကြသည်။ သမပိုင်းထွက်သစ်သီးများ သာမက အပူပိုင်းဇုန်သစ်သီးများကိုပါ နည်းအမျိုးမျိုးဖြင့် စိုက်ပျိုးလုပ်ကိုင်ကြရာ ဖြစ်မြောက်အောင်မြင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် သမုဒ္ဒရာနှစ်စင်းအကြား၌ တည်ရှိ၍နိုင်ငံအတွင်း၌လည်း မြစ်ချောင်းအင်းအိုင်များ အများအပြားရှိပြီးလျှင် မီးရထား၊မော်တော်ကားလမ်းကောင်းများ ဖြင့် ပြည့်စုံသဖြင့် သယ်ယူပို့ဆောင်ရေးလွယ်ကူခြင်း၊ အအေးခန်းများထားနိုင်သဖြင့် အချိန်ရာသီမရွေး သစ်သီးဝလံအမျိုးမျိုးကို ရနိုင်ခြင်းတို့ကြောင့် သစ်သီးဝလံလုပ်ငန်းတွင် အမေရိကန်နိုင်ငံသည် ရှေ့ပြေးခေါင်းဆောင် ဖြစ်ခဲ့လေသည်။ အချို့တိုင်းပြည်များတွင် ခြောက်သွေ့သောဒေသများ၌ပင် ရေသွယ်စံနစ်ဖြင့်သစ်သီးဝလံစိုက်ပျိုးရေးကို လုပ်ကိုင်ကြရသည်။ ကနေဒါနိုင်ငံအနောက်ပိုင်း၊ အမေရိကန်ပြည်ထောင်စု၊ အာဂျင်တီးနားနှင့် ဩစတြေးလီးယားနိုင်ငံတို့တွင် ထိုစံနစ်ဖြင့်စိုက်ပျိုးရသော သစ်သီခြံကြီးများရှိလေသည်။

ကမ္ဘာ၌ အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြသော သစ်သီးဝလံတို့မှာ ပန်းသီး၊ သစ်သော့သီး၊ လိမ္မော်၊ ကျွဲကောရှောက်ငှက်ပျော၊ စပျစ်သီးတို့ဖြစ်သည်။ ပန်းသီးစိုက်ပျိုးသော တိုင်းပြည်များကို အသီးထွက် အနည်းအများ အစီအစဉ်အလိုက် ဖေါ်ပြရလျှင် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဆိုဗီယက် ရုရှ၊ ပြင်သစ်၊ ဂရိတ်ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလီးယား တို့ ဖြစ်ကြသည်။

သစ်သော့သီးစိုက်ပျိုးရေး ကြီးကျယ်သောတိုင်းပြည်များကား အမေရိကန်ပြည်ထောင်စု၊ ဆိုဗီ ယက်ရုရှ၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊ အာဂျင်တီးနား၊ ဩစတြေးလီးယား၊ ဂရိတ်ဗြိတိန်နှင့် တောင်အာဖရိကတို့ ဖြစ်ကြသည်။ လိမ္မော်၊ ရှောက်၊ ကျွဲကောတို့သည် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ စပိန်၊ ဗရာဇီး ၊ကျွဲကောတို့သည် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ စပိန်၊ ဗရာဇီး၊ဣတလီ၊ ပယ်လက်စတိုင်၊ တောင်အာဖရိက၊ ဩစတြေးလီးယားနှင့် အနောက်အိန္ဒိယကျွန်းစုများမှ အများအပြားထွက်ရှိသည်။ စားပွဲတင် စပျစ်သီးများကိုအများအပြားစိုက်ပျိုးလုပ်ကိုင်သည့် တိုင်းပြည်များမှာ ဗူလဂေးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ ဣတလီ၊ ဟန်ဂေရီ၊ နယ်သာလန်၊ တောင်အာဖရိက၊ ဗဲလဂျီယမ်၊ အယ်လဂျီးရီးယားနှင့် အာဂျင်တီးနားတို့ဖြစ်သည်။ စပျစ်သီးဝိုင်အရက်များကို ပြင်သစ်၊ ဣတလီ၊ စပိန်၊အယ်လဂျီးရီးယား၊ ပေါ်တူဂီ၊ တောင်အာဖရိကနှင့် ဩစတြေးလီးယားနိုင်ငံတို့မှ ထုတ်လုပ်လေသည်။

စပျစ်သီးခြောက်၊ ဆီးသီးခြောက်စသည်တို့သည် အမေရိကန်ပြည်ထောင်စု၊ဂရိ၊ ဩစတြေးလီးယားနိုင်ငံတို့၏ အရေးပါသောထွက်ကုန်များဖြစ်၍ တူရကီနိုင်ငံမှလည်း အတော်အသင့်ထွက်လေသည်။ အပူပိုင်းဇုန် သစ်သီးများအနက် အရေးအပါဆုံးသော ငှက်ပျောသီးကို ဟာဝိုင်းရီကျွန်းစု၊ အမေရိကတိုက်အလယ်ပိုင်း၊ မက္ကဆီကို၊ ကျူးဗား၊ကနေရီကျွန်းစု၊ အနောက်အိန္ဒိယကျွန်းစု၊ အက်ကွာဒေါ၊ ဗရာဇီး နိုင်ငံတို့တွင်အကြီးအကျယ်စိုက်ပျိုး လုပ်ကိုင်သည်။ အုန်းသီးကို အကြီးအကျယ်စိုက်ပျိုးလုပ်ကိုင်သော ဒေသများမှာ မလ္လာယုကျွန်းဆွယ်မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်ကျွန်းစုနှင့် ပိုလီနီရှားတို့ဖြစ်၍ အမေရိကတိုက်အပူပိုင်းဇုန် ဒေသများမှလည်း အများအပြားထွက်သည်။

သရက်သီးသည်အပူပိုင်းဒေသများ၌ အများအပြားထွက်ရှိသော်လည်း ရောင်းဝယ်ဖောက်ကားရန် ကြီးကြီးကျယ်ကျယ် စိုက်ပျိုးသောနိုင်ငံမှာ အိန္ဒိယတစ်နိုင်ငံတည်းသာ ရှိလေသည်။ နာနတ်သီးကိုလည်း အပူပိုင်းဒေသများ၌ စိုက်ပျိုးလုပ်ကိုင်နိုင်သည်။ သို့သော် ကမ္ဘာအရပ်ရပ်၌ စည်သွတ်နာနတ်များကိုအသုံးများ၍ ထိုလုပ်ငန်း ကြီးကျယ်သောတိုင်းပြည်များမှာ ဟာဝိုင်းရီကျွန်းစု၊ မလ္လာယုကျွန်းဆွယ်နှင့် ကွင်းစလန်ပြည်နယ် (ဩစတြေးလီးယား) တို့ဖြစ်ကြလေသည်။

သစ်သီးဝလံများကိုစိုက်ပျိုးရာ၌ စိုက်ပျိုးမည့်အပင်နှင့် သင့်လျော်သောရေ၊ မြေ ၊ ရာသီဥတုရှိမည့်ဒေသကို ပထမဆုံး ရွေးချယ်ရသည်။ စိုက်ပျိုးမည့်ဒေသတွင် မြေဩဇာကောင်းမွန်၍ ရေမဝပ်မည့်နေရာမျိုးကို ရွေးချယ်ရမည်။ သစ်သီးခြံ စတင်၍မပျိုးမီ တစ်နှစ်၊ နှစ်နှစ်ခန့်က ကြိုတင်၍ စိုက်ပျိုးခင်းများတွင် အပင်များပျိုးယူရသည်။ ထို့နောက်မှ စိုက်ပျိုးခင်းများသို့ပြောင်းရွှေ့ပြီးလျှင် တစ်ပင်နှင့် တစ်ပင် သင့်တော်သလိုခွာ၍ စိုက်ပျိုးကြရသည်။ ခြံမြေကို မြေဩဇာ ထက်သန်အောင်ပြုလုပ်ရာတွင် အချို့ဒေသများ၌ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များကို ခြံမြေနေရာများ၌ ကျောင်းပေး၍ ယင်းတို့စွန့်ပစ်သော အညစ်အကြေးများကို မြေဩဇာအဖြစ် အသုံးပြုကြလေသည်။

သစ်သီးပင်စိုက်ပျိုးသည့် နေရာတိုင်း၌ အဖျက်ပိုးများနှင့် မှိုရောဂါများ ကျတတ်ပေရာ ယင်းတို့ကို ဆိုင်ရာစိုက်ပျိုးရေးပါရဂူများ၏ ညွှန်ကြားချက်အရ သင့်တော်ရာဆေးရည်နှင့် ဆေးမှုန့်များဖြင့် ပက်ဖျန်းပေးရသည်။ နိုင်ငံကြီးများရှိ သစ်သီးခြံကြီးများတွင် သစ်သီးစိုက်ပျိုးသူတို့သည် မိမိတို့ခြံမှ ပထမတန်းစား အသီးထွက်ရှိနိုင်ရန် ကြိုးစားကြ၍ အဖျက်ပိုးနှင့်ရောဂါများကိုကြိုးစားတိုက်ဖျက် တွန်းလှန်ကြသည်။ ဆေးများပက်ဖျန်းရာတွင်ကျောပိုးရသော ဆေးဖျန်းကိရိယာ၊ လက်လှည့်ဆေးဖျန်းစက်၊ သို့မဟုတ် ဆေးဖျန်းအင်ဂျင်စက်ဖြင့် အပင်များကို ဆေးဖျန်းပေးရသည်။ ခေတ်မှီသော သစ်သီးခြံကြီးများတွင်မူ ဆေးပက်ဖျန်းရန်အတွက် လေယာဉ်ပျံများကိုပင်အသုံးပြုကြလေသည်။

သစ်သီးကောင်းရရှိရေးအတွက် အပင်များကို ဆေးပက်ဖျန်းပေးရသည့်နည်းတူ ဂရုတစိုက်ဆောင်ရွက်ပေးရ သောအလုပ်တစ်ခုမှာ အပင်မှ အကိုင်းအလက်များကို ချိုင်ပေးရခြင်းဖြစ်သည်။ စံနစ်တကျ ချိုင်ပေးခြင်းသည် အပင်များကို အားသစ်တက်လာစေသည်။ ညပ်နေသောအကိုင်းအခက်များကြောင့် အသီး နှင့် တကွ အခြားအစိတ်အပိုင်းများသည် လောင်းရိပ်မိနေရာမှ အလင်းရောင်ကို ရရှိနိုင်လာကြသည်။ ဆွေးနေသော အကိုင်းများ ကို ခုတ်ထွင်ပေးလျှင်စိမ်းလန်းနေသောအခြားအကိုင်းများကို ဆွေးမြေ့လာခြင်းမှ ကာကွယ်ပေးရာရောက်သည့်ပြင် အပင်ကို အန္တရာယ်ပြုသည့် ပိုးမွှားတို့၏ အသိုက်အအုံကိုလည်း တပြိုင်တည်း ဖျက်ဆီးပေးသကဲ့သို့ဖြစ်သည်။ စွန့်ပယ်ထားသော အပင်များကိုပင် စံနစ်တကျချိုင်ပေး၍ ကောင်းစွာပြုစုပေးပါက အသီးများထပ်မံ၍ သီးလာနိုင်လေသည်။ အေးသောဒေသများ၌ သစ်သီးများ၏ဆိုးရွားသော အန္တရာယ်တစ်ခုမှာ ဆီးနှင်းပင်ဖြစ်သည်။ ထိုဒေသများတွင် ဆီးနှင်းကျရောက်သည့်အကြောင်းကို ရေဒီယိုမှ သတင်းကျေညာလိုက်လျှင် ဥယျာဉ်မှူးတို့သည် မိမိတို့ အဖိုးတန်အပင်များမပျက်မစီးရအောင် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ကြရသည်။ အချို့ သောသစ်သီးခြံကြီးများတွင် ပိုက်လုံးများကိုမြေအောက်၌မြုပ်၍ အအေးဓာတ်လွန်ကဲသည့် အချိန်တွင် ရေနွေးများလွှတ်ပေးကြရသည်။ အချို့ခြံများတွင်မူ ဆီဖြင့်ဖြစ်စေ၊ ကျောက်မီးသွေးဖြင့်ဖြစ်စေ မီးဖိုပေးကြရသည်။ အပူတိုက်ပေးရသည့်အလုပ်သည် အလွန်စရိတ်ကြီးသော်လည်း ရေရှည်အတွက်ကြည့်လျှင် တွက်သားကိုက်ကြောင်း၊ အပူတိုက်မပေးသည်ခြံများထက် အမြတ်အစွန်းပိုကြောင်း တွေ့ရလေသည်။

သစ်သီးများကိုအချိန်မီဆွတ်ခူးခြင်း၊ စံနစ်တကျ ကိုင်တွယ်ခြင်း တို့ကို ဆောင်ရွက်နိုင်ပါမှ ယင်းတို့၏ နှစ်လိုဖွယ်အရသာကို အပြည့်အဝခံစားနိုင်ကြရသည်။ ဝေးလံသောအရပ်သို့ တင်ပို့ရမည့်သစ်သီးများကို မှည့်စပြုချိန်တွင် ဆွတ်ခူးကြရ၍ ထိုအချိန်တွင် အတန်ငယ် မာနေသေးလင့်ကစား ဈေးသို့အရောက်တွင် ရောင်းပန်းလှလှနှင့် စားသုံးရန်အဆင်သင့် အခြေအနေဖြစ်သွားသည်။ ဆွတ်ခူးစဉ် စိမ်းလွန်းပါကလည်း အရသာညံ့ဖျင်းတတ်၍ မှည့်မှ ခူးပြန်လျှင်လည်း အမှည့်လွန်ကာ ပုပ်ရိသွားနိုင်သည်။ ထိုကြောင့် သစ်သီးလုပ်ငန်းကြီးကျယ်သော နိုင်ငံကြီးများတွင် သစ်သီးခူးရန်သင့် မသင့် စမ်းသပ်သော ကိရိယာကို အသုံးပြုကြသည်။ သစ်သီးခူးစဉ် အကိုင်အတွယ် ကြမ်းက သစ်သီးပွန်းပြီး ပုပ်သွားနိုင်သဖြင့်အကိုင်အတွယ် သတိထားရသည်။ ခေတ်မီ သစ်သီးခြံကြီးများတွင်မူ သီးသန့်တံချုတံများကိုအသုံးပြုကြ၍ သစ်သီးကိုင်တွယ်သူများသည် လက်အိတ် စွတ်ထားကြရလေသည်။

သစ်သီးများကို အကောင်းအညံ့ဟူ၍ အမျိုးအစား ခွဲခြားထုတ်ရာ၌လည်း ခေတ်မီစံနစ်များ အသုံးပြုကာ အလွန်တိုးတက်လာသည်။ သစ်သီးလုပ်ငန်း ကြီးကျယ်သောတိုင်းပြည်ကြီးများတွင် သစ်သီးအမျိုးအစား ခွဲခြားရေးဥပဒေများကိုပင်ပြဋ္ဌာန်းထားလေသည်။ သစ်သီးများကို ထုပ်ပိုးတင်ပို့ရာ၌လည်း ယခင်ကထက် ဂရုတစိုက် ဆောင်ရွက်ကြရသည်။ သစ်သီးများကို မခူးမီ အပင်ပေါ်၌ရှိစဉ်က ပိုးသတ်ဆေးများပက်ဖျန်းထားသဖြင့် သစ်သီးများကို ထုပ်ပိုးခြင်းမပြုမီ သစ်သီးများကို ဆေးကြောပစ်ရသေးသည်။ နိုင်ငံခြားသို့တင်ပို့သောအခါ သစ်သီးများကို သင်္ဘောရှိ အအေးခန်းများ၌ ထည့်၍ ပို့ဆောင်ကြ ရသည်။ သစ်သီးလုပ်ငန်းကြီးကျယ်သော အချို့တိုင်းပြည်ကြီးများတွင်မူ သစ်သီးတင်အထူးသင်္ဘောကြီးများကိုပင် အသုံးပြုကြလေသည်။

၁၉၃၃ ခုနှစ် အသီးအနှံထွက်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင်သစ်သီးဝလံစိုက်ပျိုးသော ဧကပေါင်း ၄၄ဝဝဝဝ ရှိသည်ဟုသိရှိရလေသည်။ ယင်းတို့အနက် ၉၂ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအောက်ပိုင်း မိုးများသော ဒေသများတွင် ရှိကြ၍ သစ်သီးအထွက်များဆုံးဒေသသည် တနင်္သာရီတိုင်းဖြစ်လေသည်။

တနင်္သာရီတိုင်းတွင် သစ်သီးသစ်ပင်အတော်အမျိုးစုံစွာ ပေါက်ရောက်ဖြစ်ထွန်းနိုင်သော ရေ၊ မြေ နှင့် ရာသီဥတု ရှိပေသည်။ ထိုဒေသမှအဓိကထွက်သော သစ်သီးများမှာ သရက်၊ မင်းကွတ်၊ ဒူးရင်း၊ မရမ်း၊ မာလကာ၊ မော်လမြိုင်ကြက်မောက်၊ ငှက်ပျော၊ သီဟိုဠ်သရက်၊ နာနတ်၊ ပိန္နဲ၊ သံပရာ၊ ကျွဲကော၊ ဥသျှစ်တို့ဖြစ်ကြ၍ ပေါင်သီး၊ သကြားသီး၊လိမ္မော်၊တောကြက်မောက်ဒူးရင်းဩဇာ တို့လည်း အတော်အသင့် ထွက်ရှိလေသည်။

ဧရာဝတီနှင့်ပဲခူးတိုင်းတို့တွင် တနင်္သာရီတိုင်းလောက် သစ်သီးဝလံစိုက်ပျိုးခြင်းဖြစ်ထွန်းလေ့မရှိချေ။ ယင်းဒေသတို့မှ အဓိကထွက်သော သစ်သီးများမှာ သရက်၊ မရန်း၊ ငှက်ပျော၊ ပိန္နဲ၊ ရှောက်၊ သံပုရာတို့ဖြစ်ကြ၍ မြောင်းမြနှင့် ပုသိမ်ခရိုင် ကမ်းရိုးတန်းဒေသများတွင် သီဟိုဠ်သရက်ပင်များကို တွေ့ရသည်။ မိုးပါးသော ပြည်နှင့် သာယာဝတီခရိုင်များမှ ဩဇာသီးနှင့် လိမ်မ္မော်သီးတို့ထွက်လေသည်။ ရခိုင်တိုင်းသည် တနင်္သာရီတိုင်းနည်းတူ မိုးရေချိန်ရှိ၍ သရက်၊ မရမ်း၊ ငှက်ပျော၊ ပိန္နဲ၊ ရှောက်၊ သံပရာတို့ အများအပြား ထွက်သည်။ တောကြက်မောက်နှင့် သီဟိုဠ် သရက်ပင်တို့ကိုလည်း ရံဖန်ရံခါ တွေ့ရ သည်။ သို့သော် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ပြည်မသို့တင်ပို့ခြင်း အလွန်တရာနည်းပါးလှပေသည်။ အထက်မြန်မာနိုင်ငံတွင် မိုးအလွန်ပါးသဖြင့် သစ်သီးဝလံစိုက်ပျိုးရေး မဖြစ်ထွန်းလှချေ။ သို့သော်မြေဩဇာကောင်း၍ ရေသွင်းစိုက်ပျိုးနိုင်သော မန္တလေး၊ ကျောက်ဆည်၊ သရက်မြို့နှင့် မုံရွာခရိုင်များတွင်မူ သစ်သီးဝလံအထွက်ကောင်းသည်။ အထက်မြန်မာနိုင်ငံထွက် သစ်သီးဝလံများမှာ သရက်၊ ငှက်ပျော၊ မရန်း၊ ပိန္နဲ၊ သံပရာ၊ ရှောက်၊ သင်္ဘော၊ ဥသျှစ်သီးနှင့်ဆီးသီးတို့ဖြစ်ကြ၍ တည်သီး၊ဩဇာသီး၊ သင်္ဘောဩဇာနှင့် စပျစ်သီးတို့လည်း အနည်းအကျဉ်းထွက်သည်။ ဗန်းမော်မြို့အနီး၌ တရုတ်တည်သီးနှင့် တရုတ် ဆီးသီး ခေါ် တရုတ်ကြက်မောက်သီး တို့ ပေါက်ရောက်ဖြစ်ထွန်းလေသည်။

ရှမ်းပြည်နယ်တွင် လိမ်မ္မော်နှင့် စတော်ဘယ်ရီခြံများကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် ရှမ်းပြည်နယ်၌ သစ်သီးဝလံစိုက်ပျိုးရေးကို ပိုမိုလုပ်ကိုင်လာကြရာ သစ်သော့သီး၊ ရှောက်ချိုသီးများ၊ ပိုမိုထွက်ရှိလာခဲ့လေသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်လူထုသည် သစ်သီးဝလံကို အများဆုံးစားသုံးကြကြောင်း တွေ့ရသည်။ ရန်ကုန်မြို့သို့တင်ပို့ကြသောသစ်သီးဝလံများနှင့် ထွက်ရှိတင်ပို့ကြသော ဒေသအရပ်ရပ်တို့မှာ အောက်ပါအတိုင်း ဖြစ်လေသည်။ ရန်ကုန်မြို့သို့ရောက်ရှိလာသောငှက်ပျောသီးတို့သည် ဟင်္သာတနှင့် ပုသိမ်နယ်များအတွင်းရှိ ယုံသလင်းနှင့် ခမောက်စုတို့မှ တင်ပို့ခြင်းဖြစ်သည်။ မုတ္တမနယ်သည် ငှက်ပျောအထွက်ကောင်းသော်လည်း မှန်မှန်တင်ပို့နိုင်ခြင်း မရှိချေ။ ဖူးကြီး၊ ပျဉ်းမနား၊ တောင်ငူ၊ ရေတာရှည်တို့မှလည်း တင်ပို့ကြလေသည်။

သရက်သီးသည် ရန်ကုန်ဆင်ခြေဖုံးဒေသများမှလည်း အများအပြားထွက်သည်။ မြစ်ငယ်၊ ပျဉ်းမနားနှင့် ကျောက်ဆည် နယ်တို့မှလည် ရန်ကုန်သို့တင်ပို့ကြလေသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီခေတ်က ပြည်တွင်းထွက်သရက်များ တုံးချိန်တွင် မဒရပ်နှင့် ကာလကတ္တားမှ ဗင်္ဂလားသရက်များကို နှစ်စဉ် ကျပ်ငွေ နှစ်သိန်းဖိုးခန့် တင်သွင်းခဲ့လေသည်။ လိမ်မ္မော်သီးများကို သီပေါနှင့် အောင်ပန်း(ရပ်စောက်)တို့မှတင်ပို့ သည်။ ရန်ကုန်မှတဆင့် မြန်မာနိုင်ငံအရပ်ရပ်သို့ဖြန့်ဖြူးရသည်။ သီပေါလိမ္မော်သည် အောင်ပန်းလိမ္မော်ထက် ပို၍အမျိုးအစားကောင်းသည်။ တောင်ငူခရိုင် တောင်ကုန်းဒေသများနှင့်ရွှေကျင်နယ်မှလည်းလိမ္မော်သီး အနည်းအကျဉ်းထွက်ရှိ၍ ရန်ကုန်သို့ တင်ပို့ကြလေသည်။

ရှောက်၊ သံပရာတို့ကိုမြစ်ငယ်နယ်မှ အများဆုံးတင်ပို့၍ ရွှေကျင်နှင့်မုတ္တမမှ ကျွဲကောနှင့်သံပရာ အတော်အသင့်တင်ပို့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီခေတ်က ကျွဲကောသီးများကို မလ္လာယုကျွန်းဆွယ်မှ နှစ်စဉ်တင်သွင်းရလေသည်။ မင်းကွတ်သီးများကိုသထုံ၊ မော်လမြိုင်၊ ထားဝယ်၊ စသောတနင်္သာရီတိုင်းရှိခရိုင်များမှ တင်ပို့ ခြင်းဖြစ်လေသည်။ ဒူးရင်းသီးများကိုလည်း မော်လမြိုင်၊ သထုံနှင့် ထားဝယ်တို့မှပင် တင်ပို့ကြလေသည်။

နာနတ်သီးသည်အောက်မြန်မာနိုင်ငံဒေသများစွာ၌ အများအပြားထွက်ရှိ၍ ရှမ်းပြည်နယ်၌လည်း အတော်အသင့် စိုက်ပျိုးလုပ်ကိုင်ကြသည်။ မြန်မာနာနတ်မျိုးထက် အလုံးပိုကြီး ၍ အရသာပိုကောင်းသော ကျူးနာနတ်မျိုးကို မော်လမြိုင်ဘက် ၌ စတင်စိုက်ပျိုးရာမှ အောက်မြန်မာနိုင်ငံ အချို့အရပ်ဒေသများ ၌လည်း တိုးချဲ့ စမ်းသပ်စိုက်ပျိုးလျက် ရှိကြသည်။ ရာသီအလိုက်ရန်ကုန်သို့ရောက်ရှိလာသောအခြား သစ်သီးများမှာ ရမည်းသင်း၊ ပြည်နှင့်သာယာဝတီတို့ဘက်မှ လာသောဥသျှစ်သီးများ၊ ပြည်ခရိုင်မှလာသောဩဇာသီး၊ ကျိုက္ခမီနှင့် သထုံတို့မှလာသော ကြက်မောက်သီးတို့ဖြစ် ကြသည်။ ဖရဲသီးများကို ပဲခူးနှင့် တောင်ငူဖက်မှလည်းကောင်း၊ဖရုံသီးများကို ပြည်မီးရထားလမ်းဘက်မှလည်းကောင်း တင်ပို့ကြလေသည်။ အုန်းသီးများကိုထားဝယ်၊ မြိတ်၊ ပုသိမ်၊ စစ်တွေစသော ကမ်းရိုး တန်းဒေသများနှင့်မြစ်ဝကျွန်းပေါ်မြို့များမှ တင်ပို့ကြ သည်။ ကုန်းကျသောမြို့များအနက် ပျဉ်းမနားနယ်မှ သာလျှင် အုန်းသီးအများအပြား တင်ပို့နိုင်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းထွက်အုန်းများနှင့်မလုံလောက်သဖြင့် စင်္ကာပူ၊ ကာလကတ္တား၊ မဒရပ်၊ ကိုကိုးကျွန်းတို့မှလည်း တင်သွင်းခဲ့ရလေသည်။ပိန္နဲသီးများကို ရန်ကုန်ဆင်ခြေဖုံးဒေသများမှ တင်ပို့ကြသည်။ သင်္ဘောသီးသည် နိုင်ငံအရပ်ရပ်၌ ထွက်ရှိသော်လည်း သယ်ယူပို့ဆောင်ရန် မလွယ်ကူသဖြင့် နီးစပ်သောမြို့နယ်များမှသာ အနည်းအကျဉ်း တင်ပို့ကြလေသည်။ ဆီးသီးများကို ပြည်မီးရထားလမ်းရှိ မှော်ဇာနှင့် ပုတီးကုန်းတို့မှလည်းကောင်း၊ မန္တလေးမီးရထားလမ်းရှိ ရမည်းသင်း စသောမြို့များမှလည်းကောင်းတင်ပို့ကြလေသည်။ ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် ရှောက်ချိုသီးများကို အများအပြားစားသုံးလာကြ၍ ယင်းတို့ကို မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ မော်လမြိုင်၊ စစ်တွေ၊ မှော်ဘီခရိုင်များနှင့် ရှမ်းပြည်နယ်များတွင် အများအပြား စိုက်ပျိုး လုပ်ကိုင်လာကြလေသည်။

မြန်မာနိုင်ငံ၌သစ်သီးများကို ပို့ဆောင်ပုံမှာ ဩဇာသီး၊ လိမ္မော်သီးစသည်များကိုခြင်းနှင့်ထည့်သိုပို့သည်မှ လွဲ၍ အခြားအသီးအနှံအများကို များသောအားဖြင့် လှည်းများ၊ လော်ရီကားများပေါ်၌ ယိုင်ပတ်များ ကာပြီးလျှင် စုပုံပို့ဆောင်ခြင်းဖြစ်သည်။ ထိုကြောင့်သစ်သီးများသည် ရန်ကုန်အရောက်တွင် ၁၅ ရာခိုင် နှုန်းခန့် ပုပ်ရိပျက်စီးကြရလေသည်။

သစ်သီးဝလံစိုက်ပျိုးရေးတွင်လည်း အထူးသဖြင့် အထက်မြန်မာနိုင်ငံ၌ မန္တလေးနှင့် ကျောက်ဆည်ခရိုင်တို့တွင် သရက်နှင့် ငှက်ပျောဥယျာဉ်များကိုလည်းကောင်း၊ အောက်မြန်မာနိုင်ငံ အချို့မြို့ကြီးများအနီးအနားမှ ဥယျာဉ်များကိုလည်းကောင်း၊ ရှမ်းပြည်နယ်၌ လိမ်မ္မော်၊ စတော်ဘယ်ရီနှင့် သစ်သော့များကိုလည်းကောင်း၊ စံနစ်တကျအကွက် ချ၍စိုက်ပျိုးသည်မှလွဲ၍ စိုက်ပျိုးပြုစုပုံစံနစ်များသည် ခေတ်မမီလှသေးချေ။ အခြားအရပ်ဒေသများတွင် သရက်ခြံ၊ မရမ်းခြံများသည်လည်း အခြားအပင်များပါရောနှောပေါက်သော ခြံဥယျာဉ်များဖြစ်ကြ၍ အပင်များကျန်းမာသန်စွမ်းကာ အသီးထွက်များအောင် မြေတောင်မြှောက်ပေးခြင်း ၊အကိုင်းအခက်ချိုင် ပေးခြင်းတို့ကိုဆောင်ရွက်ခဲလှသည်။ အသီးမျိုးကောင်းရရန် ဆောင်ရွက်ခြင်းလည်းမရှိကြဘဲ အပင်မှသီးသမျှကို ဆွတ်ခူးစားသုံးရောင်းဝယ်ဖောက်ကားခြင်းကိုသာ ပြုခဲ့ကြလေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင်မူ သစ်သီးဝလံစိုက်ပျိုး ရေးကို ပြည်ပိုင်အစိုးရများက ဦးဆောင်အားပေးခြင်း ပြုလာသည်။ သစ်သီးအမျိုးအမည်တိုးချဲ့စိုက်ပျိုးရေးကိုလည်း ဆောင်ရွက်လာသည်။ ရှမ်းပြည်နယ်တွင် သစ်သော့ခြံများကို တိုးချဲ့လုပ်ကိုင်လာကြ၍ ကချင်ပြည်နယ်၊ ချင်းတောင်တန်းဒေသ တို့၌လည်း စမ်းသပ်စိုက်ပျိုးအောင်မြင်လျက်ရှိသည်။ ပုပ္ပါးတောင်တဝိုက်ဒေသများ၌ မျိုးကောင်းလိမ္မော်၊ သစ်သော့၊ စပျစ်၊ ပန်းသီးတို့ကို စမ်းသပ်စိုက်ပျိုး အောင်မြင်လျက်ရှိ၍ ပြည်တွင်းသုံး လုံလောက်အောင်ချဲ့ထွင် စိုက်ပျိုးသွားရန် ဆောင်ရွက်လျက် ရှိပေသည်။ သရက်၊ နာနတ် စသည်တို့ စည်သွတ်ခြင်း၊ အဖျော်ယမကာပြုခြင်း တို့ကိုလည်း အောင်မြင်စွာထုတ်လုပ်နိုင်လာပေပြီ။

ကမ္ဘာအရပ်ရပ်တွင် သစ်သီးလုပ်ငန်းသည် ရှေးကထက်အဆပေါင်းများစွာ တိုးတက်လာခဲ့သည် ဆိုသောအချက်ကိုကား မည်သူမျှမငြင်းနိုင်ပေ။ ရှေးက အနောက်နိုင်ငံများတွင်ဆောင်းရာသီ၌ ပန်းသီးမှလွဲ၍အခြား သစ်သီးဝလံကိုမစားကြရချေ။ ငှက်ပျောသီးသည်လည်း အလွန်ရှားပါး၍မြို့ကြီးများ၌သာရနိုင်ခဲ့သည်။ လွန်ခဲ့သောအနှစ် သုံးလေးဆယ်ခန့်တိုင်အောင် စပျစ်သီးသည် မြန်မာနိုင်ငံတွင် အမြင်အတွေ့ရ နည်းပါးပြီးလျှင် အလွန်အဖိုးတန်၍ မင်းသုံး သူဌေးသုံးသစ်သီးမျိုးဖြစ်ခဲ့သည်။ ယခုအခါတွင်မူ အနောက်တိုင်းထွက် သစ်သီးဝလံများကိုအရှေ့တိုင်းများ၌ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပြီးလျှင် အရှေ့တိုင်းထွက် သရက်သီး၊ မင်းကွတ်သီးတို့သည်လည်း အနောက်နိုင်ငံများသို့ ပေါက်ရောက် ကျော်ကြားလျက် ရှိပေသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)