ရဟန်းတော်တို့၏ အသုံးအဆောင်၊ ပရိက္ခရာ ရှစ်ပါးတွင် သပိတ်သည်အပါအဝင်ဖြစ်၏။ မည်သည့်သပိတ်မျိုးကို ကိုင်တွယ်သုံးဆောင်ရမည်ဟု မပညတ်မသတ်မှတ်မီအခါ ကရဟန်းတော်များသည်လူတို့၏ အသုံးအဆောင်ဖြစ်သည့် အမျိုးမျိုးသောသပိတ်တို့ကို ကိုင်တွယ်သုံးဆောင်ကြသည်။ ထိုကြောင့် ဘုရားရှင်သည် ၁၁ လုံးသောသစ်သား၊ ရွှေ၊ ငွေ၊ ပတ္တမြား၊ ကျောက်မျက်ရွဲ၊ ဖန်၊ ကြေးဖြူ၊ စဉ့်၊လွဲဖြူ၊ သလွဲမည်း၊ ကြေးနီ သပိတ်တို့ကိုပယ်မြစ်၍ မြေသပိတ် နှင့်သံသပိတ် တို့ကိုသာ ခွင့်ပြုတော်မူသည်။

ပုဂံရှိ ဘုရားတစ်ဆူတွင် မြင်တွေ့ရသည့် သပိတ်များ

သပိတ် ပြင်ဆင်ရန်

ရဟန်းတော်တို့သည် ဆွမ်း စသော အာဟာရတို့ကို ခံယူသုံးဆောင်ခြင်းငှာအပ် သောသပိတ်သည် မြေသပိတ်၊ သံသပိတ်ဟုနှစ်မျိုးရှိသည်။ ယင်းသပိတ် တို့သည် အဆင်းအရောင်လုံလောက်မှသာ အဓိဋ္ဌာန်၊ ဝိကပ္ပနာ လောက်သည် ဖြစ်၍သပိတ်အရာဝင်သည်။ သပိတ်သည်

  1. သပိတ်ကြီး၊
  2. သပိတ်လတ်၊
  3. သပိတ်ငယ်ဟူ၍ မူရင်းအားဖြင့် သုံးလုံးရှိသည်။


ထိုတွင် သပိတ်ကြီးသည် (က)သပိတ်ကြီး ထက်ကြီးသောသပိတ်၊ (ခ)သပိတ်ကြီး။ (ဂ)သပိတ် ကြီးအောက်ငယ်သောသပိတ်ဟူ၍သုံးလုံး။ ထို့အတူသပိတ်လတ်သည်လည်း (က)သပိတ်လတ်ထက်ကြီး သောသပိတ်။ (ခ)သပိတ်လတ်၊ (ဂ)သပိတ်လတ် အောက်ငယ်သောသပိတ်ဟူ၍သုံးလုံး။ သပိတ်ငယ် သည်လည်း (က)သပိတ်ငယ်ထက်ကြီးသောသပိတ်၊ (ခ)သပိတ်ငယ်၊ (ဂ)သပိတ်ငယ်အောက်ငယ်သောသပိတ်ဟူ၍ သုံးလုံးစီ ရှိကြသည်။

သို့ဖြစ်၍ သပိတ်သည်ကိုးလုံးရှိသည်။ အရွယ်ပမာဏအားဖြင့်ချက်ပြီးထမင်း ဟင်းအစုံသုံးစလယ်မလျော့ မပိုဝင်ဆံ့သောသပိတ်သည် သပိတ်ငယ်မည်သည်။ ဤအချင့်ကိုမူတည်၍ ချက်ပြီးထမင်းဟင်း စုံသုံးစလယ်ထည့်သောအခါ လျော့ဟောက်နေလျင် အငယ်ထက် ကြီးသောသပိတ်၊ ပိုမောက်နေလျှင် အငယ့်အောက် ငယ်သော သပိတ်မည်သည်။ ချက်ပြီး ထမင်းဟင်းအစုံတစ်ပြည့်တစ်ခွက် (သုံးခွက်) မလျှော့မပိုဝင်ဆံ့သောသပိတ်သည် သပိတ်လတ်မည်သည်။ ဤအချင့်ကိုမူတည်၍ ဤချက်ပြီးထမင်းဟင်း အစုံထည့်သောအခါ လျော့ဟောက်နေလျှင်အလတ်ထက်ကြီး သောသပိတ်၊ ပိုမောက်နေလျှင် အလတ်အောက်ငယ်သော သပိတ်မည်သည်။ ချက်ပြီးထမင်းဟင်း အစုံသုံးပြည်ဝင်ဆံ့သော သပိတ်သည် သပိတ်ကြီးမည်သည်။

ဤအချင့်ကိုမူတည်၍ချက် ပြီးထမင်းဟင်းအစုံသုံးပြည် ထည့်သောအခါ လျော့ဟောက်နေလျှင် အကြီးထက် ကြီးသောသပိတ်၊ ပိုမောက်နေလျှင်အကြီး အောက်ငယ်သော သပိတ်မည်သည်။ သပိတ်ကိုးလုံးအနက်အငယ်ဆုံး (အငယ့်အောက်အငယ်)နှင့်အကြီးဆုံး (အကြီးထက် အကြီး) သပိတ်နှစ်လုံးသည် အဓိဌာန်ဝိကပ္ပနာ၊ပြုခွင့်မရှိသော ကြောင့်သပိတ် အရာမဝင်၊ သာမန်ခွက်အဖြစ်ဖြင့် သာသုံးစွဲအပ်သည်၊ သပိတ်သည် အမျိုးအစားအားဖြင့် မြေသပိတ်၊သံသပိတ်နှစ်မျိုးသာအပ်သည်။ အရောင်အဆင်းမှာဖြူကြောင်ကြောင် အရောင်အဆင်းမရှိစေဘဲ၊ ရဟန်း တို့အား လျောက်ပတ်သောညိုမှောင်မှောင်အရောင်အဆင်း ရှိစေရမည်။ ဤရည်ရွယ်ချက်ဖြင့် မြေသပိတ်ကိုနှစ်ကြိမ်မီးဖုတ်၍၊ သံသပိတ်ကို ငါးကြိမ်မီးဖုတ်ရမည်ဟု အဌကထာ တို့၌ဆိုသည်။ [၁]

ခဲဖွယ်ဘောဇဉ်ထည့်သော သပိတ် ပြင်ဆင်ရန်

ရဟန်းတော်တို့၏ ပရိက္ခရာရှစ်ပါးတွင် သပိတ်သည် တစ်ပါး အပါအဝင်ဖြစ်သည်။ သပိတ်နှင့် ပတ်သက်၍ သံသပိတ်နှင့် မြေသပိတ်တို့သည် ရဟန်းတော်တို့ သုံးစွဲကောင်းသောသပိတ်များ ဖြစ်ကြသည်။ ထိုသပိတ်များဖြင့် ဆွမ်းဘုဉ်းပေးသောအခါ ကပ္ပိယတို့သည် သပိတ်ဆေးရေ၊ ဆပ်ပြာ၊ လက်သုတ်ပဝါ၊ ထွေးခံ စသည်တို့ကို အဆင်သင့် ပြင်ဆင် ထားကြရသည်။ ထိုသပိတ်များကို ဆေးကြောသောအခါ စနစ်တကျရှိရသည်။ ယခုခေတ်၌ သပိတ်များကို သပိတ်အိတ်ဖြင့် တင်းကျပ်စွာ ချုပ်ထားလေ့ ရှိသည်။ ဆေးကြောရန်အတွက် သပိတ်အိတ်ကို ယူသောအခါ သပိတ်လွယ်ကြိုးကို ဘေးဘက်ချ၊ သပိတ်ဖုံးကို ဖွင့်ပြီး ဘေးဘက်မှာချ၊ သပိတ်ထဲရှိ ဆွမ်းကျန်များကို ဖယ်ရှားပြီးမှ ရေအနည်းငယ် လောင်းထည့်ရသည်။ [၂]

ထိုရေဖြင့် ပထမအကြိမ် အကြမ်းဆေးပြီး ဆပ်ပြာဖြင့် ပွတ်တိုက်ရသည်။ ထိုသို့ ဆပ်ပြာတိုက်ရာ၌ သပိတ်အတွင်း ဘက်ကိုသာ ပွတ်တိုက်ရသည်။၎င်းနောက် ရေအနည်းငယ် ထည့်၍ သွန်ပစ်ပြီး ရေအသစ်ထည့်၍ ဆပ်ပြာရည်စင်အောင် ဆေးပါ၊ သပိတ်နှုတ်ခမ်းများကို ရေသန့် သန့်ဖြင့် ပွတ်သပ်ရုံသာ ဆေးရသည်။ အပြင်ဘက် သပိတ်အိတ်ကို ရေမစိုစေရပါ။ ဟင်းနံ့ စင်ကြယ်လျှင် သပိတ်ကို ရေစင်အောင် မှောက်သွန်ပါ၊ ၎င်းနောက် ပဝါ သန့်သန့်ဖြင့် သုတ်ပါ၊ သပိတ်အဖုံးကိုလည်း ထိုနည်းအတူ စင်ကြယ်အောင် ဆေးပါ၊ သုတ်ပါ။ [၂]

သပိတ်နှင့် ပတ်သက်၍ ခုဒ္ဒသိက္ခာကျမ်းလာ မှတ်သားဖွယ်ရာတို့ကို လိုက်နာရပေမည်။ ကပ္ပိယကောင်းတို့ မည်သည် ရေမစင်သော သပိတ်ကို သိမ်းမထားရပါ၊ ရေမစင်ဘဲနှင့် သပိတ်ကို နေပူ မလှန်းရပါ၊ သပိတ်ရှိ ဟင်းနံ့များ သန့်ရှင်း စင်ကြယ်သွားစေရန် နေပူထဲတွင် ခဏမျှ လှန်းပါ၊ နေပူ ကျဲကျဲတွင် အချိန်ကြာမြင့်စွာ သပိတ်ကို နေမလှန်းရပါ၊ ကြမ်းတမ်းသောမြေပြင်ပေါ်၌ အခင်းမပါ သပိတ်ခြေ မပါဘဲ ချမထားရပါ၊ သံကောက် ဆင်စွယ်ကောက် စသည့်နေရာတို့၌ ချိတ်ဆွဲမထားရပါ၊ သပိတ်ကို သိမ်းဆည်းသောအခါ သပိတ် ဖုံးဖြင့် ဖုံးထားလျှင် အနံ့အသက် မကောင်းသောကြောင့် သပိတ်ဖုံးကို ဖွင့်၍ ထားရသည်။ [၂]

ရှေးခေတ်က နံရံအခြေခိုင်အောင်၊ သို့မဟုတ် ထိုင်ရအောင် နံရံ၏အတွင်းအပြင်၌ မြေခုံတစ်ခု အပိုလုပ်ထား တတ်ကြသည်။ ထိုမြေခုံကို အကျည်ဟု ခေါ်သည်။ ထိုခုံ အကျည်၌ သပိတ်ထားလျှင် လိမ့်ကျမည်စိုး၍ အကျည်စွန်း၌ မထားရပါ၊ ယခုကာလ အုတ်တိုက်အစွန်းများ၌ အကျည်သဘောပင်ဖြစ်၍ မတင်ရ မထားရ၊ အကျည်က တစ်တောင်လောက် ကျယ်ဝန်း၍ လိမ့်ကျရန် မလွယ်လျှင်မူ ထားကောင်းပါ၏။ သပိတ်ခြေနှင့်အတူ စနစ်တကျ ထားရပါသည်။ [၂]

ဆွမ်းစားပြီး၍ သပိတ်ကို ဆေးရန်ယူသောအခါ ပလုတ် ဆေးရေ၊ စားသောက်စွန့်ပစ်အပ်သော ဟင်းဖတ် အရိုးဖတ်များကို မထည့်ရပါ၊ သပိတ်သည် သာမန်ခွက်မျိုး မဟုတ်သည်ကို သတိပြုရပါမည်။ သပိတ်ကို လက်ဆေးခံ လုပ်၍ လက်မဆေးရပါ၊ သပိတ် လက်၌ ပိုက်လျက်ဖြစ်စေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုမှာ သပိတ် ရှိနေလျှင်ဖြစ်စေ တံခါးရွက်ကို မတွန်းရ၊ မင်းတုတ်ကလန်ကိုလည်း မဖြုတ်ရ၊ သပိတ်အိတ်ဖြင့် လွယ်ထားခိုက်ဖြစ်လျှင်ကား အခြေအနေ ကြည့်၍ လုပ်ကောင်းပါသည်။ သပိတ် ကျကွဲခြင်း၊ သပိတ် ပေါ်သို့ မင်းတုတ်ကလန့် လဲကျခြင်းတို့ မဖြစ်စေရန် အထူး သတိပြုရပါမည်။ [၂]

ရဟန်းတော်တို့နှင့်အပ်သော ခွက်များ ပြင်ဆင်ရန်

ကြေးနီခွက်၊ မြေခွက်၊ သံခွက် ၃-မျိုးတို့သည် ရဟန်း သာမဏေတို့ကိုယ်ပိုင် (ပုဂ္ဂလိက)အဖြစ်ဖြင့် သုံးစွဲကောင်း၏၊ ထိုခွက်တို့၌ ထည့်၍ စားကောင်းသောက်ကောင်း၏။ သစ်သားခွက်၊ ရွှေခွက်၊ ငွေခွက်၊ ပတ္တမြားခွက်၊ ကြောင်မျက်ရွဲခွက်တို့သည် မအပ်ကုန်။ [၂]

ရွှေခွက်စသော ရတနာခွက်တို့သည် ရဟန်းတော်များ ကိုင်ရုံ ထိရုံမျှ မအပ်စပ်ပေ၊ သစ်သားခွက်ကား ထည့်၍သာ မစားမသောက်ကောင်းပါ၊ ကိုင်ရုံကား ကိုင်ကောင်း၏။ ယခုကာလ ကွမ်းအစ် စသည်၌ ငွေထုံးဘူး စသည်တို့ကို မကိုင်ကောင်းပေ။ ထည့်၍လည်း မသုံး ဆောင်ကောင်းပေ၊ သို့ဖြစ်၍ ကပ္ပိယတို့သည် သတိထား၍ စီစဉ် ရပေမည်။ နိုးခွက်၊ နှီးကွမ်းအစ်၊ နှီးဖြင့် ပြုလုပ်သော လက်ဖက်အုပ်တို့ကိုပင် သစ်သားခွက်နှင့် အလားတူဟု သဘောထား၍ လက်ဖက်၊ ကွမ်းစသည် ထည့်စားမှုကို ရှောင်ကြဉ်ကြသည်။ သို့ဖြစ်၍ ကပ္ပိယတို့သည် ပန်းကန်များဖြင့် ဆက်ကပ်ကြရပေမည်။ [၂]

ချက်ဖန်ခွက်၊ ချက်ကျောက်ခွက်၊ စဥ့်ခွက်၊ ကြေးဖြူ၊ ကြေးဝါခွက်တို့မှာမူ လူဥစ္စာ ဖြစ်သော်လည်းကောင်း၊ သံဃိကပစ္စည်း ဖြစ်သော်လည်းကောင်း ထည့်၍ သုံးဆောင် ကောင်းပါ၏။ ပုဂ္ဂလိကပိုင် (ရဟန်းတစ်ပါးတည်းပိုင်) အဖြစ်ဖြင့်မူ မသုံးစွဲအပ်ပေ။ ကြေးဝါဇွန်း၊ ဖန်ခွက်၊ ဖန်ချိုင့် စသည်တို့ကို ဆက်ကပ်ရာ၌ သတိပြုရမည် ဖြစ်သည်။ [၂]

နိုးခွက်၊ အိုးခွက်တို့သည် တခဏမျှ ထည့်၍ စားသောက်ကောင်းပါ၏။ သွားလေရာယူ၍ သပိတ်ကဲ့ သို့ကား အမြဲ မသုံးစွဲကောင်းပါ၊ ခဏလောက် ထည့်စား ရန်သာ နိုင်သည်။ ဖက်ရွက်သစ်ရွက်ဖြင့် ပြုလုပ်အပ်သော ဖက်ခွက်များလည်း ထို့အတူပင် တခဏမျှ ထည့်စားကောင်း၏ဟု သတိပြုကာ ရဟန်းတော်တို့အား ရာ၌ အပ်စပ်သောခွက်များဖြင့် ကြရန် သတိထားရပေမည်။ [၂]

အကယ်၍ ရှောင်လွှဲမရသောအခါ နှီးကွမ်းအစ်ဖြင့် ထည့်၍ကပ်သော ကွမ်းကို လက်ပေါ် တဆင့်ပြောင်း၍ စားသုံးကြ၏။ ရဟန်းတော်များအတွက် အဆင်ပြေစေရန် ကပ္ပိယတို့က ကြိုးပမ်းကြရပေမည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၄၁-၄၅။