ရဟန်းတော်တို့ ဆောင်ရွက်ရသော ဝိနည်းကိစ္စဖြစ်သော်လည်း ကပ္ပိယတို့ အနည်းငယ်သိထားပါက ပို၍ အကျိုးရှိ နိုင်သဖြင့် အဓိဋ္ဌာန်အကြောင်း အနည်းငယ် ဖော်ပြပါမည်။

အဓိဋ္ဌာန်တင်သည် ဆိုခြင်းမှာ စွဲမြဲစွာ မှတ်ယူ ဆောက်တည်ထားခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုအဓိဋ္ဌာန် တင်ခြင်းသည် တိစီဝရိတ် အဓိဋ္ဌာန်တင်ခြင်း၊ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ခြင်းဟု (၂) မျိုးရှိ၏၊ [၁]

တိစီဝရိတ် အဓိဋ္ဌာန်တင်ခြင်း ပြင်ဆင်ရန်

ရဟန်းတို့ ခါးဝတ်သင်္ကန်းကို သင်းပိုင်၊ ကိုယ်ဝတ်ကိုယ်ရုံသင်္ကန်းကို ဧကသီ၊ ဒုကုဋ်သင်္ကန်းကို (၂) ထပ်သင်္ကန်းကြီးဟု ခေါ်၏။ သင်းပိုင်၊ ဧကသီ၊ သင်္ကန်းကြီး၊ ဤ (၃) ထည်ကို တိစီဝရိတ်ဟု ခေါ်၏၊ ထိုသင်္ကန်း (၃) ထည်အနက် အနီးရှိ ခါးဝတ်သင်းပိုင်ကို အဓိဋ္ဌာန် တင်လိုလျှင်-

ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို သင်းပိုင်ဟူ၍ အဓိဋ္ဌာန်ပါ၏” ဟူ၍လည်းကောင်း၊

ဧကသီခေါ် ကိုယ်ဝတ်သင်္ကန်းကြီးကို အဓိဋ္ဌာန် တင်လိုလျှင်-

ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ =ဤသင်္ကန်းကို ဧကသီဟူ၍ အဓိဋ္ဌာန်ပါ၏” ဟူ၍လည်းကောင်း၊

ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီးကို အဓိဋ္ဌာန် တင်လိုလျှင်- “ဣမံ သံဃာဋိံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို (၂) ထပ် သင်္ကန်းကြီးဟူ၍ အဓိဋ္ဌာန်ပါ၏” ဟူ၍လည်းကောင်း အဓိဋ္ဌာန် တင်ရသည်။ နှုတ်ဖြင့် မရွတ်နိုင်လျှင် ကိုယ်ဖြင့် သင်္ကန်းကို ကိုင်၍ ဤ အဆိုအတိုင်း မှန်းလျက်လည်း အဓိဋ္ဌာန်တင် ကောင်းပါသည်။ ထိုသင်္ကန်းများကို ဝတ်ရုံသူကို ဝိနည်း တိစီဝရိတ်ဆောင်သူဟု ခေါ်၏။ [၁]

သင်္ကန်းကို စောင့်ရှောက်ပုံ ပြင်ဆင်ရန်

ဆိုင်ရာနာမည်တပ်၍ အဓိဋ္ဌာန် တင်ထားအပ်သော တိစီဝရိက်ကို (ဆရာမှတ်မှတ် တပည့်မှတ်မှတ် ဆိုသကဲ့သို့) သင်းပိုင်မှတ်မှတ် ဧကသီ မှတ်မှတ် ဂရုစိုက်ရလိမ့်မည်။ ဂရုစိုက်ပုံကား - ဝတ်၍သော်လည်း ထားရမည်၊ မဝတ်လျှင် အရုဏ်တက်ချိန်မှာ မိမိ၏ နှစ်တောင့်ထွာအတွင်း၌ ရှိစေရမည်၊ ထိုသို့ မစောင့်ရှောက်လျှင် နောက် သိက္ခာပုဒ်အရ နိဿဂ္ဂိဖြစ်၍ ပါစိတ်အာပတ် သင့်သည်။ ဤသို့ အဓိဋ္ဌာန်တင်ထားသူကို “ဝိနည်းတိစီဝရိက် ဆောင်သူ”ဟု ခေါ်၏၊

ဝိနည်းတိစီဝရိက်ဆောင်ရာ၌ အန္တရဝါသက, ဥတ္တရာသင်္ဂ, သံဃာဋိ ဟူသော နာမည်ဖြင့် တစ်ထည်စီသာ တင်နိုင်သည်။ ကျန်သော သင်္ကန်းများ ရှိနေပါက ဝိကပ္ပနာပြုထားရမည်။ သို့မဟုတ် အဋ္ဌကထာနည်းအရ ပရိက္ခာရစောဠအဓိဋ္ဌာန်သော်လည်း တင်ထားနိုင်၏၊[၂]

တိစီဝရိက်အဓိဋ္ဌာန် နှစ်မျိုး ပြင်ဆင်ရန်

သင်္ကန်းကို လက်ဖြင့်ကိုင်၍ သင်္ကန်းအားလျော်စွာ ဣမံ သံဃာဋိံ အဓိဋ္ဌာမိစသည်ဖြင့် စိတ်ဖြင့် အာဘောဂထား၍ တင်သော ကာယအဓိဋ္ဌာန်, နှုတ်ဖြင့် မြွက်၍တင်သော ဝါစာအဓိဋ္ဌာန်အားဖြင့် နှစ်မျိုးရှိပြန်၏၊ ထိုတွင် ဝါစာအဓိဋ္ဌာန်သည် အနီး, အဝေး နှစ်မျိုးပြား၏၊ အနီးဖြစ်အံ့ ဣမံဟု ဆို၊ အဝေးဖြစ်အံ့ ဧတံဟု ဆို၊ နှစ်တောင့်ထွာဟတ္ထပါသ်အတွင်းသည် အနီး၊ ဟတ္ထပါသ်၏ အပြင်သည် အဝေးဟု ခွဲခြားသိပါ။[၂]

ပစ္စုဒ္ဓိရ်ပြုခြင်း ပြင်ဆင်ရန်

ဤတိစီဝရိတ်သင်္ကန်းများကို အသုံးမပြုလိုသောအချိန် သင်္ကန်းအသစ်ရသောအခါ နောက်သင်္ကန်းများကို တိစီဝရိတ် အဓိဋ္ဌာန်တင်လိုပါက ယခင်က အဓိဋ္ဌာန်တင်ပြီးသော အဟောင်းကို ပစ္စုဒ္ဓိရ်ဟူသော ဝိနည်းကံတစ်ခုကို ပြုပြီး စွန့်လွှတ်ပြီးမှ အဓိဋ္ဌာန်တင်ရသည်။ ပစ္စုဒ္ဓိရ် ပြုသည် ဆိုသည်မှာ ရုပ်သိမ်းခြင်းဟု အဓိပ္ပာယ်ရသည်။

ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ = ဤသင်္ကန်းကို သင်းပိုင်အဖြစ်မှ ရုပ်သိမ်းပါ၏”

ဣမံ ဥတ္တရာသင်္ဂံ ပစ္စုဒ္ဓရာမိ = ဤသင်္ကန်းကို ကိုယ်ဝတ်အဖြစ်မှ ရုပ်သိမ်းပါ၏” “ဣမံ သံဃာဋိံ ပစ္စုဒ္ဓိရာမိ = ဤသင်္ကန်းကို (၂) ထပ် သင်္ကန်းကြီးအဖြစ်မှ ရုပ်သိမ်းပါ၏” ဟုဆို၍ ရုပ်သိမ်းရသည်။၎င်းနောက် ရရှိလာသော သင်္ကန်းအသစ်ကို နာမည်အသီး သီးဖြင့် တိစိဝရိတ် အဓိဋ္ဌာန်တင်၍ သုံးစွဲရသည်။[၁]

ပရိက္ခာရစောဠအဓိဋ္ဌာန် ပြင်ဆင်ရန်

ထိုထိုကိစ္စများ၌ သုံးစွဲရန်ဖြစ်သော ပရိက္ခရာ အဝတ်များကို ပရိက္ခာရစောဠ ဟူသော နာမည်ဖြင့် တိစီဝရိတ်နှင့် တကွ မည်သည့်အဝတ်မဆို အဓိဋ္ဌာန် တင်ကောင်း၏၊ တိစီဝရိတ်သင်္ကန်း (၃) ထည်ကို သူ့နာမည်နှင့်သူ တစ်ထည်စီ ခွဲ၍ တိစီဝရိတ် အဓိဋ္ဌာန်တင်လိုက တင်နိုင်၏။ တိစီဝရိတ် အဓိဋ္ဌာန်မတင်ပါက အဓိဋ္ဌာန်လောက်သော ပိတ်တိုဖျင်စမှ စ၍ အခြားအဝတ်အထည်များကို ပရိက္ခာရစောဠဟူသော အမည်ဖြင့် အဓိဋ္ဌာန်တင်ကောင်း၏။ ဘုံလျှို၊ ခြုံစောင်၊ ခေါင်းအုံး၊ ကော်ဇော စသည်များမှာ သင်္ကန်းအဖြစ်သုံးရန် မဟုတ်သဖြင့် အဓိဋ္ဌာန်တင်ဘွယ် မလိုပါ။

ပရိက္ခာရာဠအဓိဋ္ဌာန်တင်လိုလျှင် တစ်ထည်တည်း ဖြစ်ပါက-“ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ”ဟု လည်းကောင်း၊

အများဖြစ်ပါက-

ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ” ဟု လည်းကောင်း ပရိက္ခာရစောဠအဓိဋ္ဌာန် တင်နိုင်ပါသည်။ ရဟန်းတော်တို့၏ အသုံးအဆောင် အဝတ်မှန်လျှင် စီဝရ-သင်္ကန်းဟု ခေါ်ဆိုနိုင်သဖြင့် အလျားတစ်တောင် အနံတစ်ထွာ ရှိ အဝတ်ဟူသမျှ ပရိက္ခာရစောဠအဓိဋ္ဌာန်တင်၍ သုံးစွဲကြ ရသည်။ ပရိက္ခာရစောဠအဓိဋ္ဌာန်ကား တိစီဝရိတ်အဓိဋ္ဌာန်နှင့် မတူပေ၊ မိမိနှင့် ညဉ့်မကင်းမကွာ ဆောင်စရာ မလိုပေ။ ချမ်းသာလွယ်ကူစွာ သုံးဆောင်နိုင်သည်။[၁]

သင်္ကန်း (၆) မျိုး ပြင်ဆင်ရန်

ရဟန်းတော်တို့အတွက် လိုအပ်သော ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း(၄) ပါးအနက် ရှေ့အခန်းများတွင် ဆွမ်းနှင့်ဆေးကို ဖော်ပြပြီးပေပြီ။ ယခုအခါ သင်္ကန်းနှင့် စပ်လျဉ်း၍ ရေးသား ဖော်ပြရန် လိုအပ်ပါသည်။ ရဟန်းတော် တို့အတွက် အပ်စပ်သော သင်္ကန်းများနှင့် ပတ်သက်၍ အကျဉ်းမျှ သိထားသင့်ပေသည်။


သင်္ကန်းသည် ရက်လုပ်သောချည်ပေါ် မူတည်၍ (၆) မျိုး ရှိသည်။ ၎င်းသင်္ကန်း (၆) မျိုးမှာ-

(၁) ခေါမ = ခုပ်ချည်ဖြင့် ရက်အပ်သောအဝတ် သင်္ကန်း။ တစ်နည်း = ခေါမတိုင်းဖြစ် အဝတ်သင်္ကန်း

(၂) ကပ္ပါသိက = ဝါချည်ဖြင့်ရက်အပ်သော ပိတ်ဖျင်ဇင်အဝတ်သင်္ကန်း

(၃) ကောသေယျ = ပိုးချည်ဖြင့် ရက်အပ်သောပိုးထည် အဝတ်သင်္ကန်း

(၄) ကမ္ဗလ = သားမွေးဖြင့်ရက်အပ်သော ကမ္ဗလာ (သက္ကလတ်)အဝတ်အထည်သင်္ကန်း

(၅) သာဏ = ပိုက်ဆံလျှော်ချည်ဖြင့် ရက်အပ်သော အဝတ်သင်္ကန်း

(၆) ဘင်္ဂ = ဘန်ချည်ဖြင့် ရက်အပ်သော၊ တနည်း- ရှေ့ကပြခဲ့သော ချည်(၅) မျိုး ရော၍ ရက်အပ်သောအဝတ်သင်္ကန်းတို့ ဖြစ်ကြသည်။ [၁]

ထိုအဝတ်သင်္ကန်းများအနက် ဝဍ္ဎကီဟတ္ထ(လက်သမား အတောင်)ဟုလည်းကောင်း၊ မဇ္ဈိမပုရိသဟတ္ထ (သာမန်လူတို့၏ အတောင်)ဟုလည်းကောင်း ခေါ်ဆိုရသော လက်သမား အတောင်၊ ယခုခေတ်သုံး ကိုက်တောင်ဖြင့် အလျားတစ်တောင်၊ အနံတစ်ထွာရှိသော အဝတ်ဟူသမျှသည် အဓိဋ္ဌာန်တင် လောက်၊ ဝိကပ္ပနာပြုလောက်သော အဝတ်ဖြစ်သည်။ သင်္ကန်း ချုပ်ဖို့ရန် သင့်လျော်သော ပိတ်ဖျင်၊ မျက်နှာသုတ်ပဝါစသည်ကို ရလျှင် အထက်ပါ ပမာဏလောက်ရှိက ပရိက္ခာရစာဠ အဓိဋ္ဌာန်တင်၍ဖြစ်စေ၊ ဝိကပ္ပနာပြု၍ဖြစ်စေ သုံးစွဲရသည်။[၁]

သင်္ကန်း (၉) ထည် ပြင်ဆင်ရန်

သင်္ကန်းအဝတ်များကို ဖြစ်ရာဒေသဇာတိကို လိုက်၍ (၆) မျိုးရှိကြောင်း ပြပြီးခဲ့ပြီ ဖြစ်သည်။ ယခုအခါ ရဟန်း အသုံးအဆောင်ဖြစ်၍ သင်္ကန်းအမည်ဖြင့် ခေါ်ဝေါ်လေ့ရှိသည့် သင်္ကန်း (၉) ထည်ကို လေ့လာသိရှိထားရပေမည်။ ထိုသင်္ကန်း (၉) ထည်မှာ-

(၁) သင်းပိုင်

(၂) ဧကသီ

(၃) ဒုကုဋ်

(၄) အိပ်ရာခင်း

(၅) မျက်နှာသုတ်ပဝါ

(၆) ပရိက္ခာရစောဠ (သင်္ကန်းပရိက္ခရာ အဝတ်များဖြစ်သော ပိတ်တိုဖျင်စ သင်္ကန်းမချုပ်ရသေးသောအထည်များ)

(၇) နိသီဒိုင်

(၈) မိုးရေခံသင်္ကန်း

(၉) အမာလွှမ်းသင်္ကန်းတို့ ဖြစ်ကြသည်။

ထို (၉) မျိုးကို သင်္ကန်း (၉) ထည်ဟု ခေါ်ကြသည်။ ရဟန်းတော်တို့၏ အသုံးအဆောင် အခေါ်အဝေါ် ဝေါဟာရတို့ကို ကပ္ပိယကောင်းတို့သည် နားလည် သဘောပေါက် ထားပါမှ သံဃဝေယျာဝစ္စ ဆောင်ရွက်ရာ၌ ပိုမိုအဆင်ပြေနိုင်သဖြင့် အကျဉ်းမျှ ဖော်ပြထားပါသည်။ [၁]

အဓိဋ္ဌာန်ကျကြောင်း (၈) ရှစ်ပါး ပြင်ဆင်ရန်

(၁) သူတစ်ပါးအား ပေးစွန့်ခြင်း၊ (၂) ခိုးယူသွားခြင်း၊ (၃) အကျွမ်းဝင်၍ ဝိဿာသဂ္ဂါဟယူနည်းဖြင့် ယူသွားခြင်း၊ (၄) (သင်္ကန်းရှင်က ဘိက္ခုနီဖြစ်လျှင်) သိက္ခာမချဘဲ လူဝတ်လဲခြင်း၊ (၅) ဘိက္ခုဖြစ်လျှင် သိက္ခာချခြင်း၊ (၆) သေဆုံးခြင်း၊ (၇) လိင်ဖောက်ပြန်ခြင်း၊ (၈) ပစ္စုဒ္ဓိုရ်ပြုခြင်း၊ ဤ အကြောင်းရှစ်ပါးကား (ပရိက္ခာရစောဠဖြစ်စေ အဓိဋ္ဌာန်တင်ထားသော အဝတ်များအတွက်) အဓိဋ္ဌာန်ကျကြောင်း ပျက်ကြောင်းတည်း။

တိစီဝရိက်သင်္ကန်းများမှာမူ လက်သန်း၏ လက်သည်းခွံလောက် အပေါက် ပေါက်လျှင်ပင် အဓိဋ္ဌာန်ကျသဖြင့် အဓိဋ္ဌာန်ကျကြောင်း (၉)ပါး ရှိသည်ဟု မှတ်ပါ။ အပေါက်ဟူရာ၌ အနားပတ်လည် ပေါက်ရုံမျှဖြင့် မကျ၊ သုံးထည်လုံးအတွက် အလျားစွန်း တစ်ထွာ (၁၂-လက်သစ်)၊ အနံစွန်း ဧကသီနှင့် သင်္ကန်းကြီးအတွက် လက်ရှစ်သစ်၊ သင်းပိုင်အတွက် လက်လေးသစ် ထုတ်ချင်းပေါက်မှ အဓိဋ္ဌာန်ကျသည်။ အပေါက်ကို ဖာပြီးက ထပ်၍ အဓိဋ္ဌာန် တင်နိုင်၏၊[၂]

(ဆောင်) ပေး စွန့် ခိုးဝှက်၊ ဝိဿသစ်, လူထွက် ချသိက္ခာ။ သေဆုံးလိင်ပြန်, ပစ္စုဒ္ဓံ, ရှစ်တန် ကျဓိဋ္ဌာ။ လက်သန်းသည်းမျှ, ပေါက်လတ်က, သုံးဝ စီဝရိက်မှာ။ (ဘာသာဋီကာ၊၁၃၄။)

မိုဃ်းရေခံသင်္ကန်းဖြစ်မူ မိုဃ်းလေးလ လွန်က အဓိဋ္ဌာန်စွန့်၏၊ အမာလွှမ်းသင်္ကန်း ဖြစ်မူ ရောဂါပျောက်ကင်းက အဓိဋ္ဌာန်စွန့်၏၊ သပိတ်ဖြစ်မူ မျက်နှာရစ်မှ လက်နှစ်သစ်အောက် ဆတ်ထမင်းလုံးလောက် ပေါက်က အဓိဋ္ဌာန်စွန့်၏ဟု သိပါ။

(ဆောင်) မိုဃ်းလ လွန်ပြန်၊ မိုဃ်းရေခံ၊ ထည့်ပြန် ကိုးပါးတည်း၊ ရောဂါ ခန့်ကျန်း အမာလွှမ်း၊ ထည့်စွမ်း ကိုးပါးတည်း။ ဆတ်ထမင်းလောက်၊ သပိတ် ပေါက်၊ ထည့်လှောက် ကိုးပါးတည်း။ (ပါတိမောက္ခမေဒိနီ၊၁၇၉။)[၂]


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၈၉-၉၅။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း