သပြေပင်
သပြေပင်
ပြင်ဆင်ရန်ရှေးရောမခေတ်အခါကသံလွင်ပင်မှ သံလွင်ခက်ကို အောင်အတိတ်၊ အောင်နိမိတ်ဆောင်သည့် အဆောင်အယောင်အဖြစ် အသိအမှတ်ပြုသကဲ့သို့ မြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွင်လည်းရှေးအခါမှစ၍ ယနေ့ထက် တိုင်သပြေပင်မှအညွှန့်အခက်တို့ကို အောင်အတိတ်၊ အောင်နိမိတ်၏ အဆောင်အယောင်အဖြစ်အသိအမှတ် ပြုလုပ် လျက်ရှိကြသည်။ ထို့ကြောင့်ပင် 'အောင်ပါစေ၊ သပြေပန်းနှင့် ရေချမ်းကို လောင်း'ဟူ၍လည်းကောင်း၊ 'ပန်းသပြေ ညောင်ရေလောင်း၍ ဆုတောင်းမေတ္တာ ပို့သပါသည်' ဟူ၍လည်းကောင်း ကောင်းချီးဆုမွန် ပြုလေ့ရှိကြသည်ကို ကြားဖူးကြပေလိမ့်မည်။
လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံ၏ တပ်မတော်တွင် ရာထူးအဆင့်အတန်းတံဆိပ်များ တီထွင်ခဲ့ရာ တွင်ပင် သပြေရွက်တန်းနှင့်ကြယ်များကို မူတည်ထားလေသည်။ သာမန်အားဖြင့် ဘားတစ်ခု၊ ဘားနှစ်ခုစသည်ဖြင့် အလွယ်ပြော နေကြသော်လည်း အမှန်အားဖြင့် သပြေခက် (ဝါ) သပြေရွက်တန်းတစ်ခု၊ သပြေရွက် တန်းနှစ်ခု စသည်တို့သာ ဖြစ်သည်။ ထို့ကြောင့် သပြေသည်မြန်မာလူမျိုးတို့အတွက် ထူးခြားသော အဆောင်အယောင်တရပ် ဖြစ်သည်။ သပြေပင်သည် ပင်စောက်မျိုးဖြစ်၍ မီယာတစီအီး မျိုးရင်းဝင်ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြား၌ တွေ့ရှိနိုင်သည်။
သပြေဟူ၍သာမန်အားဖြင့်ပေါင်းရုံးခေါ်ကြသော်လည်း သပြေမျိုးပေါင်းများစွာရှိသည်။ ယင်းတို့မှာသပြေဖြူ၊ သပြေကြီး၊ သပြေရွက်ကြီး၊ တောင်သပြေ၊ ရေသပြေ၊ သပြေချဉ်၊ သပြေနီ၊ သပြုသပြေ၊ သပြေညို၊ သပြေကျွဲခေါင်း၊ နှင်းသပြေ၊ သပြေဆတ်ချေး၊ သပြေပေါက်ပေါက် စသည်တို့ဖြစ်သည်။ သပြေသီးသည် မိုးရာသီတွင်မှည့်တတ်သည်။ ထို့ကြောင့် 'ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့်ကောက် စို့ကွယ်' ဟူသော ကလေးကဗျာလေးများ ပေါ်ခဲ့ခြင်းဖြစ်သည်။ ရုက္ခဗေအမည်အားဖြင့် ယူဂျေးနီးယားဂျမ်ဗိုလနာ(Eugenia jambolana)၊ သို့မဟုတ် ဆိုင်ဇီဂျီယမ်ကူမီနီ(Syzygium cumini) ခေါ်သောသပြေဖြူသည် အမြဲ စိမ်းလန်းသောအပင်ဖြစ်၍ အကိုင်းအလက်များ ဖြူယောင်ယောင်နေသည်။ အရွက်သည် အရင်းဝိုင်း အလျားရှည် ထိပ်ချွန်သည်။ အရွက်အလယ်ရှိ အကြောမပေါ်သည်။ အပွင့်ဖြူ၍သေးသည်။ သုံးလေးပွင့်ဆိုင်၍ ပွင့်သည်။ အသီးသည် ထိပ်ဝိုင်း၍ လက်မဝက်ခန့် ရှည်လျားလျားလေးနေသည်။ အရောင်မှာခရမ်းရောင်ပုပ်ပုပ်ဖြစ်သည်။ အခွံပျော့ဖြစ်၍ ချောမွတ်သည်။ အစေ့တစ်စေ့သာပါဝင်သည်။ အသီးသည် ချဉ်ဖန်ဖန်အရသာရှိသည်။ အပွင့်သည် ဧပြီနှင့်မေလများ၌ ပွင့်၍ အသီးသည်မေနှင့်ဇွန်လ များ၌မှည့်တတ်သည်။ သပြေဖြူ သစ်သားသည်ကြမ်း၍ အတော်အသင့်မာသည်။ ရေထိ သော်လည်းဆွေး မသွားဘဲကြာရှည်ခံသည်။ ခိုင်ခံ့သောသစ်သားလည်းဖြစ်သည်။ အိမ်ဆောက်၊ လှည်းနှင့် လှည်းဘီး၊ လှေစပ်၊ လှော်တက်ရွက်တိုင် လုပ်ရာ၌ လည်းကောင်း၊ရေတွင်းကျည်းခွေ၊ ကျည်းပေါင် စသည်တို့ လုပ်ရာ၌လည်းကောင်း၊ အသုံးပြုကြသည်။ မီးသွေးဖုတ်ရန် ကောင်းသော သစ်သားလည်းဖြစ်သည်။ သပြေဖြူပင်၏ အခေါက်တွင် အဖန်ဓာတ်ရှိသည်။ အရွက်သည်ဝမ်းကိုက် ရောဂါအတွက်လည်ကောင်း၊ အသီးသည် ဝမ်းသက်ရောဂါ အတွက်လည်းကောင်း၊ ဆေးဖက် ဝင်သည်ဟု မြန်မာဆေးကျမ်းများ၌ဆိုသည်။ အရွက်ကိုပြုတ်၍ မျက်စိနာသည့်အခါ မျက်စဉ်းခတ်နိုင်ကြောင်းဖြင့်လည်း ဆိုလေသည်။
ရုက္ခဗေဒအမည်အားဖြင့် ဆိုင်ဇီဂျီယမ်ဂရန်းဒေ(Syzygium grande)ဟု ခေါ်သောသပြေကြီးပင်သည် သပြေဖြူပင်နှင့်ပုံသဏ္ဌာန်ခြင်း တူသည်။ သပြေကြီးရွက်သည် သပြေဖြူရွက် ထက်ကြီးသည်။ သစ်သားရောင်နီ၍ ကြမ်းပြီးမာသည်။ ယင်းကိုများသောအားဖြင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ မြေညီသစ်တောနှင့် တောင်နိမ့်ပိုင်း သစ်တောများ၌ တွေ့ရတတ်လေသည်။ တောင်သပြေပင်သည် သပြေဖြူပင် နှင့် သပြေကြီးပင်တို့လောက် မြင့်မားသောအပင်မျိုး မဟုတ်ချေ။ အပင်အမြင့် ၃၅ပေထက်ပို၍မမြင့်တတ်ချေ။ ယင်းကို တောင်ရိုးပြည်ဇင်းပင်ဟူ၍လည်းခေါ်သည်။ ရုက္ခဗေဒအမည်မှာ ထရစ္စတာနီးယားဗာမင်နီးကား(Tristania burmanica; ယခုအခါတွင် Tristaniopsis burmanica[၁]) ဖြစ်သည်။ သစ်သားသည် အတော်အသင့်မာ၍ ညိုဖျော့ဖျော့အရောင်ရှိသည်။ တောင်သပြေသား ကို သာမန်အဆောက်အအုံ ဆောက်လုပ်ရာ၌ သုံးသည်။ မြန်မာနိုင်ငံ ဝနယ်၌ အများအပြားပေါက်ရောက်သည်။
ရေသပြေပင်သည် အရွယ်အလတ်စား သစ်ပင်မျိုးဖြစ်သည်။ အခေါက်မှာ ချောမွတ်၍မွဲပြာရောင်ရှိသည်။ အရွက်သည် ရှည်သွယ်သွယ်ဖြစ်၍ အမည်းစက်များပါသည်။ အလယ်ကြောမသည် ရွက်အောက်၌ ပို၍ထင်ပေါ်သည်။ အသီးသည် ထိပ်နှစ်ဖက်မချွန်ဘဲဲပြားသည်။ မိုးအကုန် စက်တင်ဘာလခန့်တွင် အပွင့်ပွင့်၍ အောက်တိုဘာလတွင် အသီးမှည့်တတ်သည်။ ရေသပြေသီးမှည့်များကို တခါတရံ ဈေးများတွင် ရောင်းချကြသည်ကိုတွေ့ရသည်။ အသီးမှည့်သည် အရသာချို၍ အရည်ရွှမ်းသည်။ ရေသပြေပင်ကို ခြံဥယျာဉ်များ၌တွေ့နိုင်သည်။ ရေစပ်၌များသောအားဖြင့် ပေါက်သည်။ သို့ရာတွင် အစုလိုက်အပြုံလိုက်ပေါက်လေ့မရှိချေ။ ရုက္ခဗေဒအမည်အားဖြင့်ယင်းကို ဆိုင်ဇီဂျီယမ်အကွေးယား(Syzygium aqueum) ဟုခေါ်သည်။
သပြေနီပင်ကို ရုက္ခဗေဒအမည်အားဖြင့် ဆိုင်ဇီဂျီယမ်ဖရုတီးကိုးစမ်း(Syzygium fruticosum; ယခုအခါတွင် ဆိုင်ဇီဂျီယမ်ကူမီနီ[၁])ဟုခေါ်သည်။ ယင်းသည် အရွယ်အလတ် စားမျိုးဖြစ်၍ အရွက်နီကြင့်ကြင့်(နီကြန့်ကြန့်) ဖြစ်သည်။ သစ်သားမှာ အညိုရောင်ဖြစ်၍ မာသည်။ ပေါ့ပေါ့ပါးပါးမရှိ၊ လေးလံသည်။ ယင်းကိုအိမ်ဆောက်ရာ၊ ထွန်ထယ်စသော စိုက်ပျိုးရေး ကရိယာပြုလုပ်ရာ၊ လှေစပ်ရာ ရေတွင်းပေါင်ခတ်ရာ၌ အသုံးပြုသည်။ သပြေနီပင်ကို မြန်မာနိုင်ငံအရပ်ရပ် အင်တိုင်းတောများ၌ တွေ့ရတတ်သည်။ တနင်္သာရီတိုင်း၌ တွေ့ရသော သပြေဆတ်ချေးပင်ကိုလည်း သပြေနီဟု အချို့က ခေါ်ကြသည်။ သို့ရာတွင် သပြေဆတ်ချေးပင် အစစ်၏ ရုက္ခဗေဒအမည်မှာ ဆိုင်ဇီဂျီယမ်အိုဗလာတမ်(Syzygium oblatum) ဖြစ်သည်။ သပြေချဉ်ပင်သည်လည်း အရွယ်အလတ်စား ပင်စောက်မျိုးဖြစ်သည်။ ယင်းကိုပဲခူး၊ မုတ္တမ၊ တနင်္သာရိီ စသော ဒေသတို့၌ များသောအားဖြင့်ပေါက်ရောက်သည်ကို တွေ့ရသည်။ သပြေချဉ်ပင်ကို အချို့က ရေသပြေပင်ဟု ခေါ်ကြသည်။ သစ်သားသည် ညိုမွဲမွဲအရောင်ဖြစ်၍ သပြေနီသားကဲ့သို့ပင် အမျိုးမျိုးအသုံးချနိုင်သည်။ သပြေချဉ်ပင်၏ ရုက္ခဗေဒအမည်မှာ ဆိုင်ဇီဂျီယမ်စီရာဆွိုင်ဒီယမ်(Syzygium cerasoideum; ယခုအခါတွင် Syzygium nervosum[၁])ဖြစ်သည်။
ရုက္ခဗေဒအမည်အားဖြင့် ဆိုင်ဇီဂျီယမ်ဂျမ်းဗော့(Syzygium jambos)ဟု ခေါ်သည့်သပြုသပြေပင်သည် အခက်လက်ဝေဆာသော အပင်ကြီးမျိုးဖြစ်သည်။ အရွက်သည် ရှည်လျားလျားနှင့် ထိပ်ချွန်သည်။ အပွင့်များသည်ကြီး၍ ခရမ်းရောင်ဖြစ်သည်။ တစ်ခိုင်တည်းစုပွင့်တတ်သည်။ ဝါဆိုဝါခေါင်တွင်အသီး မှည့်သည်။ အသီးသည် ကြက်ဥအရွယ်ရှိ၍ အရင်းကားပြီး ထိပ်ချွန်းသည်။ အရောင်မှာ နှင်းဆီရောင်အရင့်မှ ခရမ်းရောင်ပုတ်ပုတ် အထိရှိသည်။ သို့ရာတွင် အတွင်းသားမှာ အဖြူရောင်ဖြစ်သည်။ နှင်းသီးပန်းသီး တို့ကဲ့သို့ အသားပွသည်။ အစေ့တစ်စေ့သာ ပါသည်။ အသီးကို အစိမ်းစားကြသည်။ အရသာရှိသည်။ အထက်ပါ သပြေမျိုးများအပြင် မြန်မာနိုင်ငံ၌ တွေ့ရှိရသော အခြားသပြေပင်မျိုးများမှာ (၁)တနင်္သာရီတိုင်း မုတ္တမနယ်တွင် တွေ့ရသောသပြေပေါက်ပင်၊ (၂)မြစ်ကြီးနား နယ် တွင် ပေါက်သော သပြေခါးပင်၊ (၃)တနင်္သာရီတိုင်း တောင်များပေါ်တွင် ပေါက်သောသပြေချိုပင်၊ (၄)တနင်္သာရီ တောင်ပိုင်းနှင့် မြစ်ကြီးနားနယ်တွင် တွေ့ရသော သပြေရစ်ပေါက်ပင်၊ (၅)ဗန်းမော်၊မြစ်ကြီးနား၊ မော်လိုက်၊ မော်လမြိုင်၊ ကျိုက္ခမီနယ်ပတ်ဝန်းကျင်တွင် တွေ့ရသော ဝဘော ခေါ် သပြေပင်ပွား ခေါ် ကျွဲသပြေပင်၊ (၆)ရွှေဘို၊ မိတ္တီလာနယ် တဝိုက်တွင် တွေ့ရသော ရေသပြေသိမ်ပင်၊ (၇)မြန်မာနိုင်ငံအောက်ပိုင်းတွင် တွေ့ရတတ်သော တောသပြေ ခေါ် သတ်သပြေ၊ (၈)တနင်္သာရီတိုင်း မြိတ်နယ်နှင့် အထက်မြစ်ကြီးနားနယ်တို့တွင် တွေ့ရသော စွန်သပြေလခေါ် သန်သပြေပင် တို့ဖြစ်ကြသည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ Govaerts, R. et al. (2019). World Checklist of Myrtaceae. Facilitated by the Royal Botanic Gardens, Kew. Published on the Internet; http://wcsp.science.kew.org/ Retrieved 15 January 2020
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)