သာမာဝတီ သည် ဥတေနမင်းကြီး၏ မိဖုရားဖြစ်သည်။ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တွင် အသာဆုံး အမြတ်ဆုံး မေတ္တာရှင် (မေတ္တာဝိဟာရီ) ဧတဒဂ်ဘွဲ့ ပိုင်ရှင်လည်း ဖြစ်သည်။[၁]

ငယ်ဘဝပြင်ဆင်

သာမာဝတီသည် ဘဒ္ဒဝတီသူဌေးကြီး၏ သမီးဖြစ်၏။ ယင်နာရောဂါဘေးရန်ကြောင့် မိဘဖြစ်သူများနှင့်အတူ ကောသမ္ဗီသို့ ရှောင်ပြေးလာခဲ့သည်။ ကောသမ္ဗီရှိ ဖခင်၏ မိတ်ဆွေဖြစ်သူ ဃောသကသူဌေးထံသို့ ရှေးရှူ၍ လာခဲ့သော်လည်း လမ်းခုလပ်မှာပင် မိဘနှစ်ပါးတို့ ဆုံးပါးသွားခဲ့ရသည်။ ထိုမြို့ရှိ မိတ္တသူကြွယ်သည် သာမာဝတီအား သမီးအရင်းသဖွယ် စောင့်ရှောက်သဖြင့် ခိုကိုးရာရခဲ့သည်။ ထို့နောက်တွင်မူ ဃောသကသူဌေးနှင့် တွေ့သဖြင့် မိတ္တသူဌေးက ခွင့်ပြုသဖြင့် ဖခင်၏ မိတ်ဆွေထံတွင် သမီးရင်းပမာ နေခဲ့ရသည်။[၁]

မင်းမိဖုရား ဖြစ်လေပြီပြင်ဆင်

ကောသမ္ဗီပြည်တွင် စည်ကားစွာကျင်းပသော နက္ခတ်သဘင်သို့ သာမာဝတီလည်း အစေအပါးဖြစ်သူ ခုဇ္ဇုတ္တရာ တို့နှင့်အတူ သွားရောက်ခဲ့၏။ ထိုအခါ ဥတေန မင်းကြီး မြင်၍ မြတ်နိုးတော်မူသဖြင့် မိဖုရားအရာ မြှောက်ခဲ့သည်။[၁]

သာမာဝတီ၏ မေတ္တာတရားပြင်ဆင်

သာမာဝတီသည် နန်းတော်အတွင်း နေရသော်လည်း ခုဇ္ဇုတ္တရာက ပြန်လည်ဟောပြသည့် တရားများကို နာကြားပြီး မေတ္တာတရားနှင့် နေထိုင်သည်။ မြတ်စွာဘုရားအား အငြိုးထားကာ အမုန်းပွားနေသူ ဥတေနဘုရင်၏ မိဖုရားတစ်ပါးဖြစ်သည့် မာဂဏ္ဍီသည် သာမာဝတီအား ပျက်စီးရာကို အမြဲတမ်းလုပ်ဆောင်နေသူပင် ဖြစ်သည်။ သို့သော်လည်း သာမာဝတီမိဖုရားကတော့မူ မြတ်စွာဘုရား၏ အဆုံးအမများအတိုင်း အမျက်ဒေါသထွက်ဖို့ဝေးစွ မာဂဏ္ဍီအပေါ် မေတ္တာမျှပင် မပျက်ချေ။

နံရံက လေသာပြတင်းပေါက်ပြင်ဆင်

သာမာဝတီမိဖုရားသည် ထီးနန်းနှင့် နေရသည့် ဘုရင့်မိဖုရားကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ သာမန်အရပ်သူများကဲ့သို့ မြတ်စွာဘုရားအား လွတ်လပ်စွာ ဖူးမြော်ဖို့ရာ အခွင့်မရဘဲ ရှိလေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များ ဆွမ်းခံထွက်ခိုက် ဖူးမြော်နိုင်ရန် လေသာပြတင်းပေါက်ငယ်တစ်ခု ဖောက်ကာ ဖူးမြော်၏။ ဤသည်ကို မာဂဏ္ဍီမိဖုရားက သိရှိပြီး ဥတေနဘုရင်ကြီးအား ကုန်းချောစကားကို ဆိုလေသည်။ မင်းကြီးလည်း သာမာဝတီအား ပြတင်းပေါက်ဖောက်ရသည့် အကြောင်းကို မေးလေရာ မိဖုရားလည်း ခုဇ္ဇုတ္တရာမှတစ်ဆင့် တရားတော်များကို နာကြားရပုံမှ စ၍ မြတ်စွာဘုရားဆွမ်းခံထွက်သည့်အခါတိုင်း ပြတင်းပေါက်မှတစ်ဆင့် ဖူးမြော်ရပုံတို့ကို ရိုးသားမှန်ကန်စွာ ဖြေကြားလေသည်။ မင်းကြီးလည်း မိဖုရား၏ ရိုးသားဖြောင့်မတ်မှုကို သဘောကျကာ မြတ်စွာဘုရားအား ဖူးမြော်နိုင်စေရန် ပိုမိုကောင်းမွန်သည့်ပြတင်းပေါက်တို့ကို တပ်ဆင်ပေးလေသည်။[၁]

စောင်းအတွင်းက မြွေပြင်ဆင်

ဥတေနမင်းကြီးသည် သာမာဝတီ၏ နန်းဆောင်သို့ သူ၏ ဟတ္ထိကန္တစောင်းကိုလက်မှကိုင်ကာ မာဂဏ္ဍီနှင့်အတူ ဝင်လာသည်။ ထို့နောက် သလွန်ပေါ်တွင်ထိုင်ကာ စောင်းကို အနားတွင်ထားလေသည်။ ဤအခါတွင်လည်း မာဂဏ္ဍီသည် နဂိုကတည်းက စောင်းအတွင်းထည့်လာခဲ့သော မြွေကို လွှတ်ပေးကာ ကြောက်ရွံ့ထိတ်လန့်ဟန်ပြ၍ သာမာဝတီအား မင်းကြီးကို လုပ်ကြံသည်ဟု စွပ်စွဲလေသည်။ မင်းကြီးလည်း အမျက်ထွက်ကာ သာမာဝတီအားမြားဖြင့်ပစ်လေသည်။ သို့သော် သာမာဝတီသည် မိမိအား မကောင်းကြံသူနှင့် အထင်လွဲကာ အမျက်ထွက်နေသူများကို မေတ္တာထားလျက်ပင် ရှိ၏။ ထိုသို့ပစ်လွှတ်လိုက်သောအခါ "မိမိ၏ ဦးခေါင်းထက်သို့ ဗုဒ္ဓသည် ကြွရောက်သီတင်းသုံးပါစေ၊ မိမိသည် မိခင်ဖခင်များ၊ ကျေးဇူးရှင် မိတ္တသူကြွယ်၊ ဃောသကသူဌေး၊ ဥတေနမင်းကြီး၊ မာဂဏ္ဍီတို့မှအစ သတ္တဝါအားလုံးအပေါ် ညီမျှသော မေတ္တာထားပါ၏။ ဤသစ္စာစကားကြောင့် မြားသည် မိမိကို မထိုးဖောက်ပါစေသတည်း" ဟု သစ္စာဓိဋ္ဌာန်ဆုတောင်းရာ မြားသည် လားရာ၏ ပြောင်းပြန်လှည့်ကာ မင်းကြီးထံ သို့သွားလေရာ "မင်းကြီး ဘေးကင်းပါစေသတည်း" ဟု ဆုတောင်းရာ မြားသည် အောက်သို့ကျလေသည်။ မင်းကြီးလည်း မေတ္တာရှင်အပေါ် အထင်လွဲမိသည်ကို ခွင့်လွှတ်ပါရန် တောင်းပန်လေသည်။ မေတ္တာဖြင့် အနိုင်ယူခဲ့သော သာမာဝတီ၏ မေတ္တာတရားသည် အလွန်ပင် ကြည်ညိုဖွယ် ဖြစ်ပေသည်။ [၁]

သာမာဝတီအား မီးဖြင့်ရှို့ခြင်းပြင်ဆင်

ဘုရင်ကြီး တောကစားထွက်နေခိုက် မာဂဏ္ဍီသည် မအောင်မမြင် ဖြစ်နေသည့် အကြံအစည်ကို ဆက်လက်အကောင်အထည် ဖော်လေသည်။ မိဖုရားနှင့် အစေအပါးတို့သည် နန်းဆောင်ပေါ်ဝယ်ရှိချိန်တွင် နန်းဆောင်အား မီးရှို့ကာ သတ်လေရာ မိဖုရားတို့လည်း မလွတ်နိုင်တော့ဘဲ ဖြစ်လေသည်။ နောက်ဆုံးအချိန်တွင် သာမာဝတီနှင့် အစေအပါးတို့ သည် ဘုရား၏ အဆုံးအမဖြင့် မေတ္တာပွားကာ အသက်ဆုံးရှုံးကြရလေသည်။ [၁]

သာမာဝတီ၏ ဝဋ်ကြွေးပြင်ဆင်

လေအဟုန်ကို ခွင်းကာလာသော မြားကိုပင် ပြန်လှည့်စေနိုင်သော မေတ္တာရှင်သည် မီးဖြင့် လောင်မြိုက်ကာ ဆုံးရှုံးရသည်မှ အံ့ဖွယ်ဖြစ်ပေသည်။ ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသည့်စကားအတိုင်း ဝဋ်ကြွေးရှိလျှင် ပြန်လည်ပေးဆပ်ရမည် ဖြစ်၏။ ရှေးဘဝက အကုသိုလ်ကံသည် မကောင်းသောအကျိုးကို ပေးမြဲဖြစ်၏။ အကျိုးပေးမည့်အချိန်သာ အတိအကျမသိရသည်သာ ရှိ၏။ သာမာဝတီသည် အတိတ်ဘဝက နန်းတွင်းသူတစ်ဦး ဖြစ်၏။ ထိုနန်းတွင်းသူသည် အပေါင်းအပါတို့နှင့် မြစ်အတွင်းဆင်းကာ ရေကစား၏။ ရေကစားတက်လာရာ ချမ်းအေးလှသဖြင့် မြက်ချုံကို မီးရှို့ကာမီးလှုံလေသည်။ ထိုမြက်ချုံအတွင်းဝယ် ဘုရင်မင်းမြတ်ကိုးကွယ်နေသည့် ပစ္စေကဗုဒ္ဓါတစ်ပါးသည် နိရောဓသမာပတ်ဝင်စားလျက်ရှိသည်ကို မြင်ရသောအခါ ဘုရင်၏ရာဇဒဏ်ကို ကြောက်သဖြင့် ကြံမိကြံရာ ကြံကုန်၏။ ထို့နောက် ထင်းတုံးထင်းစတို့ဖြင့် ပစ္စေကဗုဒ္ဓါကို ပြာကျအောင် ရှို့၏။ ပစ္စေကဗုဒ္ဓါ၏ အသက်ကို အန္တရယ်ပြု၍ မရသော်လည်း ဒုတိယအကြိမ် ပြုခဲ့သည့် အကုသိုလ်သည် အကျိုးပေးခဲ့ရာ ငရဲ၌ အနှစ်တစ်သိန်းကျခံရပြီး ဘဝပေါင်းတစ်ရာတိုင်တိုင် မီးလောင်ကျွမ်းကာ သေဆုံးကြရပေသည်။ [၁]

ဧတဒဂ်ရခြင်းပြင်ဆင်

သာမာဝတီမိဖုရားသည် မေတ္တာတရားကြီးမားစွာ သည်းခံခွင့်လွှတ်သဖြင့် မြတ်စွာဘုရားရှင်သည် သူမအား အသာဆုံး အမြတ်ဆုံး မေတ္တာရှင် ဧတဒဂ်ဘွဲ့ကို ပေးအပ်ခဲ့လေသည်။ [၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ မလေးငြိမ်. အဆင့်မြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ