ရဟန်းဘဝဖြင့် သီလသိက္ခာပုဒ်တွေကို ဆောက်တည်နိုင်အောင် အခြား သံဃာများက ဆောင်ရွက်ပေးခြင်းကို သိက္ခာတင်သည်ဟု ဆိုပါသည်။ သိက္ခာတင်ပြီးပါက ရဟန်းဖြစ်သွား၏။ သိက္ခာချဆိုသည်မှာ တင်ထားသော (= ရဟန်းအဖြစ် ကျင့်သုံးနေသော သိက္ခာပုဒ်တွေကို ပြန်စွန့်ခြင်း ဖြစ်သည်။ နည်းမှန်လမ်းကျ သိက္ခာချမှ လူပြန်ဖြစ်သည်။

ရဟန်းအဖြစ်မှ လူထွက်လိုသောသူသည် ဤအင်္ဂါ (၆)ပါး ပြည့်စုံဖို့ အထူး လိုအပ်သည်။ သိက္ခာမချဘဲ လူဝတ်လဲထားသောသူသည် ပါရာဇိက သိက္ခာပုဒ်တွေ လွန်ကျူးပါက ပါရာဇိကကျနိုင်သောကြောင့် သိက္ခာချနည်း (၇၈)နည်း ခေတ်ပုဒ်တွေရှိရာ သုံးနည်း သုံးခါမျှ သိက္ခာချပေးနိုင်လျှင် ပိုကောင်းသည်။[၁]

သိက္ခာချရာ၌ အင်္ဂါ (၆) ပါး ပြင်ဆင်ရန်

၁။ စိတ် = တကယ်ကို လူထွက်လိုသော စိတ်ရှိပါမှ သိက္ခာကျသည်။ လူထွက်လိုသော စိတ် မရှိဘဲ, သိက္ခာချလိုသောစိတ် မရှိဘဲ ရွတ်ဆိုသိက္ခာချပါက သိက္ခာမကျဟု သိပါ။

၂။ ခေတ် = သိက္ခာချနည်း ပြဆိုထားသော ဗုဒ္ဓံ ပစ္စက္ခာမိ စသော ပစ္စုပ္ပုန်ကာလ ဂိဟီတိ မံ ဓာရေဟိ စသော(ပစ္စုပ္ပုန်ကာလ) အလံ မေ ဗုဒ္ဓေန စသော (အနာမဋ္ဌကာလ) တစ်ခုခုသော ခေတ်ပုဒ်ကို ရွတ်ဆိုပြီး သိက္ခာချရသည်။ (၇၈)ပုဒ် ရှိသည်။

၃။ ကာလ = ပစ္စုပ္ပုန်ကာလဟော ခေတ်ပုဒ် (၂၂)ပုဒ်၊ အနာမဋ္ဌကာလ (၅၆)ပုဒ်၊ ပုဒ်ပေါင်း (၇၈)ပုဒ်ဖြင့် ကာလမှန်အောင်ဆို၍ သိက္ခာချ ရသည်။

၄။ ပယောဂ = နှုတ်မြွက်ရွတ်ဆိုခြင်းဟူသော ဝစီပယောဂ - ဗုဒ္ဓံ ပစ္စက္ခာမိ စသည်ဖြင့် ဆိုမှ သိက္ခာကျသည်။ စာရေး၍ ဖြစ်စေ၊ လက်ဟန်ခြေဟန် ပြ၍ဖြစ်စေ သိက္ခာချလျှင် မကျ။

၅။ ပုဂ္ဂလ = သိက္ခာချသူ နားထောင်သူ နှစ်ဦးစလုံး စိတ်မနှံ့ ရူးနေသူ ဘီလူးဖမ်းစား၍ စိတ်ပြန့်လွင့်နေသူ ရောဂါပြင်းစွာ ခံစားနေရသူ မဟုတ်မှ သိက္ခာကျသည်။

၆။ ဝိဇာနန = ဗုဒ္ဓံ ပစ္စက္ခာမိ စသော သိက္ခာပုဒ် ခေတ်ပုဒ်ကို ဆိုပြီးသည်နှင့် တစ်ပြိုင်နက် နားထောင်သူက ဤသူဟာ လူထွက်ပြီးပေါ့ဟု သိနားလည်မှ သိက္ခာကျသည်။

(သတိ) သိက္ခာမကျဘဲ လူဝတ်လဲနေသော ရဟန်းလူထွက်သည် အာပတ်တွေ သင့်၏၊ ကုစား၍ မရကောင်းသော ဂရုကအာပတ်ကြီးများ သင့်လျှင် ထပ်မံ ရဟန်းခံ၍ မရတော့ပြီ။ သတိရှိသင့်ကြသည်။ သံဃာဒိသေသ် အာပတ်သင့်လျှင်လည်း နောင် ရဟန်း ပြန်ဝတ်လျှင် ဝါသ်ဆောက်တည်ကြရမည် ဖြစ်သည်။

(ဆောင်) စိတ်, ခေတ်, ကာလ၊ ပယောဂနှင့်၊ ပုဂ္ဂလ, ဝိဇာ၊ ဤခြောက်ဖြာ၊ သိက္ခာကျကြောင်းတည်း။

သိက္ခာချရာတွင် အင်္ဂါတစ်ပါးဖြစ်သော ခေတ်ပုဒ်များ နားလည်ထားရန် အရေးကြီးသည်။ သိက္ခာချနိုင်သော ခေတ်ပုဒ် (၇၈)ပုဒ် ရှိသည်။[၁]

ခေတ်ပုဒ် (၇၈) ပုဒ် ပြင်ဆင်ရန်

ဗုဒ္ဓံ ပစ္စက္ခာမိ စသော (၁၄) ပုဒ် ပြင်ဆင်ရန်

ဗုဒ္ဓံ = မြတ်စွာဘုရားရှင်ကို။ ပစ္စက္ခာမိ = စွန့်ပါ၏၊ ထို့အတူ - ဓမ္မံ၊ သံဃံ၊ ဝိနယံ၊ ပါတိမောက္ခံ၊ ဥဒ္ဒေသံ၊ ဥပဇ္ဈာယံ၊ အာစရိယံ၊ သဒ္ဓိဝိဟာရိကံ၊ အန္တေဝါသိကံ၊ သမာနုပဇ္ဈာယကံ၊ သမာနာစရိယကံ (= တူသော ဆရာရှိသူ)ကို။ ပစ္စက္ခာမိ = စွန့်ပါ၏ဟု ပစ္စက္ခာမိနှင့် တွဲ၍ ရွတ်ဆိုရသော ပုဒ်ပေါင်း (၁၄)ပုဒ် ရှိသည်။

မံ ဓာရေဟိ (၈) ပုဒ် ပြင်ဆင်ရန်

ဂိဟီတိ = လူဟူ၍။ မံ = ဘုရားတပည့်တော်ကို။ ဓာရေဟိ = မှတ်တော်မူပါဘုရားဟု မံ ဓာရေဟိနှင့် တွဲ၍ ဆိုရသော ပုဒ် (၈)ပုဒ် ရှိသည်။ ဥပါသကောတိ၊ အာရာမိကောတိ၊ သာမဏေရောတိ၊ တိတ္ထိယောတိ၊ တိတ္ထိယသာဝကောတိ၊ အသမဏောတိ၊ အသကျပုတ္တိယောတိ မံ ဓာရေဟိ။

မံ = ဘုရား တပည့်တော်ကို။ အသကျပုတ္တိယောတိ = သာကီဝင်မင်းသား ဘုရားသားတော် မဟုတ်ဟူ၍။ ဓာရေဟိ = မှတ်တော်မူပါဘုရား။ စသည်ဖြင့် အနက်ပေး အာရုံပြု ဆိုရသည်။[၁]

မြှောက်ပွားပုံ ပြင်ဆင်ရန်

(က) ဗုဒ္ဓံ ပစ္စက္ခာမိ စသော ၁၄-ပုဒ် (ပစ္စုပ္ပန်ကာလ)

( ခ ) ဂိဟီတိ မံ ဓာရေဟိ စသော ၈-ပုဒ် (ပစ္စုပ္ပန်ကာလ)

( ဂ ) အလံ မေ ဗုဒ္ဓေန၊ ကိံ နု မေ ဗုဒ္ဓေန၊ န မမတ္ထော ဗုဒ္ဓေန၊ သုမုတ္တောဟံ ဗုဒ္ဓေန၊ (အနာမဋ္ဌကာလ) (၄)ဝါကျရှိသည်တွင် -

(က)အမှတ်ပြ ၁၄-ပုဒ်နှင့် (ခ)အမှတ်ပြ ၈-ပုဒ် (၁၄+၈ =၂၂) ပစ္စုပ္ပုန် ကာလဖြင့် သိက္ခာချနိုင်သော ခေတ်ပုဒ် ၂၂-ပုဒ် ရှိသည်။ နောက်တစ်ဖန် (က)အမှတ်ပြ ၁၄-ပုဒ်၌ (ဂ)အမှတ်ပြ ၄-ပုဒ် တွဲစပ်ပြောင်းလဲ၍ ဆိုသွားလျှင် (၁၄_၄ = ၅၆) ခေတ်ပုဒ်ပေါင်း (၅၆)ပုဒ်ရသည်။ စုစုပေါင်း (၂၂+၅၆ = ၇၈) ခေတ်ပုဒ်ပေါင်း (၇၈)ပုဒ် ရှိလေသည်။ အနက်ပေးပုံမှာ -

မေ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ အလံ = မထိုက်တန်ပြီ။ မေ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ ကိံနု = အဘယ်အကျိုးရှိအံ့နည်း။ မမ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ န အတ္ထော = အကျိုး မရှိပြီ။ အဟံ = တပည့်တော်သည်။ ဗုဒ္ဓေန = ဘုရားမှ။ သုမုတ္တော = ကောင်းစွာ လွတ်ပြီ။ ဤသို့ စသည်ဖြင့် (က)အမှတ်ပြ (၁၄)ပုဒ်လုံး အနက် ပေးတတ်ပါစေ။

ဤသို့လျှင် (၇၈)ပုဒ် ရှိသည်တွင် မိမိသဘောကျသော ခေတ်ပုဒ်တစ်ပုဒ်ဖြင့် သိက္ခာချနိုင်သည်။[၁]

သိက္ခာချရာ၌ စဉ်းစားဖွယ် ပြင်ဆင်ရန်

ဗုဒ္ဓံ ပစ္စက္ခာမိ = ဘုရားကို စွန့်ပါ၏ဟု ရွတ်ဆိုရာ၌ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်သူသည် များသောအားဖြင့် တကယ်စွန့်သူ့များ မဟုတ်ကြသောကြောင့် သိက္ခာကျမည် မထင်ပါ။ ဓမ္မံ သံဃံ စသည်တို့၌လည်း နည်းတူပင် ယူဆသင့်သည်။ သိက္ခာကျနိုင်ကြောင်းသာ တင်ပြထားခြင်း ဖြစ်သည်။[၁]

သေချာသော သိက္ခာချနည်း ပြင်ဆင်ရန်

ခဏခေတ္တ သင်္ကန်းဝတ်ကြ ရဟန်းခံကြသော ဒုလ္လဘရဟန်းတို့ကို ဖြစ်စေ, အမြဲဝတ်မည်ဟု ကြံစည်ထားသော်လည်း ရဟန်းဘောင်၌ နေလိုသောစိတ် မရှိသော ရဟန်းကိုဖြစ်စေ သိက္ခာချလိုပါသည်ဟု လျှောက်ထားလာပါလျှင် လူထွက်လိုသော စိတ် တကယ်ရှိ, မရှိ စစ်ဆေးပြီးလျှင် သာမဏေရောတိ မံ ဓာရေဟိ = ဘုရားတပည့်တော်ကို ရှင်သာမဏေ ကိုရင်ကြီး ဟူ၍ မှတ်တော်မူပါဟု (၃)ကြိမ် ဆိုပြီး၍ ကိုရင်ကြီးဟု မှတ်ထင်ပြီလားဟု မေးစိစစ်ပြီးမှ လူဝတ်လဲစေကာ ဒုတိယအကြိမ် ဂိဟီတိ မံ ဓာရေဟိ = ဘုရားတပည့် တော်ကို လူဒါယကာဟူ၍ မှတ်တော်မူပါဘုရားဟု ဆိုစေရမည်။ လူဒါယကာဟု မှတ်ထင်ပြီလားဟု မေးစိစစ်ပြီးမှ တတိယအကြိမ် ဥပါသကောတိ မံ ဓာရေဟိ = ဘုရားတပည့်တော်ကို ရတနာသုံးပါးအား ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟုဘုရားဟု ဆိုစေရမည်။ ထို့နောက် ဥပါသကာသီလ (ငါးပါးသီလ)ကို အကျဉ်း ပေးလိုက ပေးပါ။ မပေးလျှင်လည်း သိက္ခာကျပြီဟု ယူဆနိုင်ပါသည်။ (၃)ကြိမ် (၃)ဆင့် သိက္ခာချခြင်း ဖြစ်သည်။ သိက္ခာမကျလျှင် အာပတ်တွေ သင့်နိုင်၍ အထူးသတိထားစေလိုသောကြောင့် ယခုကဲ့သို့ သိက္ခာချနည်းကို တင်ပြခြင်း ဖြစ်ပါသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း