သိုဟန်ဘွားသည် ရွှေနန်းကြော့ရှင် နရပတိ နောက် အင်းဝနန်းကို စံမြန်းသော ရှမ်းမင်းဖြစ်သည်။ မိုးညှင်းစလုံ (ခေါ်) မိုးညှင်းစော်ဘွားစဝ်လုံ၏ သားတော်ဖြစ်သည်။ သိုဟန်ဘွား၏ ခမည်းတော် မိုးညှင်းစလုံသည် မြောက် ဘက် မြေဒူးနယ်၊ ဒီပဲယင်း၊ စည်ပုတ္တရာ စသည် တို့နှင့် အင်းဝနေပြည်တော် အစွန်အဖျားကို ထိပါးဖန်များခဲ့ရုံမက သက္ကရာဇ် ၈၈၆ ခုနှစ်တွင် စစ်ကိုင်းသို့ချီလာ၍ ကျောင်းကန်အိမ်ရာတို့ကို မီးတိုက်ကာ ဧရာဝတီအနောက်တစ်လွှား မြို့ရွာများကို တိုက်ခိုက်သိမ်းယူသည်မှာ သရက်မြို့သို့ တိုင်လေသည်။ ထိုကမှ ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစောနှင့် ပေါင်း၍ အင်းဝသို့ချီသည်။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် မခံနိုင်သဖြင့် ယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ဆုတ်ရလေရာ အင်းဝတွင် သတိုးမင်းစောအားထားခဲ့၍ ဆင်ကောင်း၊ မြင်းကောင်း ယူကာ စလုံပြန်လေသည်။ သို့ရာတွင် သတိုးမင်းစောသည် အင်းဝတွင်ရှိသော အကြီးအကဲတို့ကိုယူ၍ ပြည်သို့ပြန်ရာ ရွှေနန်းကြော့ရှင်လည်း အင်းဝသို့ပြန်၍ အင်အား ထူထောင်ပြန်သည်။


ထိုအကြောင်းကိုကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈ ခုနှစ် (AD ၁၅၂၇) တွင် သားတော် သိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလျှင် မိုးညှင်းစလုံသည် သားတော်သိုဟန်ဘွားအား တိုက်ဆင် နှစ်ရာ၊ မြင်း လေးထောင်၊ စစ်သည်သူရဲ ခြောက်သောင်း ပေးခဲ့၍ အင်းဝတွင် မင်းပြုစေသည်။ ရွှေနန်းကြော့ရှင်၏တူတော် မင်းကြီးရန်နောင်သည်လည်း အင်းဝပျက်၍ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေလေသည်။ မိုးညှင်းစလုံက မင်းကြီးရန်နောင်ကို ခေါ်၍ "ငါ့သား သိုဟန်ဘွားသည် မြန်မာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင် ပဲ့ပြင်၍ စီရင်ခင်း၊ စီရင်ဖွယ် ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ"ဟု ဆိုကာ သိုဟန်ဘွားအား သွန်သင်ပဲ့ပြင်ရန် အမတ်ကြီး ခန့်ထားခဲ့သည်။ ပြင်စည်မြို့ကိုလည်း ပေး၍ စားစေသည်။ သက္ကရာဇ် (၇၂၆)အေဒီ ၁၃၆၄-ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး ဘုရင် နရပတိ တိုင်အောင် မင်း(၁၄)ပါးတွင် မင်းစဉ်ပြတ်ကာ သိုဟန်ဘွားသည် အင်းဝရွှေနန်းကိုတက်၍ မင်းပြုသည်။

မိုးညှင်းစလုံသည် အင်းဝကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ ပြန်လေသည်။ သိုဟန်ဘွားသည် အင်းဝတွင် မင်းအဖြစ်ကိုရပြီးနောက် စလင်းမြို့ကို စည်သူကျော်ထင် အားပေး၏။ ပေါင်းတည်မြို့ကို ပျံချီအား ပေး၏။ ပုဂံကို သတို့အား ပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအား ပေး၏။ အမြင့်မြို့ကို သက်တော်ရှည်အား ပေး၏။ ဤသို့ နိုင်ငံတော်အလုံးတွင်ရှိသော ကျေးရွာမြို့ပြတို့ကို မြန်မာအမတ် ရှမ်းအမတ်တို့အား အလုံးအရင်းနှင့်ချည်း ကျေးစားရွာစားထည့်လေသည်။ []

ထို့နောက် ပြည်၊ တောင်ငူတို့သို့ ချီ၍ သိမ်းယူရန် မင်းကြီးရန်နောင်အား တိုင်ပင်လေသည်။ ရှမ်းတို့တိုက်လျှင် ပြည်၊ တောင်ငူသည် ခံနိုင်မည့် အခြေမရှိသေးကြောင်း ကိုသိသော မင်းကြီးရန်နောင်သည် ပြည်၊ တောင်ငူပျက်လျှင် မြန်မာနိုင်ငံဟူ၍မရှိတော့ဘဲ ရှမ်းတို့သာ မြန်မာနိုင်ငံအလုံးကို အစိုးရတော့မည့် ဘေးမှကာကွယ်လိုသဖြင့် အင်းဝကိုရလေပြီးမှ ပြည်၊ တောင်ငူနေဝံ့မည်မဟုတ်၊ အလိုလိုညွတ်လာမည် ဖြစ်ကြောင်း သိုဟန်ဘွားအား လျှောက်တင်လေသည်။ ပြည်မင်း၊ တောင်ငူမင်းတို့အားလည်း အားမတန်သေးသည့်အခါ ရှမ်းမင်းနှင့် ချစ်ကြည်ဟန် ပြုသင့်ကြောင်း အတွင်းစာပို့လေရာ ချစ်ကြည်အောင်နေကြသဖြင့် ပြည်၊ တောင်ငူကို သိုဟန်ဘွား မတိုက်ဖြစ်တော့ချေ။ တောင်ငူနယ်စပ်နှင့် အင်းဝကျေးစပ်တွင် ရှမ်းတို့ နေလာမည်စိုး၍ ကန်ချောင်းဆည်မြောင်း ရှိသမျှကိုလည်း တောင်ငူ မဟာသီရိဇေယျသူရက ဖျက်ဆီးရ၏။ သက္ကရာဇ်(၈၉၂)ခုတွင် တောင်ငူ မဟာသီရိဇေယျသူရ အနိစ္စရောက်တော်မူ၍ သားတော် မင်းတရားရွှေထီး မင်းဖြစ်တော်မူသည်။

သို့ရာတွင် (၈၉၄)-ခုနှစ်တွင် မိုးညှင်းစော်ဘွား စလုံသည် အင်းဝသို့ ဆင်းလာကာ သားတော်သိုဟန်ဘွားအားခေါ်၍ ပြည်သို့ချီတက်သည်။ ပြည်ဘုရင်ထွေးလည်း မိုးညှင်းစလုံတို့ကို တိုက်ခိုက်ရန် အင်အားမမျှသဖြင့် အထူးထူးသော ပုဆိုးကောင်းများကို ယူကာ အခြွေအရံ တစ်ထောင်ခန့်နှင့် ဆက်သအညံ့ခံသဖြင့် ဘုရင်ထွေးအားဖမ်း၍ အင်းဝသို့ ပြန်သည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး ပြန်လေသည်။ ဒီပဲယင်းသို့ ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ လွှတ်ပေးလေသည်။ မိုးညှင်းစလုံသည် မြေဒူးသို့ ရောက်လျှင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍ အနိစ္စရောက်လေသည်။

ထိုအချိန်၌ တောင်ငူတွင် တပင်ရွှေထီး နန်းတက်သည်မှာ နှစ်နှစ်ပင်ရှိလေပြီ။ သိုဟန်ဘွားတို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် မအုပ်ချုပ်မီကပင် အခြားရှမ်းလူမျိုးများရောက်ရှိနေနှင့်ပြီးဖြစ်ရာ ရောက်ရှိနေပြီးဖြစ်သော ရှမ်းများလောက် ယဉ်ကျေးမှု အဆင့်အတန်းမမြင့်ကြချေ။ သို့ဖြစ်ရကား သိုဟန်ဘွား၏ အုပ်ချုပ်မှုသည် ထိုအချိန်က မြန်မာနိုင်ငံ၏အခြေအနေနှင့် မဟပ်မိချေ။ သိုဟန်ဘွားနန်းသက် ၁၅နှစ်အတွင်း ဒေသခံမြန်မာတို့ကို နှိပ်စက်ခြင်း၊ ဗုဒ္ဓဘာသာရဟန်းတော်များကို ဆွမ်းစားပင့်ဖိတ်ဟန်ပြုကာ နန်းတော်တွင်းသို့ရောက်လျှင် သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို ဗမာတို့၏ ရတနာများသိုဝှက်ရာနေရာဟု ဆိုကာ ဖျက်စီးပြီး ဌာပနာတို့ကို ယူငင်ခြင်း တို့ကို ပြုလုပ်လေ့ရှိသည်။ ရွှေနန်းကျော့ရှင် နရပတိ၏ နန်းတည်ကျောက်စာကိုလည်း စွန့်ပစ်ဖျက်ဆီးခဲ့သည်။ ထိုမျှရက်စက်ကြမ်းကြုတ်သည့်အပြုအမူတို့ကို ကြောက်ရွံသဖြင့် လူအများလည်း ဘေးလွတ်ရာ တောင်ငူသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်။ အင်းဝမှမြန်မာတို့ တောင်ငူသို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် တောင်ငူသည် တဖြည်းဖြည်း မြန်မာတို့၏ အင်အားစုတည်ရာ ဖြစ်လာသည်။

သက္ကရာဇ် ၉ဝဝ ပြည့်နှစ် (အေဒီ-၁၅၃၉)တွင် တောင်ငူမင်းတရား ရွှေထီးသည် ဟံသာဝတီကိုလုပ်ကြံရာ မွန်မင်း သုရှင်တကာရွတ်ပိသည် မခံနိုင်၍ ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ပြေးလာသည်။ တပင်ရွှေထီးလည်း ပြည်အထိလိုက်သောအခါ ပြည်ဘုရင်သည် အင်းဝဘုရင် သိုဟန်ဘွားသို့ အကူတောင်းလေသည်။ သိုဟန်ဘွားလည်း ရေတပ် ခြောက်တပ်စီရင်၍ ကတ္ထုလွန်းကြင် ၂ဝဝ၊ လှော်ကား သံလှေ ၁ဝဝ၊ စစ်သည်သူရဲ ၅ဝဝဝဝ နှင့်အတူလာသည်။ မင်းတရားရွှေထီး ရေတပ်နှင့်ဆုံ၍ တိုက်ကြရာ ထိုနှစ် ပြည်မြို့ကို မင်းတရားရွှေထီးတို့က မအောင်နိုင်သေးချေ။ တပင်ရွှေထီး ၏တပ်များပြန်ဆုတ်ခွာသွားပြီးနောက် သုရှင်တကာရွတ်ပိ အပြင်းဖျားပြီး ကွယ်လွန်သဖြင့် သိုဟန်ဘွားလည်း မိမိရှမ်းတပ်များကို ခေါ်ကာ အင်းဝသို့ပြန်သည်။ အပြန်တွင် သုရှင်တကာရွတ်ပိ၏ သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို မြှောက်စားမည်ဟုဆိုကာ အင်းဝသို့ခေါ်လာခဲ့သည်။

အေဒီ-၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး ကြည်းတပ်ရေတပ် အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်တော် မူပြန်သည်။ ပြည်ကို ဝိုင်းရံတိုက်ခိုက်စဉ် အင်းဝဘုရင် သိုဟန်ဘွား၊ အုန်းဘောင်ခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစလုံငယ်တို့သည် ပြည်ဘုရင်ကိုကူညီရန်အတွက် ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က လမ်းတွင်ဆီးကြိုတိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားတပ်များ ပျက်၍ အင်းဝသို့ ဆုတ်ခွာကြရလေသည်။ ရှမ်းမင်း သိုဟန်ဘွားနှင့် အပေါင်းအပါစော်ဘွားများသည် တောင်ငူကို ချီတက်လုပ်ကြံရန် ကြံစည်ကြသေးသည်။ သို့ရာတွင်မအောင်မြင်ဘဲ မင်းတရားရွှေထီးသာ ပြည်ကိုသိမ်းနိုင်ခဲ့သည်။

သိုဟန်ဘွားသည် ရတနာသုံးပါးကို မရိုမသေရုံမက စေတီပုထိုးများကိုလည်း ဘုရားမဟုတ် မြန်မာတို့ ဥစ္စာရွှေငွေထားရာ ဌာနများဖြစ်သည်ဟုဆိုကာ ဖောက်၍ ယူလေသည်။ အရိယာ သံဃာတော်များအားလည်း သားမယားမရှိဘဲလျက် တပည့်တပန်းထား၍ ပုန်ကန် သောင်းကျန်းရန် အခြွေအရံ မွေးသည်ဟုဆိုကာ ၉ဝ၁(အေဒီ ၁၅၄၂) ခုနှစ်တွင် တောင်ဘီလူးလယ်ပြင်၌ မဏ္ဍပ် အဆောင်အယောင် ဆောက်လုပ်စေပြီးလျှင် ကျွဲနွားဝက်ကြက်သတ်စေ၍ ဆွမ်းလုပ်ကျွေးမည်အဟန်နှင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝနှင့် အနီးဝန်းကျင်မှ သံဃာတော်တို့အား ပင့်ပြီးနောက် မဏ္ဍပ်တို့ကို ဆင်မြင်းဗိုလ်ပါ ဝန်းရံ၍ သတ်လေသည်။ ၃၆ဝ ကျော်သေလေသောဟူ၏။ ယင်းတို့အနက်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ ကျမ်းဂန်ကျနတော်မူသော အရိယာသံဃာတော် သုံးကျိပ်ကျော်ပါလေသည်။ သိုဟန်ဘွားလည်း သံဃာတော်တို့အား သတ်ပြီးလျှင် ကျောင်းကန်ဘုရားတို့၌ရှိသော စာပေကျမ်းဂန်တို့ကိုယူ၍ မီးတိုက်၏။ သာသနာတော်ကို ယင်းသို့ဖျက်ဆီးရုံမျှမက လူတို့အားလည်း ညှဉ်းပန်းလွန်းလှသည်။ မြန်မာမှူးမတ်များအားလည်း ရှမ်းမှူးမတ်များက စော်ကားဖန်များလှသဖြင့် မြန်မာတို့သည် သည်းမခံနိုင်ဖြစ်ကာ မင်းကြီးရန်နောင်နှင့် တိုင်ပင်၍ အညီအညွတ်ပြုကြသည်။ သက္ကရာဇ် ၉ဝ၄ ခုနှစ် ကဆုန်လတွင် ရှမ်းမင်း သိုဟန်ဘွားအား ယာယီပြုသင့်သည်ဟု ပညာရှိတို့လျှောက်၍ မနော်ရမ္မာဥယျာဉ်၌ ယာယီနန်း ဆောက်ကာ မြန်မာတို့ ကိုယ့်နေရာကိုယ် အမှတ်အသားပြု၍ စွဲသည့်ဓားကို မြုပ်ထားကြသည်။ ရှမ်းတို့အား မူယာယီနန်းထွက်ကြိုက် လက်နက်မပါ အယဉ်အကျေးလိုက်၍ နေရသည်ဆိုကာ လက်နက်မပါဘဲ ခစားစေသည်။ ယာယီတဲနန်းသို့ သိုဟန်ဘွားထွက်၍ စံစဉ် ရွှေနန်းကြော့ရှင်၏ ဓားအစွမ်းကို ရောက်အောင် မင်းကြီးရန်နောင်က စကားသွယ်၍ ပြောကာ ထိုဓားကိုပြဟန်နှင့် သိုဟန်ဘွားအား ခုတ်လိုက်ရာ သိုဟန်ဘွားကျသည့်နေရာတွင် ကျသည့်အပြင် မှီထားသောဝါးပိုးတိုင်နှင့် ကြမ်းငါးချောင်း ပြတ်သောဟူ၏။ မြန်မာအမတ်တို့သည်လည်း ရှမ်းအမတ်တို့အား ခုတ်ကြရာ အများအပြား သေကြကုန်လေသည်။[]

သိုဟန်ဘွားအား လုပ်ကြံပြီးနောက် မင်းကြီးရန်နောင်အား အင်းဝနန်းကို စိုးစံရန် ဝိုင်းဝန်းလျှောက်ထားသော်လည်း လက်မခံပေ။ အုန်းဘောင်စော်ဘွား ခုံမှိုင်းအား အင်းဝထီးနန်းကို သိမ်းပိုက်ရန် ပင့်ဖိတ်စေပြီး တစ်နှစ်အကြာတွင် ဒုလ္လဘမဲပေါက်သဖြင့် ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။

ကျမ်းကိုး

ပြင်ဆင်ရန်
  1. အရှင်သုခမိန္ဒ(တန့်ယန်း)၊ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ၊ နှာ-၁၅၆၊
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  • မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး
  • မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ
  • မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း