သီဟိုဠ်ရှင်စေတီ
သီဟိုဠ်ရှင်စေတီသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ တန်ခိုးကြီး စေတီတစ်ဆူဖြစ်သည်။[၁][၂]
သီဟိုဠ်ရှင် စေတီတော် | |
---|---|
အချက်အလက်များ | |
တည်နေရာ | ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး |
ကိုဩဒိနိတ် | 21°19′37″N 95°04′04″E / 21.326932°N 95.06765°Eကိုဩဒိနိတ်: 21°19′37″N 95°04′04″E / 21.326932°N 95.06765°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မြန်မာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | အလောင်းစည်သူမင်း |
သမိုင်းကြောင်း
ပြင်ဆင်ရန်အလောင်းစည်သူမင်းသည် ၄၅၄ ခုနှစ်တွင် မင်းဖြစ်ခဲ့ပြီးနောက် သမုဒ္ဒရာတွင် အံဖွယ်များကို ကြည့်လို၊ တိုင်းနိုင်ငံတွင် ကင်းတို ကင်းရှည်များ ချထားလို၍ တိုင်းခန်းလှည့်လည်ခဲ့သည်။ တိုင်းခန်းလှည့်လည်ရာ သီဟိုဠ်ကျွန်းသို့ ရောက်ခဲ့သည်။
ထိုအခါ သီဟိုဠ်မင်းသည် လက်ဆောင်ပဏ္ဏာများနှင့်အတူ ရှင်မဟာကဿပထေရ် ဓုတင်ကျင့်နေဟန် ရုပ်တုတော်တို့ကို ဆက်သခဲ့သည်။ အလောင်းစည်သူမင်းကြီး ဇမ္ဗုသပြေပင်ကျွန်းနှင့် မလ္လာကျွန်းများသို့ ရောက်ခဲ့သည့်အခါတွင်လည်း ဗောဓိသားဖြင့် ဒက္ခိဏသာခါရုပ်တုတော်လုပ်ကာ စန္ဒကူးသရက္ခန် စသည့် နံ့သာတို့ဖြင့် မွမ်းမံကာ အလောင်းစည်သူမင်းအား ဆက်သခဲ့သည်။ ထိုရုပ်တုပြုလုပ်ခဲ့သည့် ဗောဓိသား၏ အပင်သည် အသောကမင်းကြီးက ဒေဝါနံပိယတိဿမင်းကြီးကို ဆက်သခဲ့ခြင်း ဖြစ်ပြီး အနုရာဓမြို့အနီးတွင် တည်ရှိသည့် ဗောဓိပင် ဖြစ်သည်။ ထိုသို့ လက်ဆောင်ပဏ္ဏာများ ဆက်သသည်ကို အလောင်းစည်သူမင်းကြီးသည် လွန်စွာ ပီတိ ဖြစ်ခဲ့ပြီး ဆက်သသည့် ရုပ်ပွားတော်ကို "သီဟိုရှင်" (သီဟိုဠ်ရှင်) ဟု သမုတ်ခဲ့သည်။
၄၇၄ ခုနှစ်တွင် ပုဂံသို့ ပြန်လာခဲ့သည်။ ရုပ်တုတော်များ၊ သရက္ခန်ဘုရားနှင့် ဒက္ခိဏသာခါရုပ်ပွားတော်တို့ကို ပွဲသဘင်ဖြင့် ပူဇော်ခဲ့သည်။
သက္ကရာဇ် ၄၇၉ ခုနှစ်တွင် မင်းကြီးသည် အများသူငါ ကြည်ညိုစေနိုင်ရန်အတွက် ဌာပနာ၍ စေတီတော်တည်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက် သီဟိုဠ်ရှင်ရုပ်ပွားတော်ကို ဖောင်ပေါ်တွင် တင်ဆောင်ကာ ကျိန်းဝပ်မည့်နေရာတွင် နိမိတ်ကို မြင်တွေ့စေသော်ဟု အဓိဋ္ဌာန်ခဲ့သည်။ ထို့နောက် ပုဂံမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်အညာသို့ ဆန်တက်ခဲ့သည်။
ဖောင်တော်သည် ကူးခန်းအရပ်သို့ရောက်သည့်အခါ ရပ်တံ့လေသည်။ ထိုအခါ မင်းကြီးသည် မြေညီညွတ်ရာအရပ်ကို ရှာလေသည်။ ထိုအချိန်တွင် မြစ်ရေကြည်တွင် ကြာပွင့်ကြီးများ ပွင့်ခြင်း၊ သဲသောင်များ ရုတ်တရက်ပေါ်လာခြင်း၊ ဥဗျိုင်း ငှက်အုပ်များ ပျံကျလာခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့သည်။ မင်းကြီးသည် ရဟန္တာများ၏ အကူအညီဖြင့် မြေကောင်းမြေမြတ်များကို တွေ့ရှိခဲ့ပြီးနောက် ၄၇၉ ခုနှစ်၊ တန်ဆောင်မုန်းလတွင် မုဋ္ဌောစေတီတော်ကို တည်ခဲ့သည်။ တန်ခူးလတွင်ပြီးစီး၍ ရတနာများ၊ ရုပ်တုတော်အဆူဆူ စသည်တို့ကို ဌာပနာခဲ့သည်။
အလျား ၂၁ တောင်၊ အမြင့် ၃၆ တောင်ရှိသည့် လိုဏ်ဂူတွင်းတွင် သီဟိုဠ်ရှင်ရုပ်ပွားတော်ကို ဌာပနာခဲ့သည်။ ထိုဘုရားတည်ရှိရာ ကျွန်းမြေကို တံတိုင်းကာရံ၍ "မြစ်မကိုင်းကျွန်း"ဟု သမုတ်ခဲ့သည်။ (ထိုကျွန်းနေရာသည် ယခုအခါ ကုန်းပြင်တစ်စပ်တည်း တည်ရှိနေသည်။) မင်းကြီးသည် ဝတ္တုကံမြေများကို လှူခဲ့သည်။ ထို့ပြင် နှစ်စဉ် သင်ပုတ်ဝတ် ဆီမီးဝတ်များလည်း ပြုလုပ်ခဲ့သည်။ ထိုအချိန်မှစကာ "သီဟိုဠ်ရှင် မြတ်စွာဘုရား" ဟု ထင်ရှားခဲ့သည်။[၂]
ပြုပြင်မွမ်းမံမှုများ
ပြင်ဆင်ရန်သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် စေတီတော် ပျက်စီးနေသည်ကို မြင်သာရွာအုပ်ကြီးသည် ပြုပြင်ခဲ့သည်။ သီဟိုဠ်ရှင်ရုပ်တုတော်နှင့် ပမာဏတူညီသည့် ရုပ်တုတော်နှစ်ခု ပြုလုပ်ကာ လက်ဝဲလက်ယာ ရံထားကာ ပူဇော်ခဲ့သည်။ ထိုနှစ် ဝါဆိုလဆန်း ၁၀ ရက်နေ့တွင် ထီးတော်တင်ခဲ့သည်။
၁၂၈၄ ခုနှစ်၊ ကဆုန်လတွင် ဒေါ်လေးကြီးသည် စေတီတော်ကို ပြုပြင်ခဲ့သည်။ ဖိနပ်တော် ၅၅ တောင်ရှိသည့် ဂန္ဓကုဋီတိုက်ကိုလည်း လှူဒါန်းခဲ့သည်။
သီဟိုဠ်ရှင်ဘုရား၏ လိုဏ်ဂူတော်သည် ဖိနပ်တော် အလျား အနံ − ၅၅ တောင်၊ ဉာဏ်တော်မှာ ထီးတော်အထိ ၇၄ တောင် မြင့်သည်။ ၁၂၈၈ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ ပွဲတော်ကျင်းပခဲ့သည်။[၂]
ဘုရားပွဲတော်
ပြင်ဆင်ရန်ဘုရားပွဲတော်ကို နှစ်သစ်ရေသွန်းပွဲတော် ကျင်းပသည်။ နယုန်လဆန်း ၈ ရက်နေ့မှ လဆုတ် ၂ ရက်နေ့အထိ သင်ပုတ်ဝတ်၊ ဆီမီးဝတ်၊ ပန်းဝတ်ပွဲတော်ကြီးနှင့် သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းတော်ကြီးတင်ပွဲတော်များ ဖြစ်သည်။[၁][၂][၃]
သီဟိုဠ်ရှင်ဘုရားမှာ ဂေဇက်ဝင်ဘုရားဖြစ်သည်။ ဂေဇက်ဝင်ဘုရားဆိုသည်မှာ ကိုလိုနီခေတ်၊ အစိုးရ၏ အသိအမှတ်ပြုခံရသည့် ၊ ပွဲတော်ဈေးကြီးများ ကျင်းပသည့် တန်ခိုးကြီးဘုရားကို ဆိုခြင်းဖြစ်သည်။ [၄]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Mudditt၊ Jessica (June 2014)။ Exploring a Hidden Place: Pakokku။ My Magical Myanmar။ 21 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၇၁၊ ၂၇၂၊ ၂၇၃၊ ၂၇၄။
- ↑ Pakokku Thiho Shin Pagoda Festival။ Freedom Travel Tours Co. Ltd.။ 23 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2015 တွင် ပြန်စစ်ပြီး။
- ↑ မြသန်းတင့်၊ ပုံတောင်ပုံညာသွား တောလား၊ ၂၀၀၀-ခုနှစ်၊ ပအကြိမ်၊ အခန်း-၅၊ စာ-၂၆