သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်
သုက္ကဝိဿဋ္ဌိသံဃာဒိသိသ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များအား လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူသည့် ပထမသံဃာဒိသိသ်အာပတ် ဖြစ်သည်။[၁]
သမိုင်း
ပြင်ဆင်ရန်မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေချိန် ဖြစ်၏။ အသျှင်သေယျသကသည် ရဟန်းဘဝတွင် မမွေ့လျော်ဘဲ ဖြစ်နေ၏။ ထိုသို့ မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်သုံးနေရသည့်အတွင် အသားအရေတို့သည် ခေါင်းပါးဖျော့တော့ကုန်၏။
ထိုသို့ ကြုံလှီနေသည်ကို အသျှင်ဥဒါယီမြင်လေသော် “အဘယ်ကြောင့် ပိန်လှီနေသနည်း” ဟု မေးမြန်း၏။ ထိုအခါ အသျှင်သေယျသကသည် ရဟန်းဘဝတွင် မမွေ့လျာ်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရသည့်အတွက် ဖြစ်ကြောင်း ပြော၏။ ထိုအခါ အသျှင်ဥဒါယီက “ငါ့သျှင် အလိုရှိတိုင်း စား၊ အိပ်၊ ရေချိုး ပါ။ သင့်အား ရာဂစိတ် နှိပ်စက်သောအခါ လက်ဖြင့် သုက်ကို လွှတ်စေလော့” ဟု ပြောကြား၏။ ထိုအခါ အသျှင် သေယျသကသည် အသျှင်ဥဒါယီ ပြောသည့်အတိုင်း ပြု၏။ ထို့ကြောင့် အသျှင်သေယျသက၏ ကိုယ်အရေအဆင်းသည် လှပကြည်လင်လာ၏။
ထိုအခါ ရဟန်းတို့သည် ရဟန်းတို့သည် အသျှင်သေယျသကအား အဘယ်ကြောင့် ယခုကဲ့သို့ ဝဖြိုးလှပလာသည်ကို မေးမြန်း၏။ အသျှင်သေယျသကသည် “မိမိမှာ အလိုရှိတိုင်း စား၊ အိပ်၊ ရေချိုး ခြင်းကို ပြုသည်။ ထိုအခါ ပျင်းရိ၍ ရာဂနှိပ်စက်လာပါက ငါသည် လက်ဖြင့် သုက်ကို လွှတ်စေသည်” ဟု ဆို၏။
ထိုအခါ ရဟန်းတို့သည် အသျှင်သေယျသကကို အဘယ်ကြောင့် လက်ဖြင့် သုက်ကို လွှတ်စေဘိသနည်းဟု ဆိုကာ ကဲ့ရဲ့တော်မူ၏။ ထိုအကြောင်းကို မြတ်စွာဘုရားထံ လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သေယျသကကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့အား “စေတနာနှင့်တကွဖြစ်သော သုက်လွှတ်ခြင်းသည် သံဃာဒိသိသ်အာပတ်သင့်၏” ဟု မိန့်တော်မူ၏။[၁]