သုတ္တဝိညတ္တိသိက္ခာပုဒ်

သုတ္တဝိညတ္တိသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]

သမိုင်းပြင်ဆင်

မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်သည့်အခါ များစွာသော သင်္ကန်းကို တောင်း၏။ သင်္ကန်းချုပ်၍ ပြီးသော်လည်း များစွာသော ချည်တို့ ကျန်သေး၏။ ထိုအခါ “ငါတို့သည် အခြားသော ချည်တို့ကို တောင်းကာ ရက်ကန်းသည်တို့ကို သင်္ကန်းရက်ခိုင်းမည်” ဟု ဆိုကာ အကြံဖြစ်၏။

ထို့နောက် ချည်တို့ကို တောင်း၏၊ ရက်ကန်းသည်တို့ကို ရက်စေ၏၊ သင်္ကန်းကို ရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။ နှစ်ကြိမ်မြောက်လည်း ဆဗ္ဗဂ္ဂီရဟန်းတို့သည် အခြားသော ချည်တို့ကို တောင်းကာ သင်္ကန်းကို ရက်စေ၏။ သင်္ကန်းရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။ သုံးကြိမ်မြောက်လည်း ချည်တို့ကို တောင်းကာ သင်္ကန်းကို ရက်စေ၏။ သင်္ကန်းရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။

ထိုအခါ လူတို့သည် “အဘယ်ကြောင့် ရဟန်းတို့သည် ချည်တို့ကို တောင်းကာ ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားထံ လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ချည်တို့ကို တောင်း၍ ရက်ကန်းသည်တို့ကို ရက်စစေသည်မှာ ဟုတ်မှန်ပါသလော” ဟု မေး၏။ ရဟန်းတို့လည်း “ဟုတ်ပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်ပြင်ဆင်

“အကြင် ရဟန်းသည် ကိုယ်တိုင် ချည်ကိုတောင်း၍ ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်