ဝေဠုဝန်ကျောင်းတော်သည် မြတ်စွာဘုရားရှင်၏ ပထမဦးဆုံးကျောင်း ဖြစ်သည်။ အလှူရှင် ဒါယကာမှာ မဂဓတိုင်း၏ ဘုရင်ဖြစ်သည့် ဗိမ္ဗိသာရမင်းကြီး ဖြစ်သည်။[၁]

ယနေ့‌ခေတ် ဝေဠုဝန်ကျောင်းတော်နေရာရှိ ရေအိုင်

တည်နေရာ ပြင်ဆင်ရန်

ဗိမ္ဗိသာရမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ဝေဠုဝန်ကျောင်းတော်သည် တပေါဒါရာမ ရေပူစမ်းမှ လမ်းမကြီးအတိုင်း မြောက်ဘက်ပေ(၅၀၀)ခန့် အကွာတွင် တည်ရှိသည်။ယင်းကျောင်းတော်သည် လမ်း၏လက်ဝဲ ဘက်တွင် ဖြစ်သည်။

ဝေဠုဝန်ကျောင်းတော်ရာအတွင်းသို့ဝင်၍ လက်ဝဲဘက်သို့ အနည်းငယ်လျှောက်လာလျှင် သစ်ပင်များဖြင့် ဖုံးလွှမ်းထားသော တောင်ကုန်းငယ်တစ်ခုရှိသည်။ယင်းနေရာကို မြတ်ဗုဒ္ဓ သီတင်းသုံးတော်မူခဲ့ရာ ဂန္ဓကုဋိကျောင်း တော်ရာဟု ဆိုကြပြီး အချို့ကလည်း အရှင်မဟာမောဂ္ဂလာန်၏ စေတီတော်နေရာဟု ဆိုကြသည်။ မူဆလင်များ ကျူးကျော်ဝင်ရောက်ပြီး သင်္ချိုင်းလုပ်ထားသည်ကို ရှေးဟောင်းဌာနက ပြန်လည်သိမ်းဆည်းထားခဲ့သည်။

ထိုနေရာမှ မြောက်ဘက်သို့ အနည်းငယ် ဆက်လျှောက်လာလျှင် သန့်စင်ကြည်လင်သော ရေကန်တစ်ကန် ရှိသည်။ထိုရေကန်မှာ ဗုဒ္ဓလက်ထက်တော်အခါက အသုံးပြုခဲ့သော “ကလန္ဒက”ရေကန်ဖြစ်သည်။ ထိုရေကန်ကြီး၏ မြောက်ဘက်တွင် ဂျပန်လက်ရာ ထိုင်တော်မူ ဆင်းတုတော်တစ်ဆူရှိပြီး ရေကန်၏အနောက်ဘက်တွင်မူ လေးပင်တိုင် ကျောင်းဆောင်ကလေးဖြင့် ရပ်တော်မူဆင်းတုတော်ငယ်တစ်ဆူ ရှိသည်။ ထိုနေရာကို မြတ်ဗုဒ္ဓသြဝါဒပါတိမောက် ပြသတော်မူခဲ့သော နေရာဟု ယုံကြည်ကြသည်။

အေဒီ(၅)ရာစု တရုတ်ရဟန်းတော် ဖာဟိယန် ဘုရားဖူးရောက်လာစဉ်က ဝေဠုဝန်ဥယျာဉ်ထဲတွင် ဘုန်းကြီးကျောင်းတစ်ကျောင်း တွေ့ရှိခဲ့သည်။ယင်းကျောင်းမှ ရဟန်း၊ သာမဏေများသည် ဝေဠုဝန်ကျောင်းတော်ရာ ကို အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်နေကြကြောင်း သူ့မှတ်တမ်းတွင် ရေးသားဖော်ပြထားသည်။

ယင်းနောက်ပိုင်း အိန္ဒိယ၌ ဗုဒ္ဓသာသနာတော်ကွယ်သည့်အခါ သို့မဟုတ် ရာဇဂြိုလ်မြို့တော် ဆုတ်ယုတ် ပျက်စီးသွားသောအခါ ဝေဠုဝန်ကျောင်းတော်လည်း ရာဇဂြိုလ်မြို့နှင့်အတူ စွန့်ပစ်ခံဘဝသို့ ရောက်ရှိသွားခဲ့ရသည်။[၂]

ဟောကြားသောမူသော တရားတော်များ ပြင်ဆင်ရန်

ဝေဠုဝန်ကျောင်းတော်ကြီး ရေစက်ချပွဲတော်တွင် ဗိမ္ဗိသာရမင်းကြီးကဘဝဟောင်းမှ ဆွေတော်မျိုးတော်များကို အမျှအတန်း ပေးဝေရန် မေ့လျှော့သွားခဲ့သည်။ယင်းကြောင့် ပြိတ္တာဘဝသို့ ရောက်ရှိနေကြသော ဆွေတော်မျိုးတော် များက ညဉ့်အခါတွင် ကြောက်လန့်တုန်လှုပ်ဖွယ်ရာ အသံများဖြင့် မင်းကြီးအား လာရောက်သတိပေးကြသည်။ သို့ဖြစ်၍ မင်းကြီးလည်း ဒုတိယအကြိမ်မြောက် ရေစက်သွန်းချပြီး ဘဝဟောင်းမှ ဆွေတော်မျိုးတော်များကို အမျှအတန်း ပေးဝေခဲ့ရသည်။

မြတ်ဗုဒ္ဓသည် ဝေဠုဝန်ကျောင်းတော်ကြီးတွင် (၄)ဝါတိုင်တိုင် ဝါဆိုဝါကပ်တော်မူပြီးနောက် လောကစိန္တာသုတ် အဘယရာဇကုမာရသုတ်ရထဝိနီတသုတ်နှင့် မဟာဝစ္ဆဂေါတ္တစသော သုတ္တန်များကို ဟောကြားတော်မူခဲ့သည်။[၃]

ရာဇဂြိုဟ်သို့ ဆွမ်းခံကြွခြင်း ပြင်ဆင်ရန်

နောင်တစ်ချိန်တွင် ဘုရားဖြစ်တော်မူမည့် ဘုရားလောင်းရဟန်းသည် ရာဇဂြိုဟ်မြို့အတွင်း ဆွမ်းခံကြွနေချိန် ဖြစ်၏။ ထိုအခါ မဂဓတိုင်း၏ ဘုရင်ဖြစ်သည့် ဗိမ္ဗိသာရသည် တည်ကြည်ငြိမ်သက်စွာ ဆွမ်းခံနေသော ဘုရားလောင်းကို နန်းတော်ပြာသာဒ်အထက်မှ ဖူးမြှော်နေ၏။ ဘုရင်ကြီး၏ စိတ်တွင် ဘုရားလောင်းအပေါ် ကြည်ညိုစိတ်များ ပိုပိုလာ ဖြစ်လာလေသည်။ မင်းကြီးလည်း ဘုရားလောင်းရဟန်းကို လိုက်လံစုံစမ်းရန် အမှုထမ်းသုံးဦးကို စေခိုင်းလေသည်။

ဘုရားလောင်းလည်း သပိတ်တွင် ဆွမ်များပြည့်လာသော အခါ ပဏ္ဍဝတောင်ခြေသို့ ကြွလာခဲ့သည်။ တောင်ခြေအနားရှိ ရေအိုင်အနီးတွင် ဆွမ်းကို မျှတစွာ ဘုဉ်းပေးတော် မူသည်။ မင်းကြီးလည်း ဘုဉ်းပေးပြီးလျှင် ရထားဖြင့်ရောက်လာလေသည်။ လှမ်းမြင်ရသော နေရတွင်ပင် ရထားကို ထားခဲ့ကာ ဘုရားလောင်းဆီသို့ ခြေကျင်လျှောက်လာလေသည်။[၁]

ကတိပေးတော်မူခြင်း ပြင်ဆင်ရန်

ဗိမ္ဗိသာရမင်းကြီးလည်း ရဟန်းတော်ထံ ရိုသေစွာချဉ်းကပ်၍ လျောက်ထား၏။ မြတ်စွာဘုရားအား ခတ္တိယမျိုးနွယ်ထဲမှ ဖြစ်ဟန်တူကြောင်း၊ ဘုရားလောင်းရဟန်းအား စည်းစိမ်ဥစ္စာများ ပေးအပ်မည်ဖြစ်ကြောင်း ပြော၏။ ထို့နောက် ဘုရားလောင်းအား မည်သည့်အမျိုးအနွယ်မှ ဖြစ်ကြောင်း မိန့်တော်မူရန် လျှောက်ထားမေးမြန်း၏။ ဘုရားလောင်းလည်း မေးသည်ကို ဖြေကြား၏။ မိမိသည် စည်းစိမ်ဥစ္စာကို အလိုမရှိ။ လက်မခံကြောင်း ပြောကြား၏။

ထိုအခါ မင်းကြီးသည် ဘုရားလောင်းအား အလိုရှိရာ ပန်းတိုင်သို့ ရောက်ရှိသောအခါ မိမိ၏ တိုင်းပြည်သို့ ကြွလာရန် ပြောကြားလေ၏။ ဘုရားလောင်းလည်း ဆိတ်ဆိတ်နေခြင်းဖြင့် ကတိပေးလိုက်လေသည်။[၁]

ရာဇဂြိုဟ်သို့ ကြွတော်မူခြင်း ပြင်ဆင်ရန်

မြတ်စွာဘုရားအဖြစ်သို့ရောက်တော်မူပြီးသည့်အခါ ဗိမ္ဗိသာရမင်းကြီး၏ လျှောက်ထားချက်အတိုင်း ကြွတော်မူလာခဲ့သည်။ ကြွတော်မူလာသော အခါ ကျောင်းများမရှိသေးသဖြင့် မြတ်စွာဘုရားနှင့် နောက်ပါရဟန်းတို့သည် ထန်းတောဥယျာဉ်တွင်းရှိ အရိပ်ကောင်းသည့် သစ်ပင်အောက်တွင် သီတင်းသုံးကြရလေသည်။

ထန်းတောဥယျာဉ်အတွင်းသို့ ရောက်ရှိပြီးမကြာမီ မင်းကြီးရောက်ရှိလာလေသည်။ မင်းကြီးသည် မြတ်စွာဘုရားအား ဖူးမြော်ပြီးနောက် မိမိသည် အိမ်ရှေ့မင်းသားဘဝက တောင့်တမှုကြီး (၅) မျိုး ဖြစ်ပေါ်ခဲ့ကြောင်း လျှောက်ထားလေ၏။ ၎င်းတောင့်တမှုကြီး (၅) ခုတို့မှာ "(၁) ငါသည် မင်းဧကရာဇ် အဖြစ်ကို ရရှိ၍ အဘိသိက်ရေစင် သွန်းလောင်းခြင်း ခံရလျှင် ကောင်းလေစွ။ (၂) မင်းအဖြစ်သို့ ရပြီးသောအခါ ငါ၏တိုင်းနိုင်ငံသို့ မြတ်စွာဘုရားကြွတော်မူလာလျှင် ကောင်းလေစွ။ (၃) ငါသည် ကြွတော်မူလာသော မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရလျှင် ကောင်းလေစွ။ (၄) မြတ်စွာဘုရားသည် ငါ့အား တရားဟောလျှင် ကောင်းလေစွ။ (၅) ငါသည် ဟောကြားတော်မူသော တရားကို သိနားလည်လျှင် ကောင်းလေစွ" တို့ ဖြစ်ကြသည်။ ထိုတောင့်တမှု ငါးမျိုးကို မြတ်စွာဘုရားအား လျှောက်ထားပြီးနောက် ယခုအခါ မိမိသည် တောင့်တမှုအားလုံး ပြည့်စုံခဲ့ပြီဖြစ်ကြောင်း ပြောကြား၏။ မိမိကိုယ်လည်း ဥပါသကာ တပည့်အရင်းအဖြစ် မှတ်ယူရန်၊ နက်ဖြန်နံနက်တွင် ဆွမ်းအလှူ ခံယူတော်မူရန် လျှောက်ထား၏။ မြတ်စွာဘုရားလည်း ဆိတ်ဆိတ်နေကာ လက်ခံတော်မူခဲ့သည်။[၁]

ကျောင်းမြေလှူဒါန်းခြင်း ပြင်ဆင်ရန်

နောက်တစ်နေ့နံနက်တွင် မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် ဆွမ်းဘုဉ်းပေးကြသည်။ ဤသည်ကို မင်းကြီးသည် ပီတိဖြင့် ကြည့်ရင်း "မြတ်စွာဘုရားနှင့် သံဃာတော်အရှင်သူမြတ်တို့သည် မည်သည့်နေရာတွင် သီတင်းသုံးရန် သင့်တော်ပါသနည်း။ ဤသို့ လူတို့ဖြင့်လည်း ရောယှက်ကာ ဖြစ်မနေသင့်၊ တရားနာလိုသူ ဘုရားဖူးသူတို့လည်း လွယ်လင့်တကူ သွားလာနိုင်၊ ဆိတ်ငြိမ်ကာ တရားရှုမှတ်ရန်သင့်တော်သည့် နေရာဖြစ်သင့်ပေသည်" ဟု တွေးမိပေသည်။ ထို့နောက် ခဏအကြာတွင် မိမိ၏ ဝေဠုဝန်ဥယျာဉ်သည် ဤအချက်များနှင့် ပြည့်စုံသည်ဟု သိလာသည်။ ထို့နောက် မြတ်စွာဘုရားအား သီတင်းသုံရန်သင့်တော်သည့် ဝေဠုဝန်ဥယျာဉ်ကို လှူဒါန်းတော်မူ၏။ မြတ်စွာဘုရားသည် ဒါယကာမင်းကြီးအား တရားစကားဖြင့် ချီးမြှောက်ကာ သံဃာတော်များနှင့် ဝေဠုဝန်ဥယျာဉ်သို့ ကြွတော်မူ၏။ ထိုအချိန်မှစကာ ထိုဥယျာဉ်သည်လည်း ကျောင်းမြေဖြစ်လာခဲ့သည်။ မြတ်စွာဘုရားကလည်း ကျောင်းမြေအလှူခံခြင်းကို ခွင့်ပြုကြောင်း ဝိနည်းတစ်ခုကို ထုတ်ပြန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဝဏ္ဏသီရိ။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း။ ပထမတွဲ။
  2. အထွဋ်အမြတ်နေရာ မဇ္ဈိမဒေသ
  3. အထွဋ်အမြတ်နေရာ မဇ္ဈိမဒေသ