သူရဿတီ သည် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုးကွယ်မှုရှိ နတ်သမီးတစ်ပါးဖြစ်သည်။ သူမသည် နတ်စာရင်းဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာ ကျမ်းစာများကို ကာကွယ်စောင့်ရှောက်သူဖြစ်ကာ စာပေပညာနှင့် နှုတ်မှုပညာများကို စောင့်ရှောက်သည်ဟု လည်းယုံကြည်ကြသည်။[၁][၂][၃][၄]:၂၁၅ မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ စာမေးပွဲမတိုင်မီတွင် သူရဿတီနတ်သမီးအား ပူဇော်ပသမှုများ ပြုလုပ်လေ့ရှိကြသည်။[၄]:၃၂၇[၅] သူရဿတီ၏ မူလရင်းမြစ်မှာ ဟိန္ဒူဘာသာရှိ ဗြဟ္မာ၏ကြင်ယာတော် သူရသွတိမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။[၆][၇]

ရန်ကုန် ကျောက်တော်ကြီးဘုရားရှိ သူရဿတီရုပ်တု

အမည်ရင်းမြစ်ပြင်ဆင်

သူရဿတီ ဟူသောအမည်မှာ သက္ကတဘာသာ စကား၊ သရသွတိ ကိုပါဠိမှပြန်ကာ မြန်မာအသံဖြင့် ခေါ်ဝေါ်ထားသော အမည် ဖြစ်သည်။ သက္ကတပုဒ်သရကို သရသ်နှင့်ဝတိဟူ၍ ပုဒ်ခွဲနိုင်သည်။ အချို့ပညာရှင်တို့က သရသ်၌ “သ”သည်အတူတကွဖြစ်ခြင်း၊ “ရသ်”သည် ရေဟူသောအနက် ချိုမြိန်ခြင်းဟူသော အနက်ဖြစ်သည်။“ဝတိ”မှာရှိသည်။ ပိုင်ဆိုင်သူဟူသောအနက်ဖြစ်သည်။ ထို့ကြောင့် သရသွတိ ကို “ရေနှင့်အတူတကွရှိသော”နတ်သမီး၊ ချိုသာစွာ ပြောဆိုလေ့ရှိသော နတ်သမီးဟု မှတ်ဖွယ်ရှိသည်။ သရသွတိသည် ယခုခေတ် ပန်ဂျပ်ပြည်နယ်ရှိ ဆရဆွတိမြစ်ကို စောင့်သောနတ်ဖြစ်သည် ဟု အချို့ကယူဆကြသည်။ ရှေးဦးကမြစ်စောင့်နတ် ဖြစ်ခဲ့သည့် သရသွတိ ဝေဒခေတ်၌ ဖန်ဆင်းရှင် ဣဿရ၏ သမီးတော် ဖြစ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။ ဝေဒခေတ်နှောင်း ဗြဟ္မဏကျမ်းစာများ ထွန်းကားချိန်တွင် ဣဿရကို ဗြဟ္မာအဖြစ် ပြောင်းလဲသုံးနှုန်းလာခဲ့ကြသည်။

ကိုးကွယ်မှုပြင်ဆင်

မြန်မာဗုဒ္ဓဘာသာဝင်အချို့၏ဘုရားစင်တွင်၎င်း၊ အချို့ဘုရားရင်ပြင်ပေါ်တွင်၎င်း တည်ထားကိုးကွယ်ကြသည်။ ကိုးကွယ်သူများက ပိဋကတ်သုံးပုံ စောင့်နတ်သမီး၊ ပညာရေးကို စောင့်သောနတ်သမီး ဟု အယူရှိကြသည်။ သရသွတိသည် ဖန်ဆင်းရှင် ဗြဟ္မာ၏ ကြင်ယာတော်နတ်သမီး တစ်ပါး ဖြစ်သည်ဟု ခံယူလာကြသည်။ စာပေပညာနှင့် နှုတ်မှုပညာများကို စောင့်ရှောက်သည်ဟု လည်းယုံကြည်ခဲ့ကြသည်။ မြန်မာတို့၏ ကိုးကွယ်မှုတွင်ကား၊ သူရဿတီသည် တန္တရဝါဒီ မဟာယာနဂိုဏ်းသား တို့မှ တစ်ဆင့် ပုဂံခေတ်ကတည်းက နေရာရလာခဲ့သော နတ်သမီးဖြစ်သည်။ ပုဂံခေတ်အနော်ရထာ လက်ထက်၌ ရွှေစည်းခုံဘုရား တံတိုင်းအတွင်းတွင် နတ်ရုပ်အချို့ ထားရှိသည်။ ထိုခေတ် လူတို့ ယုံကြည်ကိုးကွယ်သော နတ်များသည် ဗုဒ္မမြတ်စွာကို ရိုကျိုးရှိခိုးသူများဖြစ်သည်။ စောင့်ရှောက်ရသူများ ဖြစ်သည်ဟူသော အဓိပ္ပာယ်ပေါက်အောင် အနော်ရထာက ကြံဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ရွှေစည်းခုံဘုရား၏ တံတိုင်းအတွင်း ထားသောနတ်ရုပ်(၃၇)ခု အနက် သူရဿတီသည် အမှတ်စဉ်(၉)တွင်ပါဝင်သည်။ နတ်ဝတ်တန်ဆာဆင်ကာ ဟင်္သာငှက်ပေါ်တွင် ထိုင်၍ လက်နှစ်ဘက်၌ ကြာပန်းကိုကိုင်နေဟန်ဖြင့် သူရဿတီကိုထုလုပ်ထားသည်။ ဟင်္သာငှက်သည် ရေတွင် ကျက်စားသော ငှက်ဖြစ်ခြင်းကြောင့် ရေကိုပိုင်သူ မြစ်စောင့်နတ်၊ သူရဿတီ ၏စီးတော်ယာဉ် အဖြစ်သတ်မှတ်ထားခြင်းဖြစ်ဟန် တူသည်။ ဗြဟ္မာ၏ကြင်ယာတော် သူရသွတိကို မြန်မာတို့က သူရဿတီ ဟုအသံထွက်ပြောင်းလဲခေါ်ဝေါ်ကာ ပိဋကတ်သုံးပုံစောင့် နတ်သမီးဟုယူဆကိုးကွယ်ကြသည်။ သူရဿတီသည် အတတ်ပညာ ကျက်သရေမင်္ဂလာ တို့ကိုပေးနိုင်သည် ဟုယုံကြည်ကြသည်။ သူရဿတီ ဂါထာ၊ သူရဿတီ မန္တန်၊ သူရဿတီ အင်း၊ သူရဿတီမှော် စသည်ဖြင့် အစီအရင် အမျိုးမျိုးပြုလုပ် ဆောင်ရွက်ကြသည်။ [၈]

သူရဿတီကို လောကီအတတ်များအတွက်သာ အသုံးပြုကြောင်း သတိပြုသင့်ပေသည်။

ဗုဒ္ဓဘာသာတန္တရဝါဒီ တို့သည် ဗြဟ္မဏတို့၏ ဘုရားအဆူဆူဝါဒကို သဘောကျကာ၊ မဟာယာန ဗုဒ္ဓဘာသာအတွင်းသို့ ဘုရားအဆူဆူ၊ ဘုရားလောင်းအမျိုးမျိုးကို သွတ်သွင်းခဲ့ကြ သည်။ အလားတူပင် ဗြာဟ္မဏဝါဒ တစ်ဖြစ်လဲ ဟိန္ဒူဘာသာက လက်ခံထားသည့် နတ်ဘုရားတို့၏ ကြင်ယာတော် နတ်ဘုရားမ(နတ်သမီး)များကို ကိုးကွယ်မှုကိုလည်း မဟာယာန ဗုဒ္ဓဘာသာတွင် ပုံတူကူးချကာ တာရာဒေဝီ၊ မဟာဒေဝီ၊ ပရဝတီ၊ စသည်ဖြင့်နတ်ဘုရားမ အမျိုးမျိုး ကိုဖန်တီးလက်ခံ ခဲ့ကြသည်။ မြန်မာတန္တရဝါဒီတို့ကား၊ အိန္ဒိယတန္တရဝါဒီ တို့ထက်ပင် လက်သွက်ကာဗြဟ္မာ၏ကြင်ယာတော် သူရသွတိကို သူရဿတီအဖြစ် မြန်မာမှုပြုခဲ့ကြသည်။ ပိဋကတ်သုံးပုံစောင့်သူအဖြစ် ဖန်တီးခဲ့ကြသည်။ ဤသို့ဖြင့် သူရသွတိသည် ပုဂံခေတ် ကတည်းကပင် အတွင်း (၃၇) မင်းစာရင်းဝင် ဖြစ်လာခဲ့ရပေသည်။

နတ်သမီးကိုးကွယ်မှုအစဉ်အလာကို အိန္ဒိယသားတို့သည် ဝေဒခေတ်မတိုင်မီက ကမ္ဘာဦး စိုက်ပျိုးရေးသမားများ ဘဝကတည်းက လက်ခံကျင့်သုံးခဲ့ကြသည်။ ယခုခေတ် ပန်ဂျပ်ပြည်နယ်ရှိ အိန္ဒုမြစ်ဝှမ်းတွင်ခရစ်ကြိုနှစ် နှစ်ထောင်ကျော်ခန့်က ထွန်းကားခဲ့သော အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုခေတ် ကတည်းက ကိုးကွယ်ခဲ့ကြသည့် ကြေးသွန်းနတ်သမီးရုပ်တုများကို ရှေးဟောင်း သုတေသီတို့ တွေ့ရှိကြရသည်။ ထိုနတ်သမီး ရုပ်တုတို့ကို အိန္ဒူမြစ်ဝှမ်းသားတို့က မည်သို့ခေါ်ဝေါ်ခဲ့သည်ကို အတိအကျ မသိရသော်လည်း၊ သုတေသီများကမူ မိခင်နတ်သမီး ဟုလည်းကောင်း၊ ရွာရှင်နတ်သမီး ဟုလည်းကောင်း မယ်တော်ကြီး ဟုလည်းကောင်း ခေါ်ဝေါ် ထားသည်။

အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုခေတ်ကတည်းက နတ်သမီးကိုးကွယ်မှုကို လက်ခံခဲ့သော အိန္ဒိယသားတို့သည် ဝေဒခေတ်၌လည်း အလားတူ နတ်သမီး ကိုးကွယ်မှုကို လက်ခံကျင့်သုံးခဲ့ကြသည်။ ဝေဒခေတ်အတွေးအခေါ် ယဉ်ကျေးမှုများကို ဗြာဟ္မဏဝါဒဟု ခေါ်ဝေါ်ထားရာ ဗြာဟ္မဏဝါဒ ၌လည်း နတ်သမီးများကို ဆက်လက်ကိုးကွယ်ခဲ့ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ၌မူ ဖန်ဆင်းရှင်ဗြဟ္မာ ကိုပယ်ပြီးဖြစ်ရာ ဗြဟ္မာ၏ ကြင်ရာတော်နတ်သမီးနှင့် တကွအခြား နတ်သမီးများ၊ နတ်ဘုရားများကို ကိုးကွယ်ရန်မလိုတော့ချေ။ သင်္ဂမင်းဆက်၊ ကုသျှန် မင်းဆက်တို့လက်ထက်ရောက်သောအခါ ဗြဟ္မဏဝါဒ ပြန်လည် အားကောင်းလာပြီး၊ ဗုဒ္ဓဘာသာကို နှိမ်နင်းလာသည်။ ထိုအခါ မိမိတို့ရပ်တည်ရေးအတွက် ဗုဒ္ဓဘာသာ အတွေးအမြင် ကျင့်စဉ်များကို ဗြာဟ္မဏတို့အလိုကျ ဖြစ်စေရန် ပြောင်းလဲကျင့်သုံးခဲ့ ကြရသည်။ ထိုသို့ကျင့်သုံးရာမှ ပေါ်ပေါက်လာသော မဟာယာနဗုဒ္မဘာသာ၌မူ နတ်ဘုရား အမျိုးမျိုးကိုပါ လက်ခံကိုးကွယ်လာခဲ့သည်။

အိန္ဒိယမှ ဗုဒ္မဘာသာတန္တရဝါဒီတို့သည် ဘင်္ဂေါပြည်နယ်မှတစ်ဆင့် အထက်မြန်မာနိုင်ငံသို့ သရေခေတ္တရာခေတ်ကပင် ဝင်ရောက်ခြေကုပ်ယူခဲ့ကြသည်။ ထိုသို့ခြေကုပ်ယူခဲ့ကြောင်း သရေခေတ္တရာမြို့ဟောင်း(မှော်ဇာ)မှတူးဖော်တွေ့ရှိရသော ဘုရားလောင်းပုံပါရှိသော အုတ်ခွက် အမျိုးမျိုးများနှင့်ရှေးဟောင်း ပစ္စည်းများကသက်သေ ခံနေပေသည်။ တန္တရဝါဒီတို့၏ အတွေး အခေါ်များနှင့်ကျင့်စဉ်များသည် ပုဂံခေတ်တွင်လည်း တွင်ကျယ်လေရာ၊ အနော်ရထာမင်းက သာသနာသန့်ရှင်း၊ ထေရဝါဒ ဗုဒ္မဘာသာထွန်းကားရေး ပြုလုပ်သောအခါ၊ အသွင်အမျိုးမျိုး ဆောင်ကာ တိမ်းရှောင်ထွက်သွားခဲ့ကြသည်။ ထိုသို့ တိမ်းရှောင်ထွက်သွားကြရာ၌ သူရဿတီ သည် တိမ်မြုပ်ပျောက်ကွယ် မသွားဘဲ၊ ရွှေစည်းခုံတံတိုင်းအတွင်း၌ ပုံတော်နှင့်တကွနေရာရ သွားခဲ့သည်။

အိန္ဒိယသားတို့သည် နတ်သမီးများကိုပထဝီမာတာ (မြေစောင့်မယ်တော်)၊ မဟာမာတာ (မယ်တော်ကြီး)စသည်ဖြင့် သုံးနှုန်းခေါ်ဝေါ်ခဲ့ကြသည်။ ထိုအခေါ်အဝေါ်များကိုလိုက်၍ မြန်မာတို့ သည် ယခုအခါ မယ်တော်၊ မယ်တော်ကြီး စသည်ဖြင့်သုံးနှုန်းနေကြသည်။ ဤသို့ သုံးနှုန်းကြပါက သူရဿတီသည် ရှေးဦးမယ်တော်ကြီး တစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။ အတွင်း(၃၇) မင်း အမှတ်စဉ်(၈) တွင်ဖော်ပြထားသည့် စဏီနတ်သမီးမှာလည်း သူရဿတီကဲ့သို့ပင် မြန်မာတို့ ရှေးဦးလက်ခံခဲ့သော မယ်တော်ကြီးတစ်ပါးဖြစ်သည်။ [၉]

ကျမ်းကိုးပြင်ဆင်

  1. Chew၊ Anne-May (2005)။ The Cave-temples of Po Win Taung, Central Burma: Architecture, Sculpture and Murals (အင်္ဂလိပ်ဘာသာစကားဖြင့်)။ White Lotus Press။ ISBN 978-974-480-045-9
  2. Myanmar (Burma). (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Lonely Planet Publications။ 2000။ ISBN 978-0-86442-703-8
  3. Silverstein၊ Josef (1989)။ Independent Burma at forty years။ Monograph Southeast Asia Program။ 4။ Cornell University။ p. 55။ ISBN 978-0877271215
  4. ၄.၀ ၄.၁ Seekins၊ Donald (2006)။ Historical Dictionary of Burma (Myanmar)ISBN 978-0810854765
  5. Badgley၊ John H.; Kyaw၊ Aye။ Red peacocks : commentaries on Burmese socialist nationalism (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Readworthy။ ISBN 978-93-5018-162-1
  6. BG1899
  7. "Saraswati: Beyond myths and legends"၊ The Statesman၊ 3 March 2019။ 
  8. (မြန်မာစွယ်စုံကျမ်း အတွဲ (၁၃)စာ-၁၆၈-၁၆၉)
  9. www.ashinkumara.com