သောကြာဦးမောင်ကလေး (၂၄ ဇန်နဝါရီ ၁၉၂၄–၁၇ မေ ၂၀၁၉) သည် မြန်မာ အမျိုးသား စာရေးဆရာနှင့် အယ်ဒီတာ တစ်ဦး ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

ညောင်ဦးမြို့နေ သစ်စက်စာရေးကြီးအဘ ဦးဖိုးထွန်း + အမိ ဒေါ်ကရင်မ တို့မှ သောကြာဦးမောင်ကလေးကို (၁၂၈၅) ခု၊ ပြာသိုလပြည့်ကျော်(၄)ရက်၊ (၁၉၂၄- ခု၊ ဇန်နဝါရီလ-၂၄)ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်၏။ မွေးဖွားရာဇာတိချက်မြုပ် ဇာတိမှာ မြစ်ခြေသရက်တောပဝတ္တိညောင်ဦးမြို့ဖြစ်၏။ သားသမီးသုံးယောက်အနက်ဦးမောင်ကလေးမှာအလတ်ဖြစ်၏။ ထိုစဉ်ကဆရာကြီးသည် စာရေးစာဖတ်ဝါသနာပါ၍ မန္တလေးသူရိယသတင်းစာတွင်သတင်းများရေးသားခဲ့၏။

စာပေရေးသားခြင်း ပြင်ဆင်ရန်

(၁၉၄၈)ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နှစ်တွင် ရန်ကုန်မြို့သို့ ဆရာဘုန်းတော်ကြီးနှင့်အတူ လိုက်ပါခဲ့ပြီး သရက်တောတိုက် ကျောက်ပန်းတောင်းကျောင်းတွင် ခေတ္တနေထိုင်၏။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် (မဂို) ရွှေဘုံသာလမ်းထောင့်ရှိ သဟာယစာအုပ်ဆိုင်တွင် ဦးတင့်ဆွေ (စာရေးဆရာသာကီဆွေ) နှင့်အတူ နေထိုင်ပြီး ဝတ္ထုဆောင်းပါးများ ရေးသား၏။ ညဘက်တွင် အလွတ်ပညာသင်ကျောင်းတက်၍ပညာဆည်းပူး၏။ (၁၉၅၂) ခုနှစ် မတ်လထုတ် ရှုမဝ ရုပ်စုံမဂ္ဂဇင်း တွင် သူတို့ဘဝ ဟူသောဝတ္ထုတို ကို "အောင်စွာ" ဟူသော ကလောင်အမည်ဖြင့် ရေးသားပါရှိကာ စာပေနယ်သို့ စတင်ဝင်ရောက်၏။ ထိုစဉ်က ဟံသာဝတီသတင်းစာ တနင်္လာနေ့ထုတ်မဂ္ဂဇင်းကဏ္ဍတွင် ဝတ္ထုတိုနှင့်ဆောင်းပါးများ အဆက်မပြတ်ရေးသားနေရာ ဟံသာဝတီသတင်းစာပါ ခေတ်သစ်စာရေးဆရာ ဟူသောဝတ္ထုကို ဆရာကြီးမောင်ထင်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ ဂါဒီယန်းမဂ္ဂဇင်းတွင်ဖော်ပြခဲ့၏။

တစ်ခါတွင်ဆရာကြီးသည် ဟံသာဝတီသတင်းစာတိုက်သို့ စာမူပါသဖြင့်သွားရာ စာရေးဆရာကြီး ဦးရန်အောင်နှင့်တွေ့ဆုံကြုံခဲ့ရ၏။ ထို့နောက် ဆရာကြီးဦးရန်အောင်နှင့် ခင်မင်ကျွမ်းဝင်ကာ ဆရာကြီး၏သင်ပြပေးမှုကြောင့် စာပြင်အတတ်ကို တတ်မြောက်ပြီး ဆရာကြီး၏ ထောက်ခံမှုကြောင့် ရှုမဝမဂ္ဂဇင်းတွင် စာပြင်ဆရာလုပ်ခဲ့၏။ စာပေများကိုလည်း ကြိုးစားရေးသား၏။

(၁၉၅၃)ခုနှစ်တွင် ဦးလေးကြီးဦးတင်မောင် အယ်ဒီတာလုပ်၍ ထုတ်ဝေသော လမ်းညွှန်နည်းပြသင့်ဘဝမဂ္ဂဇင်းတွင် အတွဲ(၁) အမှတ်(၁) မှစ၍ တွဲဖက်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ရှုမဝမဂ္ဂဇင်းတွင် ညဘက်စာပြင်ဆရာ၊ သင့်ဘဝမဂ္ဂဇင်းတွင် နေ့ဘက် တွဲဖက်အယ်ဒီတာအဖြစ် လုပ်ဆောင်ခဲ့သည်။

(၁၉၅၆)ခုနှစ်တွင် ဗမာဒိုင်ဂျက်စာစောင်ကို စာပေမိတ်ဆွေများနှင့်ပေါင်း၍ ဆရာကြီးသည် တာဝန်ခံအယ်ဒီတာလုပ်၍ ထုတ်ဝေခဲ့သည်။ (၁၉၅၇)ခုနှစ်တွင် မေ့တွက်တာမဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာလုပ်၍ စိန်ရတနာပုံနှိပ်တိုက်တွင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ (၁၉၅၈) ခုနှစ်တွင် မေအမျိုးသမီးမဂ္ဂဇင်းကို ဆရာကြီးက တာဝန်ခံအယ်ဒီတာလုပ်၍ ထုတ်ဝေခဲ့၏။

(၁၉၆၂)ခုနှစ် ဇန်နဝါရီလမှစ၍ သောကြာစာစောင်ကို ကိုယ်ပိုင် ကိုယ်တိုင်အယ်ဒီတာလုပ်၍ ထုတ်ဝေခဲ့လေ၏။

ဆရာကြီးသည် လုံးချင်းစာအုပ်အဖြစ် (၁၉၆၁)ခုနှစ်တွင် ခေတ်သစ်စာရေးဆရာနှင့် အခြားဝတ္ထုများ (၁၉၆၆)ခုနှစ်တွင် အခြေခံပန်ချီရေးဆွဲနည်း၊ (၁၉၆၇) ခုနှစ်တွင် ဘုရားရှိခိုးအမျိုးမျိုး၊ (၂၀၀၆) ခုနှစ်တွင် မြေမြတ်မဟာ ဗုဒ္ဓဂယာ။ (၂၀၁၅) ခုနှစ်တွင် စာပေစုံညီ ဟောဒီလာကီ စာအုပ်လုံးချင်း ငါးအုပ် ရေးသားထုတ်ဝေခဲ့ပြီး မဂ္ဂဇင်း၊ ဂျာနယ်များ မျိုးစုံတွင် ဝတ္ထုတိုပုဒ်ရေ (၁၀၀) ကျော်နှင့် ဆောင်းပါးပုဒ်ရေ (၁၀၀၀)ကျော်ရေးသားခဲ့ပြီးရေးသားခဲ့လေ၏။ အိမ်စောင့်အစိုးရလက်ထက်တွင်(ဂျာနယ်မဂ္ဂဇင်းအသင်း) ဖွဲ့စည်း၍ စာရေးဆရာပုလိပ်အရာရှိတစ်ဦးအမည်ခံ ဦးဘသော်က ဥက္ကဋ္ဌ၊ ဆရာကြီးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ကာ စာနယ်ဇင်းအကျိုးသယ်ပိုးခဲ့၏။ ပုံနှိပ်စက္ကူများကို ဂျာနယ်၊ မဂ္ဂဇင်းစာအုပ်တိုက်များသို့ ဝေငှခွဲတမ်းချပေးရ၏။

တာမွေမြို့နယ် စာပေလုပ်သားခေတ်တွင် ဆရာကြီးအား သက်ဆိုင်ရာ အထက်အဖွဲ့အစည်း၏ တာဝန်ပေးချက်အရ တာမွေမြို့နယ်စာပေလုပ်သားအဖွဲ့ ဖြစ်ထွန်းရေးအတွက် ဘဏ္ဍာငွေရှာဖွေရေး၊ စည်းရုံးရေးနှင့် ဖြစ်မြောက်ရေးအတွက် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့၏။ ဖွဲ့စည်းသောအခါဘဏ္ဍာရေးမှူးတာဝန်ပေးအပ်ခံရ၏။ တာမွေမြို့နယ် စာရေးဆရာအသင်းတွင် နာယကအဖြစ်နှင့် သတင်းစာဆရာအသင်းနာယက တင်မြှောက်ခံရ၏။ မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုက ကြီးမှူးကျင်းပသော စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်ကြီးများ ကန်တော့ပွဲနှင့် သတင်းစာဆရာသက်ကြီးပညာရှင်ကန်တော့ပွဲတွင် သက်ကြီးစာပေပညာရှင်အဖြစ်နှင့် သတင်းစာဆရာ သက်ကြီးပညာရှင်အဖြစ် ကန်တော့ခံခဲ့ရ၏။

ရရှိခဲ့သော ဆုတံဆိပ်များ ပြင်ဆင်ရန်

၂၀၁၅ ခုနှစ်ပခုက္ကူ ဦးအုံးဖေ စာပေဆု-တစ်သက်တာစာပေဆုချီးမြှင့်ခံယူရလေ၏။ သာသနာတော် တည်တံ့ထွန်းကားပြန့်ပွားရေးအတွက် မင်္ဂလသုခပါဠိတက္ကသိုလ် စာသင်တိုက်ကြီး ပြုပြင်စောင့်ရှောက်ရေးအဖွဲ့တွင်လည်းကောင်း၊ ရပ်ကွက်ရှိ ဓမ္မရက္ခိတဓမ္မာရုံတွင်လည်းကောင်း ပါဝင်၍ ဘာသာသာသနာအကျိုးဆောင်ရွက်ခဲ့၏။ တာမွေမြို့နယ် အမက(၇)ကျောင်းတွင် မိဘဆရာအသင်း ဂုဏ်ထူးဆောင်နာယကအဖြစ် ဆောင်ရွက်ခဲ့၏။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

အမှတ်(၁၅)၊ ဩဘာလမ်း၊ ကျောက်မြောင်းအထက်ရပ်ကွက်၊ တာမွေမြို့နယ်ရန်ကုန်မြို့တွင် နေထိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့ အသက် (၉၆)နှစ်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်