သောင်းထိုက် (နိုင်ငံ့ဂုဏ်ရည် ပထမဆင့်)
ဦးသောင်းထိုက်သည် ဒုတိယဗိုလ်မှူးကြီးဟောင်း ၊ လွတ်လပ်ရေး မော်ကွန်းဝင်ဆင့်နှင့် နိုင်ငံဂုဏ်ရည် (ပထမဆင့်)ရသူ တစ်ဦး ဖြစ်သည်။ ဦးသောင်းထိုက်ကို ၁၉၂၇ ခု ၊ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် အဘ ဦးဘရှင် ၊ အမိ ဒေါ်မြင့်တို့မှ စလေမြို့တွင် မွေးဖွားသည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံးသားဖြစ်သည်။ လေးနှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်သွားရာ ဦးလေးဖြစ်သူ မြင်းခြံမြို့ ရာဇဝတ်အုပ် ရုံးစားရေးကြီး ဦဘပု ထံ ပြောင်းရွှေ့နေခဲ့သည်။ မြင်းခြံမြို့ အေဘီအမ် (A.B.M) ကျောင်းတွင် ၆တန်းအထိ ပညာသင်ကြားခဲ့၍ မြင်းခြံမြို့ အစိုးရအထက်တန်းကျောင်းတွင် ၉ တန်းအောင် အထိ ဆက်လက်ပညာသင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သောအခါ အစ်မရှိရာ တောင်တွင်းကြီးမြို့သို့ ပြောင်းရွေးခဲ့၍ ၁၉၄၄ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)သို့ ဝင်ရောက်စစ်မှုထမ်းသည်။ စတုတ္ထပတ် မင်္ဂလာဒုံ စစ်တက္ကသိုလ်သို့ တက်ရောက်သင်ကြား အောင်မြင်၍ ဖက်ဆစ်တော်လှန်ရေးကို ပါဝင်ဆင်နွှဲခဲ့သည်။ ၁၉၄၅ ခု နိုဝင်ဘာလတွင် တောင်တွင်းကြီးမြို့ ရွှေပန်းတိမ်နှင့် စိန်ရွှေရတနာကုန်သည် ဦးပိုင် ၊ ဒေါ်သန်းရွှေတို့၏ သမီး ဒေါ်သောင်းသောင်းလေးနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး (၆)ဦး ထွန်းကားခဲ့သည်။ စစ်ပြီးသောအခါ တပ်မတော်မှနုတ်ထွက်၍ ၁၉၄၆ ခုနှစ် ၊ ဇူလိုင်လ တွင် စစ်ဆေးသော စစ်ပြီးခေတ် ပထမဆုံး တက္ကသိုလ်ဝင်တန်းကို ခုံအမှတ် S.247 ဖြင့် ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့သည်။ အမှတ်ကောင်းသူများသည် ဥပစာ အထက်တန်းတွင် တက်ရောက်သင်ကြားရ၍ ၁၉၄၈ ခုနှစ် မတ်လတွင် ဥပစာ (ဝိဇ္ဇာ)တန်း အောင်မြင်သည်။ တောင်တွင်းကြီးမြို့ အ-ထ-က တွင် အထက်တန်းဆရာ ဝင်လုပ်ရင်း၊ ၁၉၅၁ ခုနှစ် ဗြိတိန်ဆဲင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများခေါ်ယူ၍ လျှောက်ထားရာ အောင်မြင်ပြီး ဆဲင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ် တက်ရောက်နိုင်ခဲ့သည်။ ဂျော်ဒန်ဘုရင်ဟူစိန်မှာ ၎င်းတို့နှင့်အတူ ဆဲင်းဟတ်စ်မှ အောင်မြင်သူဖြစ်သည်။ ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဆဲင်းဟတ်စ်မှ အောင်မြင်ပြီး ဒု-ဗိုလ်အဖြစ်ဖြင့် အင်္ဂလန် (School of Artillery, Lark Hill Salisbury Plains) အမြောက်သင်တန်းကျောင်းတွင် ပညာဆက်လက်ပညာသင်ခဲ့သည်။ ဒုဗိုလ်အဖြစ်ဖြင့် မြေပြင်ပစ်အမြောက်တပ်ရင်း (၂) မိတ္ထီလာမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မပပ ၂ နှင့် ချယ်ရီစစ်ဆင်ရေး ၊ ဘုရင့်နောင် စစ်ဆင်ရေးများတွင် ပါဝင်ဆင်နွှဲခဲ့သည်။ ဘုရင့်နောင် စစ်ဆင်ရေးတွင် (ဆွပ်ပုံ ၊ ဖာဆောင်း) စခန်းမှ ၂၅ ပေါင်ဒါ အမြောက်မြားနှင့် အချက်ပေါင်း ၁၀ဝ ကျော် ပစ်ခတ်၍ အဝေးဆုံးပြေးသော (Super Charge) နှင့် ပစ်ရာ အမြောက်အအောက်ခံပြား ၊ ရှေ့ကာသံပြားများ ကွဲသည်ကိုတွေ့ရသည်။ ၎င်းင်းသည် ၎င်း (Super Charge)နှင့် သည်တစ်ကြိမ်သာ အမြောက်ပစ်ခဲ့ဖူးသည်။ သူ နားအနည်းငယ်လေးနေရခြင်းမှ အမြောက်တပ်တွင် စစ်မှုထမ်းခဲ့ခြင်းကြောင့် ဖြစ်သည်။
သောင်းထိုက် | |
---|---|
မွေးဖွား | စလေမြို့ | ၁၂ ဒီဇင်ဘာ၊ ၁၉၂၇
ကွယ်လွန် | ၁၂ အောက်တိုဘာ၊ ၂၀၀၅ လှိုင်မြို့နယ် ရန်ကုန်မြို့ |
ကလောင်အမည် | ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် |
အိမ်ထောင်ဖက် | ဒေါ်သောင်းသောင်းလေး |
လက်မှတ် |
၁၉၅၅ ခုနှစ် ဗထူးမြို့တွင် စစ်တက္ကသိုလ် ဖွင့်လှစ်သောအခါ စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်မှပင် အာအယ်လ် (R.L)ဘွဲ့ကိုပါ ရရှိခဲ့သည်။ ၁၉၆၀ ခုနှစ်တါင် အမေရိကန်နိုင်ငံ ဖို့တ်လီဗင်ဝပ် စစ်ဦးစီးတက္ကသိုလ်သို့ တက်ရောက်စစ်ပညာသင်ကြားခဲ့၍ စစ်ဦးစီးတက္ကသိုလ်တက်ရောက်စဉ် စစ်ဦးစီးတက္ကသိုလ်မှ ထုတ်ဝေသော (Military Review) မဂ္ဂဇင်းတွင် ဆောင်းပါးနှစ်ပုဒ် ရေးသားခဲ့သည်။ ပထမ ဆောင်းပါးမှာ ၎င်း ဖို့တ်လီဗင်ဝပ်တက်ရောက်စဉ်မှာပင် M.Rတွင် ပါဝင်ခဲ့ပြီး ကျောင်းဆင်းပြီး ဩဂုတ်လထဲတွင် ဒုတိယဆောင်းပါးကို M.Rမှ ပုံနှိပ်ခဲ့သည်။ ပထမ ဆောင်းပါးအမည်မှာ (Encirclement methods in Anti-Guerrilla Warfare) ဖြစ်၍ အမေရိကန်တပ်မတော် တန်ပြန် ပြောက်ကျားနှိမ်နင်းရေး မအောင်မြင်ပုံများ ၊ မကျွမ်းကျင်ပုံများ ၊ ဘာကြောင့် ဤသို့ မအောင်မြင်ပုံများကို ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းဆောင်းပါးမှာ အထူးအောင်မြင်သွားပြီး အမေရိကန်မှ ထုတ်ဝေသော Marine Corps Gazette နှင့် Australian Army Journal တို့တွင် ထပ်မံ ပုံနှိပ်ဖော်ပြခဲ့သည်။ ဒုတိယဆောင်းပါးမှာ (What is takes-Essentials of Special operation) ဖြစ်၍ ၊ ၎င်းင်းအမေရိကန် ဦးစီးတက္ကသိုလ်မှ ကျောင်းဆင်းပြီး ၁၉၆၁ ခုနှစ် ဩဂုတ်လ M.Rတွင် ပုံနှိပ်ခဲ့သည်။ တစ်နှစ်တာကာလအတွင်း ယင်းမဂ်ဂဇင်းအနေနှင့် ဆောင်းပါးရှင်တစ်ဦး၏ ဆောင်းပါးနှစ်ပုဒ်ကို ဖော်ပြခြင်းမှာ အလွန်ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သဖြင့် M.R မဂ္ဂဇင်းကို ၎င်းင်းထံ (၆)လ အခမဲ့ပေးပို့ပြီး စာမူခ များလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့သည်။ Working People’s Daily နှင့် Guardian သတင်းစာနှင့် မဂ္ဂဇင်းတို့တွင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးပုဒ်ရေ ၂၀ဝ ကျော် ရေးသားခဲ့သည်။ ဒုဗိုလ်မှူးကြီး သောင်းထိုက်သည် ကာကွယ်ရေးဝန်ကြီးဌာနအပြင် အောက်ပါ နယ်ဘက်ဌာနများတွင် တာဝန် ထမ်းဆောင်ခဲ့ပါသေးသည်။ အလုပ်သမားဝန်ကြီးဌာနတွင် ၁၉၆၂ မှ ၁၉၆၄ အထိ အထူးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အလုပ်သမားအထူးအရာရှိအဖြစ် ကမ္ဘာ့အလုပ်သမားညီလာခံသို့ ၁၉၆၃ နှင့် ၁၉၆၄ နှစ်နှစ်ဆက်တိုက် တက်ရောက်ခဲ့သည်။ ထိုစဉ်က အလုပ်သမားဝန်ကြီးဌာန အတွင်းဝန် (နောက်ပိုင်း ဝန်ကြီးချုပ်) သူရ ဦးထွန်းတင် နှင့်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
၁၉၆၇ ခုနှစ်တွင် ဂျီဒီအာနိုင်ငံ (အရှေ့ဂျာမနီ) သတင်းစာ သင်တန်းတက်ရောက်၍ ကျောင်းဆင်းသောအခါ ပြန်ကြားရေးဝန်ကြီးဌာနတွင် သတင်းစာသင်တန်း ကျောင်းအုပ်ကြီးနှင့် အထူးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံတကာရေးရာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ဌာနကြီး ၂ ခုတွင် ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ကမ်ဘာ့ကုလသမဂ်ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရင်း မြန်မာ-အိန္ဒိယ နယ်ခြား ကော်မရှင်အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်သမ်မတကြီး (ဦးနေဝင်း) ချစ်ကြည်ရေး ခရီးများတွင် အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ခဲ့သည်။ စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ဩစတြေးလျ ၊ နယူးဇီလန်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၁၉၆၉ တွင် ဗထူးစစ်ဦးစီးတက်ကသိုလ် နည်းပြအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်နှင့် ၇၁ ခုနှစ်တွင် ခလရ (၈၉) တပ်ရင်းမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဂျီဒီအာနိုင်ငံ (အရှေ့ဂျာမနီ)သို့ မြန်မာသံရုံး ယာယီသံရုံး တာဝန်ခံနှင့် ပထမ အတွင်းဝန်အဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။ ဇနီးနှင့် သားသမီး ၃ ဦးပါ ခေါ်ဆောင်သွားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဒုဗိုလ်မှူးကြီးဟောင်း သောင်းထိုက်သည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေခဲ့စဉ် ၎င်းင်းလက်အောက်မှ အရာရှိနှစ်ဦးကို သံအမတ်အဖြစ် နှင့် သံမှူး Counsellor အဖြစ် နိုင်ငံခြားသို့စေလွှတ်ခဲ့သည်။ ၎င်း၌ ဘာအပြစ်မှမရှိဘဲ ၎င်းင်းလက်အောက်မှ အရာရှိနှစ်ဦးကို သူ့ထက်ရာထူးကြီးသည့်နေရာတွင် ခန့်ထားသည်ကို သည်းမခံနိုင်ဘဲ ၎င်းဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် စင်ကာပူနိုင်ငံ International Trading Co.Ltd INTRACO တွင် စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုဗိုလ်မှူးကြီး သောင်းထိုက်သည် နိုင်ငံတော်အစိုးရက ချီးမြှင့်သော လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်) နှင့် နိုင်ငံဂုဏ်ရည် (ပထမဆင့်) တို့ကိုလည်း ရရှိခဲ့သည်။
ယခုအခါ အမှတ် ၄/၁၆ သဘာဝရိပ်ငြိမ် ၊ အောင်ဓမ္မရိပ်သာလမ်း ၊ လှိုင်မြို့နယ်နေအိမ်တွင် နေထိုင်ရင်း ၂၀ဝ၅ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သောင်းသောင်းလေးနှင့်တကွ သားသမီးများဖြစ်ကြသော မမူမူထိုက် (B.Eco/Garman Dip.)၊ ကိုလူမော်ထိုက် (B.Sc-Geology) ၊ ကိုထင်အောင်ထိုက်၊ ဒေါက်တာထွန်းတင်ထိုက် (F.R.C.S) ၊ မခင်ဖြူဖြူထိုက် (B.A Geogpraphy) (အင်ဒိုနီးရှား ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက်)နှင့် ကိုဇော်ဝင်းထိုက် (B.A History) (ကွယ်လွန်) နှင့် မြေး (၁၂)ယောက်တို့ ကျန်ရစ်ခဲ့သည်။ ဗိုလ်မှူးကြီး သောင်းထိုက်သည် စာရေးဆရာလည်း တစ်ဦးဖြစ်ရာ ရေးသားထုတ်ဝေပြီးသော စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရေးသားခဲ့သော စာအုပ်များ
ပြင်ဆင်ရန်- ဂျာမန် ဗိုလ်ချုပ်များပြောသော ဒုတိယကမ္ဘာစစ်သမိုင်း (၁၉၇၇)
- ဝင်စတန်ချာချီလူငယ်ဘဝ (၁၉၈၀)
- မဟာဗျူဟာ (၁၉၈၁)
- ခေတ်သိပ္ပံနှင့် နာမ်လောက (၁၉၈၁)
- အထူးကွန်မန်ဒို (၁၉၈၂)
- စိတ်တန်ခိုးနှင့် သိပ်ပံစမ်းသပ်မှုများ (၁၉၈၂)
- ဂျပန်ခေတ် စစ်တက္ကသိုလ်နှင့် ဗြိတိန်ဆဲင်းဟတ်စ်ဘုရင့်စစ်တက္ကသိုလ် (၁၉၈၈)
- ဖို့တ်လီဗင်ဝပ်သ်-အမေရိကန်စစ်ဦးစီးတက္ကသိုလ် (၁၉၈၇)
- ပထဝီနိုင်ငံရေး (၁၉၉၁)
- အာရှမှာလိုနေသောအလုပ်များနှင့် သက္ကရာဇ် ၂၀ဝ၀ အထိ စီးပွားရေး ဟောကိန်း (၁၉၉၄)
- အမှန်တရားမြတ်နိုးခြင်း (၁၉၉၄)
- ပထဝီနိုင်ငံရေး (ဒုတိယအကြိမ်) (၁၉၉၅)
- ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးများ (၁၉၉၅)
- ပထဝီနိုင်ငံရေး (တတိယအကြိမ်) (၂၀၀၀)
- နပိုလီယံနှင့် သူ၏ စစ်သူကြီးများ (၂၀ဝ၀)
- ၂၀ ရာစု ကမ္ဘာနိုင်ငံရေးခေါင်းဆောင် (၂၀ဝ၇)
- စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံ ဂန္ထဝင် တိုက်ပွဲများ (၂၀ဝ၈)
ပြုစုပြီးစီး၍ မထုတ်ရသေးသည့် စာအုပ်များမှာ-
- ချာချီရူးစဗဲ့ ၊ စတာလင်-(သူတို့တိုက်ခဲ့သောစစ်နှင့် သူတို့ရှာခဲ့သော ငြိမ်းချမ်းရေး) (ပ) (ဒု) (တ) ၃ တွဲ