မြန်မာစာရေးဆရာ ဦးသောင်း (ရေဦး) ကို စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့၌ ပန်းတိမ်ဆရာကြီး ဦးအံ့ ၊ ဒေါ်ဝန် တို့မှ ၁၉၀၉ ခု ၊ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ဖွားမြင်သည်။ သားလေးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် တိုင်းရင်းမြန်မာ ဆရာကြီး ဦးလှဒင်ကျောင်းမှ နဝမတန်း အောင်မြင်သည်။

၁၉၂၅ ခုတွင် မော်လမြိုင်မြို့ နော်မန်ကျောင်းမှ အလယ်တန်းပြဆရာအဖြစ် အောင်မြင်ခဲ့သည်။ အမြင့်မြို့ အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ချောင်းဦးမြို့နယ် အမြင့်မြို့နယ် သောတပန်ရပ်ကွက်မှ ဦးသာဒွန်း ၊ ဒေါ်ခ တို့၏ သမီး ဒေါ်ခင်အိ နှင့် အိမ်ထောင်ကျခဲ့ရာ သားသုံးယောက် ထွန်းကားခဲ့သည်။ ၁၉၃၂ ခုတွင် ဒသမတန်းအောင်မြင်ခဲ့သည်။ ၁၉၃၄ ခုတွင် အထက်တန်းပြဆရာအဖြစ် အောင်မြင်ခဲ့သည်။ အမြင့်မြို့တွင် ပညာရေးတာဝန်များ ထမ်းဆောင်ရင်း ပိဋကတ်စာကြည့်တိုက် အမြဲတမ်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အမြင့်မြို့ ပတ်ဝန်းကျင်တွင် ပုဂံခေတ်ကျောက်စာများကို လာရောက်ဖတ်ရှု သမိုင်းပြုစုနေသော သမိုင်းပါမောက္ခဆရာကြီး လုစ်နှင့် တွေ့ဆုံရင်းနှီးပြီး ကျောက်စာဖတ်ခြင်း အတက်ပညာကို တတ်ကျွမ်းခဲ့သည်။ ၁၉၈၃ ခုတွင် 'အမြင့်မြို့ ဒေသန္တရလေ့လာချက်စာတမ်း' ဖြင့် 'ပညာမဂ္ဂဇင်း'က ချီးမြှင့်သော စာပေဆုရရှိခဲ့သည်။ ဂျပန်ခေတ် အာရှလူငယ် မဂ္ဂဇင်းထုတ်ဝေရာတွင် စာတည်းအဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံးခွဲ၏ အသင်းဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ စစ်ပြီးခေတ် 'အိုးဝေ' သတင်းစာ ထုတ်ဝေစဉ်က အမြင့်မြို့နယ် သတင်းထောက်အဖြစ် တာဝန်ထမ်းရွက်ခဲ့ပြီ 'စိန်ပလိမ်တိမ်ဂွိန်း' ကလောင်အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။

၎င်းရေးသားသော အိုးဝေသတင်းစာ၌ 'ဗိုလ်ချုပ်မသေပါ' ဆောင်းပါးကို မြန်မာ့အသံ ဆောင်းပါကဏ္ဍမှ ထုတ်လွှင့်ခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်၏ အဝေးရောက် အမှုဆောင်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၅၄ ခုတွင် ရွှေဘိုခရိုင် ရေဦးခရိုင်ခွဲ (ရေဦးမြို့၊ ဒီပဲယင်းမြို့ ၊ တန့်ဆည်မြို့)၌ ပညာအုပ်အဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ပညာအုပ်အဖြစ် တာဝန်ထမ်းရွက်ရင်း ရွှေဘိုခရိုင်အတွင်းမှ စာပေ ၊ ပုရပိုက် ၊ ခေါင်းလောင်းစာများကို စုဆောင်းပြီး သုတေသနဆောင်းပါးများ ရေးသားခဲ့သည်။ တန့်ဆန်မြို့နယ်အတွင်းမှ ရရှိသော အထောက်အထားများဖြင့် 'ပျူလူမျိုးများ၏ အဆက်အနွယ်သော' ဟူသော သမိုင်းသုတေသန ဆောင်းပါးမှာ ယဉ်ကျေးမှုစာစောင်တွင် ထည့်သွင်းဖော်ပြခြင်းခံရသည်။

၁၉၆၇ မှ ၁၉၇၂ ခုထိ ကုန်းဘောင်ခေတ်ဆိုင်ရာ လူမှုရေး ၊ ယဉ်ကျေးမှု ၊ ဘာသာရေး ၊ ဓလေ့ထုံးတမ်း၊ စိုက်ပျိုးရေး စသည် ဆောင်းပါး (၁၃၀)ကို လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားခဲ့သည်။ ထို့ပြင် အိုးဝေဂျာနယ် ၊ စန္ဒာမဂ္ဂဇင်း ၊ ဟံသာဝတီသတင်းစာ (မန္တလေး)နှင့် မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းများတွင် သမိုင်းသုတေသန ဆောင်းပါးများ ရေးသားခဲ့သည်။ မဟာဝိဇ္ဇာ ဘွဲ့ယူစာတမ်းအတွက် ရေးသားပြုစုကြသော ကျောင်းသားများကို သမိုင်းအထောက်အထားများ ကွယ်လွန်ချိန်အထိ အကူအညီပေးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ခရိုင်ခွဲပညာအုပ်တာဝန်မှ အငြိမ်းစားယူခဲ့သည်။

ဆရာကြီး ဦးသောင်း (ရေဦး) သည် ၁၉၉၁ ခု ၊ စက်တင်ဘာလ (၁၅)ရက်နေ့ ည (၉)နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ခင်အိနှင့် သားသုံးယောက် (ကိုသန်းမြင့် ၊ ကိုအုန်းမြင့် ၊ ကိုမြင့်သန်း ) တို့ ကျန်ရစ်ခဲ့သည်။