သောဘိတထေရ်
အရှင်သောဘိတမထေရ်အကြောင်း
(က) မထေရ်၏ ရှေးဆုတောင်း
ပြင်ဆင်ရန်ဤအရှင်သောဘိတ မထေရ်အလောင်း အမျိုးကောင်းသားသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော် အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းသားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို ပုဗ္ဗေနိဝါသဉာဏ် (= ရှေးကဖြစ်ဘူးသည့် ခန္ဓာအစဉ်ကို အောက်မေ့သိမြင်သော အဘိညာဏ်)ကို ရကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံးဧရာဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရ ကောင်းမှု့ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး=ဌာနန္တရကို ဆုတောင်း ပတ္ထနာမှု ပြုလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်သည်လည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။
(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း
ပြင်ဆင်ရန်ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကောင်းမှု ကုသိုလ်ကိုပြု၍ အပါယ်လေးပါး မလားမရောက်ပဲ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလဝယ် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍လာလေ၏။ ထိုသူငယ်၏အမည်ကို “သောဘိတလုလင်” ဟု အမည်မှည့်ကြကုန်၏။
သောဘိတ လူလင်သည် နောက်တချိန်၌ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သဒ္ဓါတရား ဖြစ်ပွါးကာ သာသနာ ဝန်ထမ်း ရှင်, ရဟန်းပြုပြီးလျှင် ဝိပဿနာတရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိကာ(=ရဟန္တာဖြစ်ကာ) ပုဗ္ဗေနိဝါသဉာဏ်၌ အထူး လေ့လာနိုင်နင်းတော်မူလေသည်။
(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း
ပြင်ဆင်ရန်ဤအရှင်သောဘိတမထေရ်မြတ်သည် လွန်ခဲ့သော မဟာကပ် ၅၀၀-အထက်က တိတ္ထိတို့သာသနာဝယ် ရဟန်းပြု၍ သညာဝိရာဂ ရူပါဝစရစတုတ္ထဈာန်သမာပတ်ကို ဖြစ်စေ၍ ဈာန်မလျောကျပဲ ထိုဘဝမှ စုတေလတ်သော် အသညသတ်ဘုံ၌ ဖြစ်လေ၏။ ထိုအသညသတ်ဘုံ၌ အသက်တမ်းပြည့် မဟာကပ်-၅၀၀ တည်နေ၍ ထိုမဟာကပ်-၅၀၀ ကုန်ဆုံးသောအခါ ဤလူ ပြည်ဝယ် သောဘိတလုလင်ဖြစ်၍ နိယျာနိက၏ဘုရားသာသနာ၌ ရဟန်း ပြုပြီးလျှင် ဝိပဿနာတရား ပွါးများအားထုတ်သဖြင့် ပု, ဒိ, အာ= ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော တေဝိဇ္ဇရဟန္တာ ဖြစ်တော်မူလေသည်။
ထိုအရှင်သောဘိတ မထေရ်သူမြတ်သည် တနေ့သ၌ မိမိ၏ ရှေး၌ဖြစ်ဘူးလာ ခန္ဓာအစဉ်ကို အောက်မေ့ဆင်ခြင်တော်မူ လတ်သော် ဤယခုနောက်ဆုံး ပစ္ဆိမဘ၀ ပဋိသန္ဓေကို မြင်တော်မူ၍ ထို့နောက် တတိယဘဝ စုတိကိုသာ မြင်တော်မူလေသည်။ (လွန်ခဲ့သည့် ဒုတိယ အသညသတ်ဘဝကို မြင်တော်မမူ)။
(ပုဗ္ဗေနိဝါသဉာဏ်သည် စုတိ, ပဋိသန္ဓေကို အာရုံပြု၍ ယူသော်လည်း အနန္တရပစ္စည်းအစဉ်ရှိသည့် နာမ်တရားတို့နှင့်စပ်၍သာ ယူနိုင်လေသည်။ ထို့ကြောင့် ရုပ်တရားချည်းသက်သက်ဖြစ်သော လွန်ခဲ့သည့် ဒုတိယအသညသတ်ဘဝကို မမြင်ပဲရှိလေသည်။ သာရတ္ထဋီ-၂၊၂၉၇) ထိုအခါ ယခုနောက်ဆုံး ပစ္ဆိမဘဝနှင့် လွန်ခဲ့သည့် တတိယ ဘဝ = ဤနှစ်ဘဝတို့၏အကြားဝယ် စိတ်မရှိသည့် အသညသတ် အတ္တဘောကို ပုဗ္ဗေနိဝါသဉာဏ်ဖြင့် အောက်မေ့ခြင်းငှါ မတတ်နိုင်ရကား “သံသရာဝဋ်၌ ကျင်လည်ကြသော သတ္တဝါတို့အဖို့ရာ ခန္ဓာမဖြစ်သောကာလဟူ၍ မရှိချေ။ အသညသတ်ဘုံ၌ ဖြစ်ကြသော သတ္တဝါတို့သည်သာ စိတ်မရှိကြပဲ မဟာကပ် - ၅၀၀ ကာလကြာအောင် ဖြစ်ကြလေသည်။ သို့ရကား ငါသည် ဧကန်ပင် ဤဘဝ, တတိယဘဝ နှစ်ဘဝတို့၏ အကြားကာလ မဟာကပ် ၅၀၀-ကာလ ကြာအောင် အသညသတ်ဘုံ၌ ဖြစ်ခဲ့လေပြီ”ဟု နည်းအားဖြင့် ထိုအသညသတ်ဘဝကို မှတ်ယူတော်မူလေသည်။
ထိုသို့ နာမ်ခန္ဓာမရှိသည့် အသညသတ်ဘဝကို အောက်မေ့မှုကို မြတ်စွာဘုရားများမှသာ ပိုင်နိုင်စွာ ပြုနိုင်သည်။ သို့ဖြစ်၍ ယခု အရှင်သောဘိတမထေရ်၏ နည်းအားဖြင့် အသညသတ် ဘဝကို အောက်မေ့မှုကို ပြုခြင်းသည် ခဲယဉ်းသော အမှုကို ပြုခြင်း ဖြစ်လေသည်၊ သားမြီးဖျားတခုဖြင့် သားမြီးဖျားတခုကို မှန်အောင် ပစ်ရသည်နှင့် တူလှဘိ၏။ ခြေရာမထင်နိုင်သော ကောင်းကင်၌ ခြေရာကို ပြုအပ်သကဲ့သို့ ဖြစ်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ဤအဋ္ဌုပ္ပတ်ကို အကြောင်းပြု၍ ဧတဒဂ် ဘွဲ့နှင်းသဘင် ယင်တော်မူသောအခါ အရှင်သောဘိတမထေရ်ကို__
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပုဗ္ဗေနိုဝါသံ အနုဿရန္တာနံ ယဒိဒံ သောဘိတော=ရဟန်းတို့... ရှေး၌ဖြစ်ဘူးသည့် ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သောဘိတ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏"__
ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ပုဗ္ဗေနိဝါသလာဘီ= ပုဗ္ဗေနိဝါသအဘိညာဏ်ကို ရသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။
(ဤ အရှင်သောဘိတမထေရ်၏ ပုဗ္ဗေနိဝါသဉာဏ် အကြောင်းအရာ ထိုကို ဝိနယ ပါရာဇိက စတုတ္ထပါရာဇိက ဝိနီတဝတ္ထုအဆုံး ပါဠိ, အဋ္ဌကထာ, ဋီကာတို့မှ မှတ်ယူကုန်ရာ၏)။
ဤကား အရှင်သောဘိတမထေရ် အကြောင်းတည်း။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်