ထူးထူးခြားခြား သိတတ်သော ဉာဏ်တော်ကို အဘိဉာဏ်ဟု ခေါ်ဆို၏။ ထို အဘိဉာဏ်သည် (၆)မျိုး ရှိ၏။

၁။ ဣဒ္ဓိဝိဓအဘိဉာဏ် = တစ်ယောက်တည်းဖြစ်လျက် အများဖြစ်ခြင်း စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းတတ်သော အဘိညာဏ်သည် ဣဒ္ဓိဝိဓအဘိညာဏ် မည်၏။ မြေလျှိုးမိုးပျံခြင်း စသည့် တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းခြင်း စသည်ကား ဤအဘိညာဏ် ၏ သတ္တိများပင်တည်း။

၂။ ဒိဗ္ဗသောတအဘိညာဏ် = နတ်နားကဲ့သို့ အဝေး အနီး စသည့် ရှိရှိသမျှ အသံအားလုံးကို အလို ရှိက ကြားသိနိုင်သော အဘိညာဏ်သည် ဒိဗ္ဗသောတ အဘိညာဏ် မည်၏။

၃။ ပရစိတ္တဝိဇာနနအဘိညာဏ် = သူတစ်ပါး၏ စိတ်ကို မိမိ၏စိတ်ဖြင့် ထိုးထွင်းသိမြင်နိုင်သော အဘိညာဏ်သည် ပရစိတ္တဝိဇာနနအဘိညာဏ် မည်၏။

၄။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေး၌ နေခဲ့ ဖူးသော ခန္ဓာအစဉ်ကို (= လောကုတ္တရာတရားများ ပါဝင်သည့် ခန္ဓာ, လောကုတ္တရာတရားများ မပါဝင် သည့် ဥပါဒါနက္ခန္ဓာအစဉ်တို့ကို) ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင် အမှတ်ရနိုင် သိနိုင်သော အဘိညာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် မည်၏။ ဘုရားရှင်၏ ယင်း ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ဉာဏ်တော်မြတ်သည် ---

(က) လောကုတ္တရာတရားများ ပါဝင်သည့် ခန္ဓာတို့ကို လည်း အောက်မေ့နိုင် အမှတ်ရနိုင် ထိုးထွင်း သိနိုင်၏။ ဥပမာ - ဒီပင်္ကရာ ဘုရားရှင်၏ သန္တာန်၌ တည်ရှိခဲ့သော လောကုတ္တရာတရား များ ပါဝင်သည့် ခန္ဓာတို့ကို ထိုးထွင်းသိမြင် သော အဘိညာဉ်ဉာဏ်တည်း။

( ခ ) လောကုတ္တရာတရားများ မပါဝင်သည့် ဥပါဒါနက္ခန္ဓာတို့ကိုလည်း အောက်မေ့နိုင် အမှတ်ရနိုင် ထိုးထွင်းသိနိုင်၏။ ဥပမာ - ဒီပင်္ကရာဘုရား ရှင်၏ ခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းနေတော်မူသော သုမေဓာရှင်ရသေ့၏ သန္တာန်၌ တည်ရှိခဲ့သော ဥပါဒါနက္ခန္ဓာ (၅)ပါး တို့ကို ထိုးထွင်းသိသော အဘိညာဏ်တည်း။

( ဂ ) ခန္ဓပဋိဗဒ္ဓ = ခန္ဓာနှင့် ဆက်စပ်နေသည့် ရုပ်အဆင်း, စားသုံးခဲ့ရသည့် အာဟာရ, ခံစားခဲ့ရ သည့် သုခဒုက္ခ အဝဝစသည့် အာရုံတို့ကိုလည်း ထိုးထွင်းသိပေသည်။

(ဃ) ပဏ္ဏတ္တိ = ယင်းအတိတ်ခန္ဓာတို့နှင့် ဆက်စပ် နေသည့် အမည် အမျိုးအနွယ် ပညတ်အမျိုးမျိုး ကိုလည်း ထိုးထွင်းသိပေသည်။ [၁]

၅။ စုတူပပါတဉာဏ် = သတ္တဝါတို့၏ စုတိနှင့် ပဋိသန္ဓေကို ထိုးထွင်းသိတော်မူသော ဉာဏ်တော်တည်း။ ယင်း စုတူပပါတဉာဏ်သည် ဒိဗ္ဗစက္ခုအဘိညာဏ် (=နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံ အာရုံ အမျိုးမျိုးကို သိသော အဘိညာဏ်)၏ ဂိုဏ်းခွဲတစ်ခု အစိတ်အပိုင်းတစ်ခုဖြစ်သော ဉာဏ်တည်း။ ယင်း ဒိဗ္ဗ စက္ခုအဘိညာဏ်သည် စုတိဆဲ သတ္တဝါ, ပဋိသန္ဓေ တည်နေဆဲသတ္တဝါ, အဆင်းလှသော သတ္တဝါ, အဆင်း မလှသော သတ္တဝါ, ကောင်းရာသုဂတိသို့ ရောက်ရှိ သွားသော သတ္တဝါ, မကောင်းသည့် ဒုဂ္ဂတိဘုံဘဝသို့ ရောက်ရှိသွားသော သတ္တဝါ, မိမိတို့ ပြုစုပျိုးထောင် ခဲ့သော ကံအားလျော်စွာ ထိုထိုဘုံဘဝသို့ လားရောက် ကြရသော သတ္တဝါတို့ကို မြင်တော်မူ သိတော်မူပေ သည်။ သတ္တဝါတို့၏ အနာဂတ်ကို လှမ်းမျှော်သိသော အနာဂတံသဉာဏ်တော်သည်လည်း ယင်းဒိဗ္ဗစက္ခု အဘိညာဏ်၏ ဂိုဏ်းခွဲ အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပေ သည်။

၆။ အာသဝက္ခယဉာဏ် = အာသဝေါတရားတို့ကို ကုန်စေတတ်သော သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော အထူးသဖြင့် လောကုတ္တရာ နိရောဓသစ္စာဖြစ်သော မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို တိုက်ရိုက်အာရုံပြုကာ ထွင်းဖောက် သိမြင်နေသော အရဟတ္တမဂ်ဉာဏ်သည် အာသဝက္ခယဉာဏ် မည်၏။

အရဟတ္တမဂ်ဉာဏ်သည် အသင်္ခတဓာတ် (= နိရောဓသစ္စာ) နိဗ္ဗာန်တရားတော်မြတ်ကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အာရုံ မျက်မှောက်ပြုကာ ထွင်းဖောက်သိမြင်သောအခါ ယင်း သန္တိသုခ လက္ခဏာရှိသော အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်၏ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရရှိသော အရဟတ္တမဂ်ဉာဏ်သည် ရှေးရှေးမဂ်ဉာဏ်တို့ မပယ်သတ်ရသေးသည့် ကြွင်းကျန်နေသည့် ကိလေသာ အာသဝေါတရား ဟူသမျှတို့ကို ဝါသနာ အငွေ့ဓာတ်နှင့်တကွ အကုန်အစင် ပယ်သတ်တော် မူလေသည်။ ယင်းသို့ ကိလေသာ အာသဝေါတို့ကို ကုန်ခန်းစေတတ်သောကြောင့် ယင်း အရဟတ္တမဂ် ဉာဏ်ကို အာသဝက္ခယဉာဏ်ဟုလည်း ခေါ်ဆိုပေ သည်။ တစ်ဖန် ယင်း အရဟတ္တမဂ်ဉာဏ်သည် သစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (=အဝိဇ္ဇာ)ကိုလည်း တစ်ပါတည်း ပယ်သတ်တော်မူ သဖြင့် မသိမှု အဝိဇ္ဇာပျောက်ကာ သိမှု ဝိဇ္ဇာဉာဏ် ပေါ်ပေါက်လာပေသည်။ ယင်းသို့ မောဟကို ပယ် သတ်သောအားဖြင့် သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆိုပေသည်။ ထိုကြောင့် ယင်း အရဟတ္တမဂ်ဉာဏ် သည် အသင်္ခတဓာတ် နိရောဓသစ္စာတရားတော်မြတ် ကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့်, ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိ၏ဟု ဆိုပေသည်။ ယင်း အသမ္မောဟပဋိဝေဓအားဖြင့် သစ္စာကို သိမှုကိုပင် ကိစ္စသိဒ္ဓိအားဖြင့် သိ၏ဟုလည်း ဆိုပေသည်။ ဤသို့လျှင် အရဟတ္တမဂ်ဉာဏ်သည် သစ္စာလေးပါးကို သိသော ဉာဏ် ဖြစ်ပေသည်[၂]


အထက်ပိုင်း သမထဈာန်နှင့် ဝိပဿနာဉာဏ်တို့လည်း အဘိညာဟု ခေါ်သည်။ [၃]

သမထကမ္မဋ္ဌာန်း၌ ဥပစာရဈာန်မှ စ၍ အပ္ပနာဈာန်တိုင် ဖြစ်သောပညာနှင့် အပ္ပနာပညာကို “အဘိညာ ဟု ဆိုသည်၊ ဝိပဿနာကမ္မဋ္ဌာန်း၌ ပစ္စယပရိဂ္ဂဟဉာဏ် (သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် သို့မဟုတ် ဘင်္ဂဉာဏ်)မှစ၍ ဝိပဿနာဉာဏ် အားလုံးကို “အဘိညာ”ဟု ဆိုသည်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. (သံ၊ဋ္ဌ၊၂၊၂၆၆၊၊)
  2. ဖားအောက်တောရဝတ်ရွတ်စဉ်။ ဖားအောက်တောရဆရာတော်
  3. တိပိဋကအဘိဓာန် အတွဲ-၃
  4. အဘိ၊ဋ္ဌ၊၁၊၂၂၇။ နေတ္တိ၊ဋ္ဌ၊၄၉-၅၀။ နေတ္တိ၊ဋီ၊၄၄-၅။ နေတ္တိ ဝိ။ ၆၇-၈)။