သျှင်မဟာ သီလဝံသ

(သျှင်မဟာသီလဝံသ မှ ပြန်ညွှန်းထားသည်)

ရှင်မဟာသီလဝံသ (အင်္ဂလိပ်: Shin Mahā Sīlavaṃsa) သည် အင်းဝခေတ် စာဆိုကျော် တစ်ဦးဖြစ်သည်။ ဇာတိမှာ တောင်တွင်းကြီးဖြစ်ပြီး အင်းဝနေပြည်တော်သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ မြန်မာစာပေသမိုင်းတွင် ထင်ရှားသော ပျို့၊ မော်ကွန်း၊ လင်္ကာ၊ ရတု ဆုံးမစာ၊ ရာဇဝင်၊ ဗုဒ္ဓစာပေကျမ်းဂန်များနှင့် ဇာတ်ဝတ္တုတော်များကို ရေးသားခဲ့သည်။ အင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သော ပေလေးပင် သျှင်လေးပါးဟု ကျော်ကြားသည့် တောင်တွင်းကြီးမြို့ဇာတိ ပညာရှိရဟန်း လေးပါးအနက် တစ်ပါးအပါအဝင်ဖြစ်သည်။ ထိုခေတ်က စာပေဖွဲ့ဆိုသူများသည် စာပေနှင့် ကဗျာများကို လောကရေး၊ ဓမ္မရေး၊ ရာဇရေး ဟူ၍ အကြောင်းအရာ သုံးမျိုးတို့ကို အခြေခံဖွဲ့ဆိုခဲ့ကြရာ ဆရာတော်သည် ဓမ္မရေးဟူသော ဘာသာရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဦးစားပေးရေးဖွဲ့ခဲ့သည်။ ဓမ္မစာပေများကို ကျွမ်းကျင်နှံ့စပ်သောကြောင့် ဆရာတော်၏ အရေးအသားများသည့် လေးနက်၍ အဓိပ္ပာယ်နက်နဲသည်ဟု ဆိုကြသည်။

ရှင်မဟာသီလဝံသ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဓမ္မအမည်ရှင်မဟာသီလဝံသ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးအင်းဝနေပြည်တော်
မွေးဖွားမောင်ညို
၁၄၅၃
တောင်တွင်းကြီးမြို့
ကွယ်လွန်၁၅၁၈
ရာထူး တာဝန်
ဌာနအင်းဝနေပြည်တော်
ဂုဏ်ဒြပ်ရှင်သီလဝံသ

ငယ်စဉ်ဘဝ

ပြင်ဆင်ရန်

ဆရာတော်၏ ငယ်မည်မှာ မောင်ညိုဖြစ်သည်။ ဆရာတော်ကို ခရစ်သက္ကရာဇ် ၁၄၅၃ ခုနှစ်၊ မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ် တွင် တောင်တွင်းကြီးမြို့၏ မြောက်ဘက် မြို့လုလင်ကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးရက် မွေးလတို့ ကိုမသိရသော်လည်း သောကြာသားဖြစ်ကြောင်း သိရသည်။ မိဘများမှာ ဖခင် ဦးကြည်နှင့် မိခင် နတ်ထိန်းကြီး မယ်ဒွေးတို့ ဖြစ်သည်။

စာသင်ရွယ်သို့ ရောက်သော အခါ မောင်ညိုကို ကျောင်းသို့ပို့ခဲ့ကြသည်။ နတ်မီးလင်းဆရာတော် အရှင် သီလာစာရ ဘိဓဇထံတွင် ငယ်စဉ်မှစ၍ ပညာသင်ကြားခဲ့သည်။၎င်း ဆရာတော်သည် ငှက်ပစ်တောင်ကျောင်း၊ ထူပါရုံကျောင်းများတွင် လှည့်လည်သီတင်းသုံးသောကြောင့် ငှက်ပစ်တောင်ဆရာတော်၊ ထူပါရုံဆရာတော်ဟူ၍လည်း ခေါ်ကြသည်။ ရှင်မဟာသီလဝံသ ဟု ကျော်ကြားလာမည့် မောင်ညိုသည် မိမိနှင့် တစ်ရွာတည်းသားဖြစ်သော ရှင်ဥတ္တမကျော်လောင်း မောင်ဥက္ကာ၊ သတိုးထမ်းရွာသား ရှင်အုံးညိုလောင်းနှင့် မကျည်းယောင်ရွာသား ရှင်ခေမာလောင်း တို့နှင့်အတူ နတ်မီးလင်းဆရာတော်ထံတွင် ဆရာတူတပည့်များအဖြစ် ပညာသင်ကြားခဲ့သည်။ မောင်ညိုသည် ငယ်စဉ်ကပင် ကဗျာစာပေ ဉာဏ်ရည်ထက်မြတ်ကာ အသက် ၇ နှစ်အရွယ်မှာပင် ကဗျာလင်္ကာများကို လက်တန်းစပ်ဆိုနိုင်သည်ဟု ဆိုသည်။ ထိုကျောင်းမှာပင် သာမဏေပြုခဲ့ပြီး၊ အသက် ၂၀ အရွယ်တွင် ပဉ္စင်းတက်၍ ရှင်သီလဝံသဘွဲ့ကို ခံယူခဲ့သည်။

စာဆိုကျော်ဘဝ

ပြင်ဆင်ရန်

ထို့နောက် နတ်မီးလင်းဆရာတော်ထံတွင် ပါဠိစာပေ၊ ပိဋိကတ် ဓမ္မစာပေများကို ကျွမ်းကျင်နှံ့စပ်အောင် ဆက်လက်လေ့လာ ဆည်းပူးခဲ့သည်။ စာဆိုဗီဇ ထူးချွန်သော ရှင်သီလဝံသသည် မြန်မာသက္ကရာဇ် ၈၅၃ခုနှစ် သက်တော် ၃၈ နှစ်တွင် နတ်မီးလင်းကျောင်း၌ပင် သီတင်းသုံးရင်း ပါရမီတော်ခန်း ပျို့ကဗျာကြီးကို အပြီးစပ်ဆိုသီကုံးခဲ့သည်။ ၎င်းပါရမီတော်ခန်း ပျို့ကဗျာကြီးသည် မြတ်စွာဘုရားရှင်၏ ပါရမီတော် ၁၀ ပါးဖြည့်ကျင့်ခဲ့ရပုံတို့ကို စပ်ဆိုထားခြင်းဖြစ်ပြီး ပျို့ကဗျာ မည်ရုံမဟုတ်ဘဲ တရားသဘော အဓိပ္ပာယ်တို့ဖြင့် လေးနက်သိမ်မွေ့လွန်းသည်။ ပါရမီတော်ခန်းပျို့ကြီးရေးသားပြီးသောအခါတွင် ရှင်မဟာသီလဝံသ၏ ပညာမှာ စတင်ကျော်ကြားလာခဲ့သည်။ ဆရာတော်သည်လည်း ကျမ်းစာတတ် ပညာရှိအကျော်အမော်များရှိရာ အင်းဝနေပြည်တော် ပြောင်းရွေ့ရန် ဆန္ဒရှိလာခဲ့သည်။

အင်းဝမြို့တော်သို့ ပြောင်းရွေ့ခြင်း

ပြင်ဆင်ရန်

ထို့ကြောင့် မြန်မာသက္ကရာဇ် ၈၅၄ ခုနှစ် တပို့တွဲလမှစ၍ အင်းဝမြို့တော်သို့ သွားရောက်လိုသည့်အကြောင်းကို မိမိ၏ ငယ်ဆရာ နတ်မီးလင်းဆရာတော်ထံတွင် ခွင့်ပန်ကြားရာ ဆရာတော်မှ ခွင့်ပြုလိုခြင်းမရှိ၍ ပထမအကြိမ်ခွင့်ပန်စဉ် ဆိတ်ဆိတ်နေ၍ တုံပြန်၏၊ ဒုတိယအကြိမ်ခွင့်ပန်ရာ "အင်းဝပြည်မှာ ကျမ်းတတ်သူ ပေါများလှသည်၊ သင်သွားသဖြင့်လည်း တလုပ်ပြည်သို့ အပ်သွားရောင်းသည်နှင့် တူချိမ့်မည်" ဟုသာ ပြောကြားခဲ့သည်။ တတိယအကြိမ်ခွင့်ပန်သောအခါမှ အကြည်အသာ ခွင့်ပြုခဲ့သည်။

အင်းဝသို့ကြွရောက်ရန် ဒကာ၊ ဒကာမများကို နှုတ်ဆက်သည့်အခါတွင်လည်း တားမြစ်ကြသော်လည်း သွားလိုသည့် ဆန္ဒပြင်းပြနေ၍ ခွန်းတုံ့ပင် မပြန်နိုင်တော့ဘဲ ပါရမီတော်ခန်း ပျို့ကဗျာကြီးကို ကမ္ပလွေစာထုပ်တွင်ထည့်ကာ ၎င်းနှစ်မှာပင် အင်းဝမြို့သို့ သွားရောက်ခဲ့သည်။

ခရီးထွက်ခဲ့ရာ ဦးစွာ ပင်းယမြို့သို့ရောက်ရှိပြီး ခေတ္တတည်းခိုသီတင်းသုံးခဲ့သည်။ ထို့နောက် ဆက်လက်ခရီးဆက်ခဲ့ရာ အင်းဝမြို့တော်အနီး တံတားဦး အရပ်သို့ ချောမောစွာ ရောက်ရှိခဲ့သည်။ တံတားဦးသို့ ရောက်သောအခါ "တောင်တွင်းရှင်သီလဝံသမထေရ်သည် အင်းဝနေပြည်တော်သို့ ကြွလာတော်မူသည်" ဟု အင်းဝမြို့တွင်း သတင်းပျံ့နှံ့ကာ လူအများသည် ဆရာတော်ထံ လာရောက်တွေ့ဆုံ မေးမြန်းခဲ့ကြသည်။ ထို့နောက် ခေတ်ပြိုင်စာဆိုဖြစ်လာမည့် ရှင်မဟာရဋ္ဌသာရသည်လည်း ဆရာဖြစ်သူ၏ တိုက်တွန်းချက်အရ လာရောက်တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ အင်းဝသို့ ရောက်ရှိ သီတင်းသုံးသောအခါ အသက် ၄၀ ခန့်ပင် ရှိပြီဖြစ်သည်။

မင်းဆရာဖြစ်ခြင်း

ပြင်ဆင်ရန်

တနေ့တွင် ရှင်သီလဝံသသည် အင်းဝဘုရင် ဒုတိယ မင်းခေါင်ထံသို့ မေတ္တာစာ ရေးသားဆက်သွင်းခဲ့သည်။ ထိုအခါ ရှင်ဘုရင်သည် ရှင်သီလဝံသ၏ အရည်အသွေးကို လေးစားကြည်ညိုပြီး စစ်ကိုင်းမြို့၊ ထူပါရုံစေတီတော်၏ အရှေ့မြောက်ရှိ ရတနာဗိမာန် ရွှေကျောင်းတော်ကြီး ကို တင်လှူခဲ့သည်။ သျှင်သီလဝံသသည်၎င်းကျောင်းတော်ကြီးကို ဆက်ခံသော ရှစ်ဆက်မြောက် ကျောင်းထိုင် ပညာရှိရဟန်း ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ နေပြည်တော်ရှိ ဆရာတော် ရှင်မဟာရဋ္ဌသာရကဲ့သို့ မင်းဆရာအဖြစ် မြောက်စားခံခဲ့ရသည်။ ဆရာတော် ရှင်သီလဝံသသည် မင်းဆရာဖြစ်သော်လည်း မာန်မာနကြွားဝါခြင်းမရှိဘဲ ထူပါရုံစေတီတွင် နေ့စဉ်တံမြက်လှည်းဝတ်ပြုခြင်း၊ တပည့်များအား စာပေပညာပို့ချခြင်း၊ တရားဘာဝနာပွားများခြင်းများကိုသာ ဆောင်ရွက်တော်မှုသည်။

မြန်မာသက္ကရာဇ် ၈၅၈ ခုနှစ်တွင် ဘုရင်မင်းခေါင်သည် "ကြားပိမ့်ကျက်သရေ၊ အောင်မြင်စေအံ့" ဟုအစချီသည့် တံတားဦးမင်္ဂလာစေတီတော်ကြီး၏ အလည်ဌာပနာတိုက်ကို အကြီးအကျယ် တည်ထားသောအခါ ဆရာတော်သည် တံတားဦးမင်္ဂလာစေတီမော်ကွန်းကို စတင်ရေးသားခဲ့သည်။ ထိုစဉ် ရှင်မဟာရဋ္ဌသာရမထေရ်သည် "သုံးဆယ့်နှစ်ပါး ထင်ရှားလက္ခဏာ" အစချီသော တံတားဦးစေတီမော်ကွန်းကို ရေးသားစီရင်ပြီး ဘုရင့်ထံသို့ဆက်သွင်းပြီးဖြစ်ကြောင်း သိရှိရသောအခါ ရေးလက်စ မော်ကွန်းကို ဆက်လက်မရေးသားတော့ဘဲ ရေးပြီးသား ပရပိုက်တို့ကို ဖျက်ဆီးပစ်ရန် တပည့်များအား စေခိုင်းခဲ့သည်။ တပည့်များက ဖျက်စီးရန် နှမြော၍ သိမ်းဆည်းထားသောကြောင့် ယနေ့အထိ ကျန်ရှိနေခဲ့သည်။

ဆရာတော်သည် အင်းဝတွင် သီတင်းသုံးနေစဉ် အင်းဝမြို့တော်သို့ မကြခဏ ကြွရောက်ရလေ့ ရှိသည်။ အကြောင်းမှာ နန်းတော်တွင်း ရှင်ဘုရင်သည် ပရိသတ်နှင့်တကွ စာပွဲတော်ခံလေ့ ရှိသောကြောင့် ဖြစ်သည်။ စာပွဲတော်တွင် ရှင်ဘုရင်သည် ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့၏ စာများကို ရွှေကလပ်တွင်ထည့်၍ စာဆိုများကို အသီးသီး ဖတ်ကြားစေသည်ဟု ဆိုသည်။ ဤသို့ဖြင့် ရှင်မဟာ သီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့သည် နန်းတော်အတွင်း အပြိုင်အဆိုင် စာဆိုတော်များ ဖြစ်လာကြသည်။

တစ်နေ့တွင် ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့နှင့် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ် လင်္ကာကြီးကို စာပွဲသဘင်ကျင်းပနာယူကြသည်။ နှစ်ခုလုံးမှာ ကောင်းမွန်လှ၍ ပရိသတ်များ နှစ်ထောင်းအားရ အားပေးကြလေသည်။ ဘုရင်က ပါရမီတော်ခန်းပျို့မှာ ကောင်းမွန်လှကြောင်း ချီးမွန်းသည်။ ထိုစဉ် ရှင်မဟာရဋ္ဌသာရမထေရ်က ဘုရားတို့မည်သည် ပါရမီဖြည့်ခြင်းမတိုင်မီ ဆုတောင်းခြင်းကို အရင်ပြုရသည်၊ ယခုမူကား ဒေသနာအစဉ် မညီမညွတ်ဖြစ်လေပြီဟုဆိုသည်ကို ကြားသိရသောအခါ ရှင်မဟာသီလဝံသသည် ကျောင်းသို့ပြန်၍ ဆုတောင်းခန်းပျို့ကြီးကို ၃ ရက်အတွင်း အပြီးသတ် ရေးသားခဲ့သည်ဟူဆိုသည်။

ဤသို့ ရှင်နှစ်ပါး ပညာပြိုင်ဆိုင်ကြ၍ အင်းဝခေတ်တွင် မြန်မာစာပေအတွက် အဖိုးမဖြတ်နိုင်သော ကဗျာ လင်္ကာ စာပေများပေါ်ထွက်ခဲ့ရသည်ဟူ ပညာရှင်များက မှတ်ချက်ပြုကြသည်။

 
စစ်ကိုင်းမြို့ ဆင်များရှင်ဘုရားအနီးရှိ ရှင်မဟာသီလဝံသ အရိုးအိုးဂူဘုရား

မြန်မာသက္ကရာဇ် ၈၈၀ ခန့်တွင် နရပတိ ဘုရင်က တောင်းပြန်၍ ဓမ္မပါလပျို့ကို ရေးသားခဲ့ရာ ပြီးစီးအောင် စပ်ဆိုခြင်းမပြုနိုင်ခဲ့ဘဲ ၁၇ ပုဒ်မျှ ရေးသားအပြီး မြန်မာသက္ကရာဇ် ၈၈၀ ပြည့်နှစ် သက်တော် ၆၅၊ ဝါတော် ၄၅ ဝါတွင် ပျံတော်မူခဲ့သည်။

စာပေလက်ရာများ

ပြင်ဆင်ရန်

ပျို့များအပြင် ရှင်မဟာသီလဝံသသည် မော်ကွန်းများကိုလည်း ရေးသားသေးသည်။ ရှင်မဟာသီလဝံသသည် သက္ကရာဇ် ၈၅၈ ခုနှစ် ဒုတိယမင်းခေါင် လက်ထက်တွင် တံတားဦးတည် မော်ကွန်းကို ဖွဲ့ဆိုသည်။ တံတားဦးရပ်တွင် ဒုတိယမင်းခေါင် တည်ထားကိုးကွယ်တော်မူသော မင်္ဂလာ စေတီတော်ကို ဖွဲ့ဆိုခြင်းဖြစ်သည်။ သို့သော် ၁၂ ပိုဒ်မျှ ပြီးစီးသည့်ကာလ ထိုတံတားဦးတည် မော်ကွန်းကို ရှင်မဟာ ရဋ္ဌသာရ ရေးသားစီရင် ပြီးစီး ကြောင်း သိသောအခါ ဆက်လက်မရေးသားတော့ဘဲ ရေးပြီး ၁၂ ပိုဒ်ကို ချေဖျက်စေသည်တွင် တပည့်ရဟန်းများ က ကူးယူသိမ်းဆည်းထားကြလေသည်။ ယင်းမော်ကွန်းတွင် ရှင်မဟာသီလဝံသသည် ဒုတိယ မင်းခေါင်အား ဗုဒ္ဓအလောင်းအလျာသဖွယ်ထား၍ သတ္တဝါတို့ကို ကယ်မတော်မူနိုင်သည့် ဘုရားစင်စစ်ဖြစ်မည့် အကြောင်းကို ခမ်းနားနက်နဲသော စကား ဥပမာ ဥပစာတို့ဖြင့် တန်ဆာဆင်ကာ ရေးသားဖွဲ့ဆိုထားလေသည်။ ဘုရားအဖြစ်ကို ရရှိဖို့ရာ ပါရမီတော်ကို ဖြည့်ကျင့်ရန် ကြံတော်မူမည့်အကြောင်း နှင့် ဆုတောင်းတော်မူသော အကြောင်းအရာများကို ကဗျာ့ကဝိကြီး ပီသစွာ ဥပစာတင်စား၍ သုံးပုံမှာလည်း လွန်စွာ ကောင်းမွန်လှသည် ဖြစ်ရကား ရှင်မဟာ သီလဝံသ၏ ကဗျာ့အာဘော်ကို မီအောင်ပင် နောက်ဆရာများ မလိုက်နိုင်ကြ ပေ။ ဤမော်ကွန်းအပြင် အခြား မော်ကွန်းတို့ကား မိတ္ထီလာ (သျှိသျှား) ကန်တော်ဘွဲ့မော်ကွန်း၊ ရွှေနန်းတည် မော်ကွန်းတို့ဖြစ်၏။

ရှင်မဟာသီလဝံသသည် စကားပြေ ကျမ်းများကိုလည်း ရေးသားသည်။ ရွှေနန်းကြော့ရှင် လက်ထက် သက္ကရာဇ် ၈၆၃ ခုနှစ်တွင် စီရင်ရေးသားသော ပါရာယနဝတ္ထုသည် ထင်ရှားတွေ့သမျှသော စကားပြေ ဝတ္ထုများတွင် အဟောင်းဆုံး ဝတ္ထုဖြစ်၏။ ပါဠိဘာသာစကားများကို နည်းပါးနိုင်သလောက် နည်းပါး၍ ဘုရားဟော ဓမ္မက္ခန္ဓာ အပေါင်းတို့မှ ကောင်းနိုးရာရာတို့ကို ထုတ်နုတ်စိစစ်၍ မြန်မာ စကားပြေဖြင့် ဖွဲ့ထားသော ကျမ်းဖြစ်၏။

သက္ကရာဇ် ၈၆၄ ခုနှစ်တွင် ရှင်မဟာ သီလဝံသ ရေးသားပြုစုခဲ့သော ရာဇဝင်ကျော်မှာ ထင်ရှားတွေ့ရှိ သမျှသော ရာဇဝင်ကျမ်းများတွင် အဟောင်းဆုံးဖြစ်သည်။ ရာဇဝင်ကျော်ဟူသော အမည်မှာ ရှင်မဟာသီလဝံသ မှည့်ခဲ့ရင်း မည်မဟုတ်၊ နောက်မှခေါ်ကြသော အမည်ဖြစ်၏။ ရှင်မဟာသီလဝံသကမူကား မဟာသမ္မတဝံသ ကျမ်းဟူ၍သာ မှည့်ခဲ့၏။ ရှင်မဟာသီလဝံသသည် သက္ကရာဇ် ၈၈၂ ခုနှစ်ကျော် ကျော်တွင် အင်းဝနေပြည်တော် ရတနာဗိမာန်ကျောင်း တော်ကြီး၌ပင် ပျံလွန်တော်မူသည်ဟု ခန့်မှန်းရသည်။ ရှင်မဟာသီလဝံသ၏ စာတော်စာရင်းမှာ ပါရမီတော်ခန်းပျို့၊ တောင်တွင်းလာပျို့၊ ဆုတောင်းခန်းပျို့၊ သံဝေဂခန်းပျို့၊ ဓမ္မပါလပျို့(ရေးဆဲပျံလွန်တော် မူသောကြောင့် တပည့်ပုဂံဆရာတော်က ဆက်ရေးရာ ၉၁၁ ခုနှစ်၌ ပြီး၏)၊ ကမ္ဘာလောင်ပျို့(စာမူမတွေ့ရ၊ တိမ်မြုပ်နေသည်)၊ ဗုဒ္ဓုပ္ပတ္တိပျို့ (ပါရမီတော်ခန်းပျို့ကိုပင် ဆိုလိုသည်ဟု အချို့မှတ်သားကြသည်)၊ တံတားဦးတည် မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ ရွှေနန်းကြော့ရှင်း နန်းဖွဲ့မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း (သျှိသျှားကန်ဘွဲ့ မော်ကွန်းဟုလည်း ခေါ်၏။) ဆုံးမစာ လင်္ကာများ၊ ဧကပိုဒ်၊ အဖြည့်ခံ၊ တောင်တွင်းရွှေပြည် (ပိုဒ်စုံရတုများ)၊ ရာဇဝင်ကျော်၊ ပါရာယနဝတ္ထု၊ မဟာရဟနီတိ၊ နေတ္တိပါဠိတော် နိသျဟောင်း၊ ဆုံးမစကားပုံ အစရှိသော ကျမ်းများနှင့် ရတနာဗိမာန်ကျောင်းတော် ကျောက်စာတို့ဖြစ်၏။ ထိုကျောက်စာမှာ တစ်ကြောင်းလျှင် စာလုံးရေ ၈ဝ ခန့်၊ တစ်ဖက်တွင် ကြောင်းရေ ၅၄၊ တစ်ဖက်တွင် ၃၅ ခန့်ရှိ၏။

ရှင်မဟာသီလဝံသ ဆုံးမစာများ

ပြင်ဆင်ရန်
  1. ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်ထိုး၍ မသွားနှင့်။
  2. မိဦးဖဦး၊ ဆရာဦးကို၊ ခူး၍အလျင် မစားနှင့်။
  3. မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်။ လိုချင်သောအား၊ စားချင်ငြားက၊ ဝပ်တွားခယ၊ တောင်းပါကြ။
  4. အသက်ကြီးငယ်၊ ဝါကြီးငယ်ကို လွှဲဖည်မသွေ၊ နှိမ့်ချလေ။
  5. ဗဟုသုတ၊ တတ်ပါချင်လျှင်၊ သင်သာခိုက်ကို၊ သင်လိုက်ကြ။
  6. ဝါယာလုံ့လ၊ ကြိုးပမ်းက၊ ရလိမ့်ဉာဏ်ပညာ။
  7. လိမ္မာသိတတ်၊ လောကဓာတ်၊ တတ်လိမ့်များဂုဏ်အင်။[]

ပြုစုခဲ့သည့် ကျမ်းများ

ပြင်ဆင်ရန်

၁။ ရွှေနန်းဘွဲ့မော်ကွန်း၊

၂။ ထူပါရုံကျောက်စာ၊

၃။ ရတနာဗိမာန်ကျောင်းကျောက်စာ၊

၄။ သျှိသျှားကန်တော် (မိတ္ထိလာကန်တော်) ဘွဲ့များ၊

၅။ ပါရမီတော်ခန်းပျို့၊

၆။ ဆုတောင်းခန်းပျို့၊

၇။ နန်းဖွင့်လင်္ကာ၊

၈။ ဗုဒ္ဓုပ္ပတ္တိပျို့၊

၉။ ရာဇဝသတီခန်းလင်္ကာ၊

၁၀။ တံတားဦးတည်မော်ကွန်း၊

၁၁။ တောင်တွင်းလာပျို့၊

၁၂။ သံဝေဂခန်းပျို့၊

၁၃။ ဓမ္မပါလပျို့၊

၁၄။ ပါရာယနဝတ္ထု၊

၁၅။ ရာဇဝင်ကျော်၊

၁၆။ မဟာရဟနီတိ၊

၁၇။ ဆုံးမစာလင်္ကာ၊

၁၈။ ဗုဒ္ဓါလင်္ကာရကျမ်း၊

၁၉။ နေတ္တိပါဠိတော်သျ၊

၂၀။ နေတ္တိဟာရအကောက်။[]

  1. ဗုဒ္ဓဘာသာတရားတော်(အထက်တန်းအဆင့်)၊ သာသနာရေးဝန်ကြီးဌာန။ ခရစ်နှစ် ၁၉၉၇၊ နှာ - ၅၁၆
  2. လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၄။
  3. မြန်မာကဗျာ ရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
  4. ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်)။ ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ။ စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်

ပြင်ဆင်ရန်
  1. ဒေါ်မြင့်မြင့်သန်း တည်းဖြတ်သော ပါရမီတော်ခန်းပျို့ နိဒါန်းမှ သျှင်မဟာသီလဝံသအတ္ထုပ္ပတ္တိ၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊
  2. မြန်မာစာညွန့်ပေါင်းကျမ်း- ပထမတွဲ
  3. မြန်မာစာပေသမိုင်း၊ ဆုံးမစာပေါင်းချုပ်၊ ကဗျာသာရတ္ထသင်္ဂြိုဟ်၊ ကဝိလက္ခဏဒီပနီ၊ သာသနာလင်္ကာရစာတမ်း၊ မြန်မာစကားပြေ လက်ရွေးစင်အဖြေ၊ ကဝိသေနင်္ဂဗျူဟာကျမ်း၊ ဦးဖိုးကျားမှတ်စု
  4. ၁၉၆ဝ-ခု၊ ဧပြီလထုတ်၊ ယဉ်ကျေးမှုမဂ္ဂဇင်းမှ ' သံဝေဂခန်းပျို့ သျှင်မဟာသီလဝံသမရေး ' ဆောင်းပါး
  5. ပိဋကတ်သမိုင်းစာတမ်း၊ ပေါရာဏကထာဋီကာ၊ ကန်တော်မင်းကျောင်းမေတ္တာစာအဖြေ၊