ပေလေးပင် သျှင်လေးပါး
မြန်မာသက္ကရာဇ် ၈၀၀-ပြည့်နှစ် အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက်ရောက်လျှင် တောင်တွင်းကြီးမြို့မှ တဘောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ အဆိုပါတဘောင်မှာ "ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက်လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတံ့၊ ကူးလည်းကူးလတံ့၊ မြူးလည်းမြူးလတံ့ "လို့ ဖြစ်သည်။
တဘောင်စကားအရ "အကိုက်လေးဖော်" ဆိုသည်မှာ ပေပင်အစို့အကိုက်လေးစို့ဟုဆိုလိုခြင်းဖြစ်ပြီး ပေဆိုသည်မှာ စာပေကို ဆိုလိုသည့်အတွက် စာပေကျမ်းဂန်တတ်ကျွမ်းသော ရှင်သာမဏေပုဂ္ဂိုလ်ကျော် လေးပါး ပေါ်မည့်အကြောင်း ငှက်ပစ်တောင် ဆရာတော်မှအတိတ်နိမိတ် ကောက်သည်။
မကြာမီ ထိုနှစ်တွင်ပင် တောင်တွင်းကြီးမြို့ မြောက်ဘက်၊ မြို့လုလင်ရွာ၊ သတိုးထမ်းရွာ၊ မကျည်းယောင်ရွာ တို့မှာ ပေစို့ကြီး လေးစို့ မြေကြီးထဲက ပေါ်ထွက်လာ၍ မြို့သူမြို့သားများက "ပေလေးပင်၊ ရှင်လေးပါး" ပေါ်တော့မည်ဟုဆိုပြီး ဝမ်းသာအားရ ဖြစ်ကြသည်။ ထိုနိမိတ် အတိုင်း ၈၁၅-ခုနှစ်အရောက်တွင်
- မြို့လုလင်ရွာမှ မောင်ဥက္ကာ (ရှင်ဥတ္တမကျော်)
- မောင်ညို (သျှင်မဟာသီလဝံသ)
- သတိုးထမ်းရွာမှ ရှင်အုန်းညို နှင့်
- မကျည်းယောင်ရွာမှ ရှင်ခေမာ
ဟူ၍ ပုဂ္ဂိုလ်လေးပါး ပေါ်ပေါက်လာခဲ့သည်။ ထိုပုဂ္ဂိုလ်လေးပါးကို ပေလေးပင်၊ ရှင်လေးပါး ဟုခေါ်ခြင်း ဖြစ်သည်။
ပေလေးပင် ရှင်လေးပါး-ဆိုသည့် စကားသည် ကိုလိုနီခေတ်ဦးပိုင်းမှ တွေ့ရသော စကားဖြစ်သည်ဟု ဆို၏။ ရှေးက စာတွေထဲတွင် ထိုပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိကို ဖော်ပြရာမှာ ပေလေးပင် ရှင်လေးပါးအကြောင်း မပါပါ။ ထင်ထင်ရှားရှား စတွေ့ရသည်မှာ ၁၉၁၁-ခုနှစ်၊ ဦးအောင်ဆိုသူ မြန်မာပညာရှိကြီး ရေးသားသော ရှင်ဥတ္တမကျော် နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်ထိုးခန်း-ဆိုသော ကဝိသေနင်္ဂဗျူဟာကျမ်းမှာ ဖြစ်သည်။