ဟိုင်ဒြာကောင်
Hydra species
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Cnidaria
မျိုးပေါင်း: Hydrozoa
မျိုးစဉ်: Anthoathecata
မျိုးရင်း: Hydridae
Dana, 1846
မျိုးစု: Hydra
Linnaeus, 1758[၁]
မျိုးစိတ်[၁]

ရေချိုကန်များတွင် ဟိုင်ဒြာကောင်များကို တွေ့ရလေ့ရှိသည်။ ဆဲလ်မြောက်မြားစွာရှိသော တိရစ္ဆာန်များအနက် ဟိုင်ဒြာကောင်သည် အရှင်းဆုံး တိရစ္ဆာန်တစ်မျိုး ဖြစ်လေသည်။ အပ်ချုပ်စက်တွင် အသုံးပြုလေ့ရှိကြသော ချည်များတွင် ချည်လုံးကြီးကြီး အရွယ်ရှိသော ကိုယ်လုံးကိုယ်ထည် ရှိပြီးလျှင် တစ်လက်မ၏ လေးပုံတစ်ပုံနှင့် လက်မဝက်ခန့်ကြားအထိ ရှည်လေသည်။ ခန္ဓာကိုယ်၏ တစ်ဘက်စွန်းတွင် တုတ်များ၊ ကျောက်ခဲများနှင့် သစ်ရွက်များတွင် တွယ်ကပ်၍ နေနိုင်သော ခြေထောက်ရှိပြီးလျှင် အခြားတဘက်တွင် စမ်းလက်ဖမ်းလက်ခေါ် အမွေးကလေးများ ရှိသည်။ ထိုစမ်းလက်ဖမ်းလက်များသည် အရေအတွက်အားဖြင့် ငါးခုနှင့် ၁၂ ခုကြားတွင် ရှိလေသည်။

မိုက္ကရိုစကုပ်ဖြင့် ဟိုင်ဒြာကောင်ကို ကြည့်လျှင် ဟိုင်ဒြာကောင်သည် ယင်း၏ပုံသဏ္ဌာန်ကို အမြဲတစေ ပြောင်းလဲစေသည်ကို တွေ့ရလေသည်။ တစ်ခါတစ်ရံတွင် ဟိုင်ဒြာကောင်သည် ယင်း၏ စမ်းလက်ဖမ်းလက်များကို ဆန့်ထုတ်လိုက်သဖြင့် ချည်မျှင်သေးကလေးများနှင့်တူသည်။ တစ်ခါတစ်ရံတွင်မူ ယင်း၏ စမ်းလက် ဖမ်းလက်များကို ဆွဲယူထားသဖြင့် ဟိုင်ဒြာကောင်သည် ဥကလေးတစ်လုံးနှင်တူပြီးလျှင် အစွန်းတွင် အဖုကလေးများကို တွေ့ရသည်။ ဟိုင်ဒြာကောင်သည် ယင်း၏ ခြေထောက်ကို ကျုံ့ယူခြင်းဖြင့် တစ်ဖြည်းဖြည်း ရွေ့နိုင်သည်။ တစ်ခါတစ်ရံတွင်မူ ရေ၏မျက်နှာပြင်တွင် တီကောင်မျိုး ရွေ့ရှားသကဲ့သို့ ရွေ့ရှား၍ သွားသည်။

ဟိုင်ဒြာကောင်သည် ရေသတ္တဝါကလေးများကို မှီဝဲ စားသောက်ကာ နေထိုင်လေသည်။ ဟိုင်ဒြာကောင်၏ စမ်းလက်ဖမ်းလက်များ၌ အဆိပ်ဆဲလ်ကလေးများရှိရာ ထို ဆဲလ်ကလေးများတွင် မျှားထစ်ကလေးများနှင့် အဆိပ်မျှင်ကလေးများရှိသည်။ ထိုအဆိပ်မျှင်ကလေးများကို မှိန်းများအား ပစ်လွှတ်သကဲ့သို့ ရေသတ္တဝါ ကလေးများကို အဆိပ်မွှန်၍ မေ့သွားစေသည်။ ထိုသို့ မေ့သွားသောရေသတ္တဝါကလေးများကို စမ်းလက် ဖမ်းလက်များဖြင့် ပါးစပ်အတွင်းသို့ သယ်ဆောင်ယူလေသည်။

ဟိုင်ဒြာကောင်သည် သားဖွားရာတွင် အဖူးကလေးများထွက်ခြင်းဖြင့် မွေးဖွားလေ့ရှိကြသည်။ အမိ ဖြစ်သော ဟိုင်ဒြာကောင်၏ခန္ဓာကိုယ်ပေါ်တွင် အဖုကလေးနှင့်တူသော အဖူး ကလေးများ ထွက်လာသည်။ ထိုအဖူးကလေး ကြီးထွားလာသောအခါတွင် ယင်း၌လည်း စမ်းလက်ဖမ်းလက်များ ပေါ်ပေါက်လာပြီးလျှင် ကြီးပြင်းလာသောအခါတွင် ဟိုက်ဒြာကောင်အသစ်အဖြစ်နှင့် ခွဲထွက်ကာ သီးခြားနေထိုင်လေသည်။ သန္ဓေအောင်ပြီး ဥများမှလည်း ဟိုင်ဒြာကောင်ကလေးများ ပေါက်ဖွားတတ်သေးသည်။ ထိုဥများသည် ယာယီလိင် ဩဂင်အတွင်း၌တိုးပွား၍လာပြီးနောက် ဟိုင်ဒြာကောင်ကလေးများ ပေါက်ဖွားလာသည်။ ထို့ပြင် ဟိုင်ဒြာကောင်ကို အပိုင်းပိုင်းဖြတ်လိုက်လျှင် အစိတ်အပိုင်းတိုင်းမှ ဟိုင်ဒြာကောင်အသစ်များ ဖြစ်ပေါ်လာလေ့ ရှိသည်။ များသောအားဖြင့် ကမ္ဘာအနှံ့အပြားတွင်ရှိတတ်သော ဟိုက်ဒြာမျိုးစိတ် အနည်းငယ်သည် များများ ရှိလေ့ မရှိသည့်အပြင် ယင်းတို့ကို ရေချိုတွင်သာ တွေ့ရလေ့ရှိသည်။ ဟိုင်ဒြာသည် ဆီလင်တာရေးတီးမျိုးစုတွင် ဟိုင်ဒြီဒီမျိုးရင်း၌ ပါဝင်လေသည်။ အတွေ့ရ ပို၍များသော ဟိုင်ဒြာ မျိုးစိတ်နှစ်ခုမှာ ဟိုင်ဒြာဖတ်စကာနှင့် ဟိုဒြာဗစ်ရစ်ဒစ် အစိမ်းရောင်များဖြစ်ကြလေသည်။

ဂရိလူမျိုးတို့၏ ကိုးကွယ်မှုဗေဒအရဆိုလျှင် ဟိုင်ဒြာကောင်သည် ဦးခေါင်းခုနစ်လုံးရှိသော အလွန်ကြီးမားသည့် သတ္တဝါကြီးဖြစ်သည်။ အကယ်၍ ဦးခေါင်းတစ်လုံးကို ဖြတ်လိုက်လျှင် ထိုနေရာ၌ ချက်ချင်း ဦးခေါင်း နှစ်လုံး ပေါ်လာလေသည်။ ယင်း၏ အလယ်ဦးခေါင်းသည် မသေနိုင်ချေ။ ဟားကျူးလီးသည် အိုင်အိုလော၏ အကူအညီဖြင့် ထိုသတ္တဝါကြီးကို သတ်ပစ်လေသည်။ ဟားကျူးလီးက ဦးခေါင်းတစ်လုံးကို ဖြတ်လိုက်တိုင်းတွင် အိုင်အိုလောက လည်ပင်းကို မီးနှင့်ရှို့လိုက်လေသည်။ ယင်းတို့ နှစ်ဦးသည် မသေနိုင်သော ဦးခေါင်းကို ကျောက်တုံးတလုံးအောက်တွင် မြုပ်နှံလိုက်ကြလေသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Hydra Linnaeus, 1758World Hydrozoa database။ World Register of Marine Species (2011)။ 2011-12-20 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)