အက်ဒါ ကဗျာလင်္ကာ
အက်ဒါ ကဗျာလင်္ကာ (အင်္ဂလိပ်: Poetic Edda) သည် အမည်မသိရှေးစာဆိုများ၏ ရှေးဟောင်းနော့စ် ကဗျာများအား အမည်တပ်ထားခြင်းမရှိသည့် (ကဗျာ)အစုအဝေးတစ်ခုအတွက် ခေတ်သစ်သဘော မှတ်ယူခြင်းဖြစ်သည်။ အက်ဒါ ကဗျာလင်္ကာသည် စနော်ရီ စတားလဆန် ရေးသားသော အက်ဒါ စကားပြေနှင့် ကွာခြားသည်။ ကဗျာ (၃၁)ပုဒ်ပါဝင်သော တော်ဝင် စာအုပ် (သို့) ဘုရင့် စာအုပ် အနက်ရှိသော ကိုးဒက်ခ်စ် ရက်ဂျီးယက်စ် လက်ရေးမူစာအုပ် (Codex Regius) ဟုအသိများသော အိုက်စလန် အလယ်ခေတ် လက်ရေးမူမှ မူလအနေဖြင့်အခြေခံသော အက်ဒါ ကဗျာလင်္ကာမူအချို့ရှိသည်။[၁] ရက်ဂျီးယက်စ် လက်ရေးမူစာအုပ်သည် နော့စ်ဒဏ္ဍာရီ နှင့် ဂျာမန်နစ် သူရဲကောင်းရာဇဝင်များအပေါ် အငြင်းပွားနိုင်လောက်သည်အထိ ရှင်သန်လျက် ရှိသောအရေးပါဆုံး ရင်းမြစ်ဖြစ်သည်။ (၁၉)ရာစုအစောပိုင်းမှစတင်ကာ ယခုထိတိုင် နောက်ပိုင်းစကန်ဒီနေးဗီးယား စာပေများအပေါ် ကြီးကြီးမားမား ဩဇာညောင်းခဲ့သည်။ ထိုသို့လွှမ်းမိုးရာတွင် ဇာတ်လမ်းပုံပြင်များမှတစ်ဆင့်သာမက ကဗျာများစွာ၏ ဇာတ်လမ်းသဘော အရည်အသွေးနှင့် စိတ်ကူးကောင်းသောအားတစ်ရပ်မှတစ်ဆင့်ပါ ထိုစာပေများအပေါ် လွှမ်းမိုးနိုင်သည်ဖြစ်၏။ ရက်ဂျီးယက်စ်သည် အထူးသဖြင့် နော်ဒစ်ဘာသာစကားများရှိ ကဗျာမတြာချိုးတွင် နောက်ပိုင်းတီထွင်မှုများစွာ၏ စေ့ဆော်နိုင်သော စံပြပုံစံဖြစ်လာသည်။ တိုတိုပြတ်ပြတ်နှင့် ဖိရွတ်ရသော မတြာစည်းဝါးအစီအစဉ်၏ နမူနာများစွာကို ထောက်ပံ့ထားကာ ထိုနမူနာများတွင် နောက်ဆုံးစာလုံး(များ) ကာရံမယူသော်လည်း ထိုအစား အသံတူအစ အက္ခရာသုံးရေးဖွဲ့ခြင်းပုံစံများကို အသုံးပြုသည်ဖြစ်ရာ နိမိတ်သဏ္ဌာန်ပေါ်စေခြင်းကို နက်နက်နဲနဲအလေးထား၏။ ဤရက်ဂျီးယက်စ် လက်ရေးမူကို ကျေးဇူးတင်ဥပကာရပြုသော ကဗျာဆရာများ၌ ဗီလ်ဟိမ်း အက်ကီလွန် (Vilhelm Ekelund)၊ ဩဂတ်စ်တ် စထရင်းဘားဂ် (August Strindberg)၊ ဂျေ အာ အာ တော်ကီးန်၊ အက်ဇရာ ပေါင်း (Ezra Pound)၊ ယောချ် လူဝစ် ဘောဂျယက်စ် (Jorge Luis Borges) နှင့် ခါးရင် ဘော့ယက် (Karin Boye) တို့ပါဝင်သည်။
ရက်ဂျီးယက်စ် လက်ရေးမူစာအုပ်ကို (၁၃)ရာစုအတွင်းက ရေးသားခဲ့သော်လည်း (၁၆၄၃)အထိ ၎င်းနှင့်ပတ်သက်သော ဇာစ်မြစ်နေရာကို မသိရှိခဲ့ကြပါ။ ထိုခုနှစ်ရောက်သောအခါမှ စကားဟို့လ်ဒေသက ဘုန်းတော်ကြီး Brynjólfur Sveinsson ၏ ပိုင်ဆိုင်မှုဖြစ်လာခဲ့သည်။ ယင်းကာလတွင် အိုက်စလန်၌ အက်ဒါ မူများကို သိရှိနေကြပြီးဖြစ်သော်လည်း ပညာရှင်များကတွက်ချက်ခန့်မှန်းနိုင်သည်မှာ နော့စ်ရိုးရာဘာသာတရား ကဗျာများပါဝင်သော ရှေးပိုကျသည့် နောက်ထပ် အက်ဒါ (Elder Edda) ရှိရမည်၊ ထိုကဗျာများကို စနော်ရီက ၎င်းအက်ဒါတွင် ကိုးကားပြုထားမည်ဟူ၍ ဖြစ်သည်။ ရက်ဂျီးယက်စ် လက်ရေးမူစာအုပ် ကို ရှာဖွေတွေ့ရှိသောအခါ တွက်ချက်ခန့်မှန်းခဲ့သည်မှာ မှန်သည်ဟု ထင်ခဲ့ရသည်။ သို့ရာတွင် ခေတ်သစ်ပညာရပ်ဆိုင်ရာ သုတေသနများက အက်ဒါ(စကားပြေ)ကို မူရင်းအနေဖြင့် စတင်ရေးသားနိုင်ချေရှိပြီး အက်ဒါ နှစ်မျိုးကို တူညီသော ရင်းမြစ်တစ်ခုက ဆက်သွယ်ပေးထားသည်ဟု ဖော်ပြကြသည်။[၂]
Brynjólfur က ထိုလက်ရေးမူသည် (၁၂)ရာစုက အလွန်စိတ်ဝင်စားစရာကောင်းသော အိုက်စလန် ဘုန်းတော်ကြီး ပညာရှိ ဆန်မွန်ဒါ (Sæmundr the Learned) ၏ လက်ရာဟု ယူဆသည်။ ခေတ်သစ်ပညာရှင်များက ထိုယူဆမှန်းဆချက်ကို ပယ်ချသည်။ သို့သော်လည်း ဆန်မွန်ဒါ အက်ဒါ အမည်သည် ရက်ဂျီးယက်စ် လက်ရေးမူကိုသာမက ထိုမူကို ရင်းမြစ်အဖြစ်သုံးစွဲထားသော အက်ဒါ ကဗျာလင်္ကာမူများနှင့်ပါ ရံခါ၌ ပတ်သက်ဆက်နွယ်လျက် ရှိသည်။
ဘုန်းတော်ကြီး Brynjólfur က ရက်ဂျီးယက်စ် လက်ရေးမူစာအုပ် ကို လက်ဆောင်အဖြစ် ဒိန်းမတ်ဘုရင်ထံ ပို့ပေးခဲ့သဖြင့် ဤလက်ရေးမူသည် (လက်တင်: codex regius, lit. 'royal codex') (တော်ဝင်/ဘုရင် လက်ရေးမူ) ဟုတွင်ခဲ့သည်။ ဤစာအုပ်ကို ကိုပန်ဟေးဂန်ရှိ တော်ဝင်စာကြည့်တိုက် (Royal Library, Copenhagen) ၌ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းထားသော်လည်း (၁၉၇၁) တွင် အိုက်စလန်သို့ ပြန်လည်ပေးအပ်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ John Lindow (17 October 2002)။ Norse Mythology: A Guide to Gods, Heroes, Rituals, and Beliefs။ Oxford University Press။ pp. 11–။ ISBN 978-0-19-983969-8။
- ↑ Acker၊ Paul; Larrington၊ Carolyne (2002)၊ The Poetic Edda: Essays on Old Norse Mythology