သျှင်အဂ္ဂသမာဓိ (၈၄၁-၉၁၄)ပြင်ဆင်

စာဆိုတော် သျှင်အဂ္ဂသမာဓိကို ဒုတိယ မင်းခေါင် အင်းဝမြို့၌ နန်းစံသော သက္ကရာဇ် ၈၄၁-ခုနှစ်တွင် ဒီပဲယင်းမြို့ (ယခု တပယင်းမြို့) တောင်ဘက် ခရီးငါးတိုင်ခန့်အကွာ ကန်ဖျားရွာ ၌ ဖွားမြင်ခဲ့သည်။ ဆရာတော်မွေးဖွားသော သက္ကရာဇ်နှင့် စပ်လျဉ်း၍ အမျိုးမျိုး ဝိဝါဒကွဲပြားရာ အရပ်ရပ်ကျမ်းဂန်တို့ကို ထောက်ဆ၍ ထိုသက္ကရာဇ်ကို အတည်ပြုရေးသားရခြင်း ဖြစ်ပေသည်။


သျှင်အဂ္ဂသမာဓိ၏ ငယ်နာမည်မှာ မောင်နိုး ဖြစ်သည်။ နံတော်ကား တနင်္ဂနွေသား တည်း။ ဘွဲ့မည်ရင်းကို သျှင်အဂ္ဂသမ္ဗောဓိဟု မှည့်ခေါ်ထားသော်လည်း ပတ်ဝန်းကျင် ရဟန်းသျှင်လူ တို့က သျှင်အဂ္ဂသမာဓိဟု ခေါ်ဝေါ်လာကြရာမှ တွင်ကျယ်လာခဲ့ခြင်း ဖြစ်သည်။ သျှင်အဂ္ဂသမာဓိ၏ ခမည်းတော်ကား နတ်မောက်မြို့စားရိုး ဖြစ်သည်။ ပုဂံမှ ဆက်နွယ်လာခဲ့သည်။ ဆရာတော်၏ ဘိုးဘေးစဉ်ဆက်များသည် မှူးမတ်တို့၏ အစီးအနင်း အဆောင်အယောင်တို့ဖြင့် ခံစား၍ ကျော်ကြားခဲ့ကြသော မှူးကောင်း မတ်ကောင်းများ ဖြစ်ကြ ပေသည်။

ခမည်းတော် နတ်မောက်မြို့စားကြီးသည် တောင်တွင်းကြီးတိုက်ပွဲတွင် လက်ရုံးရည် အစွမ်းဖြင့် ချေမှုန်းသုတ်သင်နိုင်သဖြင့် ' ဘယကျော်သူ ' ဘွဲ့ဖြင့် ချီးမြှောက်ခြင်း ခံရသည်။ သံလွင်စည်၊ ရတနာစလွယ်၊ ထီး၊ ရွှေက၊ အိုးပျစ်စသော အဆောင်အယောင်များကိုလည်း အသနားတော်မြတ် ခံရသည်။ ရွှေနန်းကြော့ရှင် ဘုရင်နရပတိ လက်ထက်၌ တိုက်ပွဲတိုင်းတွင် အောင်ပွဲအဆင့်ဆင့် ဆင်နွှဲနိုင်သဖြင့် အလွန်ကျော်စော ထင်ရှားသူ ဖြစ်လေသည်။

သျှင်အဂ္ဂသမာဓိ အရှင်မြတ်သည် အထူးသဖြင့် ကဗျာလင်္ကာတို့၌ ဝါသနာထက်သန်သူ ဖြစ်၏။ ငယ်စဉ်ကပင် ကဗျာစီကုံးမှု၌ အားပြုကြိုးစားခဲ့သည်။ ဆရာတော်ကိုယ်တိုင်လည်း နေမိငရဲခန်း နိဂုံးတွင် ရှေးကလည်းပါ၊ ဝါသနာကြောင့်၊ လင်္ကာစီဖြစ်၊ နေမိဇာစ်ကို၊ ဟူ၍ မိမိ ဝါသနာရပ်ကို တင်ပြဖော်ကျူးခဲ့၏။ ကဗျာလင်္ကာကို ဆရာတော်သာ မဟုတ်။ ဆရာတော်၏ ခမည်းတော်ကြီး ဘယကျော်သူလည်း ဝါသနာပါလှသည်။ ငယ်စဉ် ရဟန်းပျိုဘဝကဆိုလျှင် မိမိရေးသားစီကုံးသော ကဗျာလင်္ကာများကို ခမည်းတော်ကြီးအား ရွတ်ဖတ်၍ ပြလေ့ရှိသည်။ ခမည်းတော်ကြီးကလည်း သားရဟန်း၏ ဂုဏ်စွမ်းကို ချီးကျူးလျက် ကြည်နူးမဆုံး ဖြစ်ခဲ့ပေသည်။

သက္ကရာဇ် ၈၈၆-ခုနှစ် ရွှေနန်းကြော့ရှင် နရပတိလက်ထက်တွင် မိုးညှင်းစလုံ၏သား သိုဟန်ဘွားနှင့် တောက်ပလူတွင် စီးချင်းတိုက်ခိုက်ရာ ဘယကျော်သူက ရဲမြတ်လှဟူသော ဆင်တော် နှင့် တိုက်ခိုက်သည်။ ထိုအခါ မိုးညှင်စလုံ၏တူ စမော်ခန်းက ဝင်ရောက်ကူညီ သောကြောင့် ဆင်ထက်မှ ကျဆုံးခဲ့ရရှာသည်။ ထို့ကြောင့် သက္ကရာဇ် ၉ဝ၄-ခုနှစ်တွင် နေမိဘုံခန်းပျို့ ကိုစပ်ဆိုပြီးသောအခါ၌ ငယ်စဉ်က အဖြစ်သနစ်တို့ကို ပြန်ပြောင်း အောက်မေ့လျက် နေမိဘုံခန်းကို မကြားနိုင်တော့ပြီဖြစ်သော ခမည်းတော်ကြီးအား တမ်းတမိကြောင်းကို -

မွေးဖခင်တည့်၊ တွေ့မြင်မျက်စိ၊ ယခုရှိ၍၊ နေမိဘုံခန်း၊ ကျမ်းထွေဆန်းကို၊ ရွှန်းရွှန်း

ထွေပြား၊ မကြားပရ၊ ဆိုတောင့်တ၏၊ ငယ်ကဖြစ်၍၊ ရှေးကျွမ်းငွေ့ကို၊ အောက်မေ့ဆဲဆဲ၊

ဝမ်းတို့ကွဲစွ၊

ညည်းညူဖွဲ့ဆိုခဲ့ရှာသည်။

သက္ကရာဇ် ၈၈၈-ခုနှစ်တွင် အင်းဝပြည်ကြီး ပျက်စီးတိမ်းယိမ်းခဲ့၏။ ထို့ကြောင့် သျှင်အဂ္ဂသမာဓိသည် မြေတူးမြို့သို့ ပြန်ကြွရောက်ခဲ့ရ၏။ ဆရာတော် မြေတူးမြို့သို့ ရောက်ရခြင်းမှာ မိုးညှင်းစလုံက အင်းဝမှ အပြန်တွင် ပင့်ဆောင်သွားပြီး မြေတူးမြို့၌ ကိုးကွယ်ထားသည်ဟုလည်း ဆိုသည်။ ကဗျတ္ထစန္ဒိကာကျမ်း၌ မိုးညှင်းစလုံနှင့် သားအဖတို့က ပင့်ဆောင်၍ ဧရာဝတီမြစ်မြောက် ဘက် တပယင်းမြို့တွင် ကိုးကွယ်သည်ဟုလည်း ဆိုပြန်သည်။

ဆရာတော်သည် မြေတူးမြို့သို့ ရောက်ရှိသည်တွင် ယွန်းပြည်မှ လောကီ လောကုတ္တရာ အဖြာဖြာနှင့် ပြည့်စုံသော ဆရာတော်တစ်ပါးနှင့် တွေ့ကြုံရသည်။ ထိုယွန်းဆရာတော်သည် သျှင် အဂ္ဂသမာဓိ၏ အရည်အချင်းကို မြတ်နိုးယုံကြည်တော်မူသဖြင့် သုဝဏ္ဏသာမဇာတ်တော်ကြီးကို လင်္ကာဖွဲ့ဆိုပါရန် တိုက်တွန်း တောင်းပန်လေသည်။ ဤသည်ကိုရည်၍ သုဝဏ္ဏသျှံသစ္စာခန်းနိဂုံး၌-

နဂိုရ်ပြည်မ၊ ရွှေအင်းဝတွင်၊ ရှေးကစာဟောင်း၊ မနာတောင်းလည်း၊ ရှားစောင်းတစ်ခွက်၊

ပျားတစ်စက်သို့၊ လိုက်ဖက်မသင့်၊ ကျင့်တင့်စကား၊ နားလည်းမဝင်၊ ရှိသည်မြင်သော်၊ ကျော် ထင်ဝန်းလည်၊ ယွန်းမင်းပြည်က၊ မည်ရည်လကောက်၊ ပူဇော်ရောက်သား၊ စွယ်ရောက်ညီစွာ၊

မြတ်ဆရာလျှင်၊ စိတ်ဖြာကြံစည်၊ ပညာရည်ကြောင့်၊ သာကြည်လှုလှု၊ တောင်းပန်ပြုသော်၊

ဟု ရေးဖွဲ့ထားလေသည်။

ထိုဆရာတော်၏ တိုက်တွန်းတောင်းပန်ချက်ဖြင့် ' မဟာပဝရ၊ ရှေးပုညဖြင့်၊ ' အစချီ သုဝဏ္ဏသျှံသူဌေးခန်းကိုလည်းကောင်း၊ ' ထိုတုံသရော်၊ တပည့်တော်တို့၊ ' အစချီ သုဝဏ္ဏသျှံလေးပစ် ခန်းကိုလည်းကောင်း၊ ' မဟာသမ္မတ၊ ဝံသနွယ်ရိုး၊ ' အစချီ သုဝဏ္ဏသျှံသစ္စာခန်းကိုလည်းကောင်း မြေတူးမြို့မှာပင် ရေးသားစီကုံးလေသည်။ ဤသို့ သုဝဏ္ဏသာမဇာတ်တော်ကြီးကို သုံးခန်းခွဲ၍ ပြုစုခဲ့ရာ စာပြီးနှစ်ကို ပြီးတုံသနစ်၊ သက္ကရာဇ်လည်း၊ ရှစ်ရာ့ရှစ်ဆယ်၊ ကိုးခုဆွယ်လျက်၊ ဟု ဖွဲ့ဆိ်ုထားသောကြောင့် ၈၈၉-ခုနှစ်တွင် ပြီးစီးကြောင်း သိရှိရလေသည်။

ဆရာတော်သည် သုဝဏ္ဏသျှံပျို့လင်္ကာကြီးကို ရေးသားရာ၌ မိမိကိုယ်ကို ဝင့်ဝါ၍ ရေးသားထားသည် မဟုတ်ပေ။ ယွန်းဆရာတော်ကြီး တောင်းပန် တိုက်တွန်းသောကြောင့်သာ ကျွမ်းကျင်သည် မဟုတ်သော်လည်း ရေးသားဖွဲ့စီပါကြောင်းဖြင့် ရွယ်နုထွားထွား၊ တပည့်သား လည်း၊ များများဖွဲ့စာ၊ မကျွမ်းပါလျက်၊ သာယာပျံ့ပျူး၊ လင်္ကာကျူးသည်၊ ဟူ၍ နှိမ့်ချ ရေးသားအပ်လေသည်။

သုဝဏ္ဏသာမဇာတ်တော် လင်္ကာများကို ရေးသားပြီးစီးချိန်ဝယ် မိုးညှင်းစလုံတို့ သား အဖသည် အင်းဝနေပြည်တော်သို့ ချီတက်တိုက်ခိုက်ကြသဖြင့် ရွှေနန်းကြော့ရှင် နရပတိ်တိ်ုက်ပွဲ ကျသောကြောင့် သိုဟန်ဘွားကို အင်းဝရွှေနန်းတွင် တင်ကာ စီရင်ဖွယ်များကို ပြုလုပ်ပြီးနောက် မြေတူးမြို့သို့ ပြန်လည်ရောက်ရှိချိန် ဖြစ်၏။ သက္ကရာဇ် ၈၈၉-ခု၊ သီတင်းကျွတ်လဆန်း သုံးရက်၊ သောကြာနေ့ နံနက်အချိန်တွင် မိုးညှင်းစလုံကြီးသည် ဇနပုဒ်တိုင်းကားမှ အမတ်ဗိုလ်ပါများနှင့် အတူ နန်းတော်ရှေ့ ရင်ပြင်တွင် လက်ဝှေ့ကျွမ်းသတ်ပွဲကို ရှုစားနေချိန် ဖြစ်လေသည်။

ထိုအချိန်တွင် မိုးညှင်းစလုံကြီးသည် ဆရာတော်၏ သုဝဏ္ဏသျှံလင်္ကာခန်းကို ကြားနာရ သဖြင့် ကြည်ညိုသဒ္ဓါ ပွားတော်မူ၏။ မင်း မိဖုရား နှစ်ပါးလုံးကပင် ဆရာတော်အား အထူးအားဖြင့် ဆည်းကပ်ကိုးကွယ်တော်မူကြသည်။ ငရဲခန်းပျို့ နိဂုံး၌လည်း-

စလုံမင်ဖျား၊ မင်းတရားလည်း၊ ဘုရားအတူ၊ မှတ်တော်မူ၏၊ ဆုယူကြင်ဖက်၊ ဘုန်းချင်း

ယှက်က၊ ချစ်သက်မြဲအောင်၊ စီးပွားဆောင်လျက်၊ ရွှေရောင်ညီးညီး၊ ကမ္ဗုထီးနှင့်၊ ဘုံသီးတစ်

ခြား၊ မိဖုရားလည်း၊ ငါးပါးဝန္ဒနာ၊ ကြည်ညိုစွာ၏၊

ဟု ရေးပြု ဖွဲ့ဆိုခဲ့၏။ ဤသို့ ကြည်ညိုလေးမြတ်တော်မူကြသဖြင့် ဆရာတော်အား ' ပိဋကတ္တယ ဝိနယဓရ ' ဟူသော ဘွဲ့ကိုလည်း ချီးမြှင့် ဆက်ကပ်ကြလေသည်။

မိုးညှင်းစလုံကြီးနှင့် မိဖုရားတို့သည် မိမိတို့အတွက် ရည်ညွှန်း၍ စာပေများကို ရေးသား ဖွဲ့ဆိုစေချင်ကြသည်။ တစ်ခါက ယွန်းဆရာတော် တောင်းပန်သောကြောင့် ပျို့အခန်းခန်းကို ရေးစပ်ခဲ့သည်။ ယခု ဒကာအရင်းများအတွက်ကိုမူ စာပေတတ်ပွန်ပါလျက် မဖွဲ့စီရကောင်းလားဟု မျက်ကွယ်၌ ဆရာတော်အား အပြစ်တင်သကဲ့သို့ ပြောကြားကြ၏။ ထို့ကြောင့် ဆရာတော်သည် စလုံကြီးအား ရည်ရွယ်၍ တစ်ကြောင်း၊ ဝါသနာအရပင် ဖွဲ့နွဲ့လိုသည်က တစ်ကြောင်း၊ ရဟန်းသျှင်လူတို့ ကြားနာစိမ့်သောငှာ တစ်ကြောင်းကြောင့် နေမိဇာတ်တော်ကြီးကို ရေးသား ဖွဲ့ဆိုတော်မူလေသည်။ ထို့ကြောင့်ပင် နေမိငရဲခန်းပျို့ နိဂုံး၌လည်း-

ရောင်ဝါဝင်းဝင်း၊ လင်းလင်းဝေးနီး၊ ညီးရရီးသား၊ ဇနီးမကွေ၊ မင်းနှစ်ဆွေတို့၊ ဆို

လေအရာ၊ နာလိုစွာလျက်၊ ဆရာကြည်ညွတ်၊ စာပေတတ်က၊ မြတ်ထွတ်ဘိသည်၊ ပုဂ္ဂိုလ် ရည်လျက်၊ ဘယ်မည်စာပေ၊ မဖွဲ့လေဟု၊ မချေနှုတ်နက်၊ ငေါ်တငက်တည့်၊ သံမျက်မချို၊ မျက်လျှင်လိုသို့၊ တို့ကိုကွယ်ပြင်၊ အပြစ်တင်လည်း၊ သျှင်သျှင်လူလူ၊ နာစိမ့်ဟူ၍၊ လွယ်ကူမရ၊

ဖြစ်ဖူးလှသား၊ ရှေးကလည်းပါ၊ ဝါသနာကြောင့်၊ လင်္ကာစီဖြစ်၊ နေမိဇာစ်ကို၊

ဟူ၍ ဖွင့်ဆို လှစ်ပြတော်မူခဲ့သည်။

သို့ရာတွင် မိုးညှင်းစလုံကြီးသည် ဆရာတော်၏ နေမိဇာတ်တော်ပျို့များကို ကြားနာ၍ မသွားရရှာပေ။ သက္ကရာဇ် ၈၉၄-ခုနှစ်တွင် စလုံကြီးသည် အင်းဝသို့ စုန်၍ သားသိုဟန်ဘွားကို ခေါ်ပြီးလျှင် ပြည်မြို့သို့ သွားရောက်တိုက်ပွဲဆင်လေသည်။ ပြည်မြို့မှ အပြန်တွင် သိုဟန်ဘွားကို အင်းဝ၌ ထားခဲ့၍ မိုညှင်းသို့ ဆန်တက်ခဲ့၏။ မြေတူးမြို့အလွန်တွင် အတွင်းရှမ်း၊ အပြင်ရှမ်းတို့ အချင်းများရာမှ ကျွန်အမတ်တို့ လုပ်ကြံသဖြင့် စလုံကြီး အနိစ္စရောက်ရသည်။ ဆရာတော်၏ နေမိငရဲခန်းပျို့မှာကား သက္ကရာဇ် ၉ဝဝ-ပြည့်ရောက်မှ အဆုံးသတ် ပြီးစီးခဲ့သည်။ ထို့ကြောင့် စလုံမင်းမှာ ဆရာတော်၏ စေတနာအတုံ့ကိုမျှ ခံယူမသွားရရှာပေ။

ခမည်းတော်စလုံမင်း မရှိသည့်နောက် သားသိုဟန်ဘွားမင်းသည် စိတ်ထင်တိုင်း ပြုကျင့် ၍ မြန်မာ့လက်နက်နိုင်ငံ အင်းဝ ပုဂံစသည်တို့ကို ဖျက်ဆီးပစ်လေသည်။ ဤသို့ ခေတ်ဆိုးကာလဆိုး နှင့် ကြုံကြိုက်နေရသဖြင့် ဆရာတော်သျှင်အဂ္ဂသမာဓိသည် အလွန်ပင် စိတ်ပျက်ရှာပေသည်။ မိမိရေးသား စပ်ဆိုထားသော စာများမှာလည်း ကျော်ကြားနိုင်ခြင်း မရှိခဲ့။ ခေတ်ကာလ ပျက်စီး နေသဖြင့် ဘုရားဟော စာပေကျမ်းဂန်တို့ကိုလည်း ကောင်းမွန်စွာ ပို့ချရခြင်း မရှိပေ။ ဘုမသိ ဘမသိ အမြင်မှား အယူမှား ဖြစ်နေသော ကံထူးပြည်တွင် ပတ္တမြားကိုပင် ဆန်ခြင်သော ခွက်ဖလား လောက်သာ အဖိုးထားသကဲ့သို့ အကောင်းအဆိုးကို မခွဲခြားတတ်သော ခေတ်ကြီးနှင့် ကြုံကြိုက် နေရလေသည်။ အကယ်၍ ရစ်ပတ်ချည်နှောင်ထားသော ကြိုးသာ ဖြစ်ဘိမူ ဓားဖြင့် လွှားလွှားစဉ် အောင် ဖြတ်ချင်မိတော့သည်။ ဤကြိမ်းဝါးချက်ကို အောက်ပါအတိုင်း ရေးသွင်း ဖွဲ့ဆိုခဲ့သည်။

ရွှေပြည်အင်းဝ၊ ပုဂံစသား၊ မြန်မာ့လက်နက်၊ ပျက်သောအခါ၊ ကြိုက်ဘိပါ၍၊ ငါ့စာ

မကျော်၊ ငါတုံသော်လည်း၊ ရှင်တော်ဟောရွတ်၊ ပိဋကတ်ကို၊ နှုတ်မှတ်ခံနား၊ တပည့်သားအား၊ တည်ကြားနိစ္စ၊ မသင်ရတည့်၊ ဘုဘမသိ၊ ဒိဋ္ဌိဝင်ကျုံး၊ နှလုံးယွင်းဖီ၊ ကံထူးပြည်ဝယ်။ မွန်ရည် ကောင်းဖျား၊ ပတ္တမြားကို၊ ဖလားဆန်ခွက်၊ အဖိုးတွက်သို့၊ နှိုင်းချက်လေဟန်၊ တို့ရှင်မွန်လည်း၊

လွန်ရှာစနိုး၊ ကာလဆိုးကို၊ ကျိုးတပြီးကား၊ သံရှင်ဓားဖြင့်၊ လွှားလွှားစဉ်ကျ၊ ဖြတ်ချင်လှ၏၊

ဆရာတော်သည် ပြည်ထဲရေး မငြိမ်သက်မှုကြောင့် စိတ်မချမ်းမြေ့သော်လည်း ဝါသနာ အရ ကဗျာလင်္ကာ ဖွဲ့စီသီကုံးရင်းဖြင့် ဖြေသိမ့်တော်မူခဲ့သည်။ နောင်အခါတွင် မိမိမွေးဖွားရာ နယ်မြေဖြစ်သော ဒီပဲယင်းမြို့သို့ ပြန်ကြွရောက်၍ တပည့်စာသင်သားတို့အား စာပေပို့သ နေတော်မူ ခဲ့၏။ ထိုအချိန်တွင် နေမိဘုံခန်းကြီးကို စပ်ဆိုတော်မူရာ သက္ကရာဇ် ၉ဝ၄-ခုနှစ်၊ တပေါင်းလတွင် ပြီးစီးခဲ့လေသည်။

ဤသို့ဖြင့် ဆရာတော်သည် အင်းဝမြို့တွင် စည်သူကျော်ထင် နန်းတက်ပြီးနောက် တစ်နှစ်အကြာ သက္ကရာဇ် ၉၁၄-ခုနှစ်တွင် သက်တော် ၇၃-နှစ် အရွယ်၌ ပျံလွန်တော်မူခဲ့လေသည်။ ဆရာတော်ပြုစုခဲ့သော စာများမှာ သုဝဏ္ဏသျှံသူဌေးခန်းပျို့၊ သုဝဏ္ဏသျှံ မြားမှန်ခန်းပျို့၊ သုဝဏ္ဏသျှံ သစ္စာခန်းပျို့၊ ထိုသုံးစောင်မှာ ၈၈၉-ခုအတွင်း ပြီးသည်။ နေမိနိက္ခမခန်းပျို့(၈၉၇)၊ နေမိငရဲခန်းပျို့(၉ဝဝ)၊ နေမိဘုံခန်းပျို့ (၉ဝ၄) တို့ ဖြစ်ပေသည်။ [၁]

ရှင်အဂ္ဂသမာဓိ (မြန်မာ ၈၄၁-၉၁၄)ပြင်ဆင်

ဘုံခန်းလည်မြှောက်လွန်းသည်၊ ငရဲခန်းလည်း ချောက်လွန်းသည်။ ဟု ဆိုထုံးဖြစ်လာအောင် ပေါ်လွင်စွာရေးသားစပ်ဆိုနိုင်သော ပုဂ္ဂိုလ် ကျော်ကား ရှင်အဂ္ဂသမာဓိပင်ဖြစ်၏။ ငယ်မည်ကား မောင်နိုး ဖြစ်သည်။ (စာဆိုအကျော် ရှင်တေဇောသာရနှင့် ခေတ်ပြိုင် တည်း။) သက္ကရာဇ် ၈၄၁ ခုနှစ်တွင် ဒီပဲယင်းမြို့ အရှေ့ တောင်ဘက် ခရီးငါးရာတွင်းကွာ ကန်ဖျားရွာတွင် ဖွားမြင် သည်။ အဖကား နတ်မောက်မြို့စား၏သား ဘယကျော်သူ အမတ်ဖြစ်သည်။ ငယ်စဉ်မှပင် ရဟန်း ဘောင်သို့ဝင်ရောက်၍ စာပေကျမ်းဂန်များကို သင်ကြားတတ်မြောက်ခဲ့၏။ အင်းဝပြည် ကြီး ရှမ်းမင်းလက်ထက်တွင် ပျက်စီးယိုယွင်းသောအခါ မြေတူး မြို့သို့ ပြောင်းရွှေ့သီတင်းသုံးတော်မူ၏။ တေဇောသာရ၊ ရှင်

မြေတူးမြို့၌ သက္ကရာဇ် ၈၈၉ ခုနှစ်တွင် သုဝဏ္ဏသျှံ သူဌေးခန်း၊ လေးပစ်ခန်း၊ သစ္စာခန်းများကို ရေးသား၏။ ဇာတ် တော်ကြီးဆယ်ဘွဲ့လာ သုဝဏ္ဏသာမဝတ္ထုကို အလင်္ကာတန်ဆာ ဆင်၍ ရေးသည့်ပျို့များ ဖြစ်သည်။ တိုင်းပြည်ယိုယွင်းပျက်စီး၍ စိတ်မချမ်းမြေ့နေသော စာဆိုအရှင်သည် ထိုသုဝဏ္ဏသာမပျို့ကို ရေးရာ၌ အလွမ်းဘက်ကိုယိုင်၍ အသားပေးအမွှမ်းတင်ကာ ရေးခဲ့၏။ ဇာတ်တော်ကြီးများကို စကားပြေဖြင့် ရေးသားသော မင်းဘူးဆရာတော် ဦးဩဘာသသည်ပင် ရှင်အဂ္ဂသမာဓိထက် ပိုလွန်ကောင်းမွန်စွာ ဖွဲ့ဆိုနိုင်ရန် ခဲယဉ်း၍လောမသိ သုဝဏ္ဏ သာမဇာတ်တော်ကို မရေးသားဘဲချန်ခဲ့လေသည်။ သက္ကရာဇ် ၉ဝဝ ပြည့်နှစ်တွင် ရှင်အဂ္ဂသမာဓိသည် နေမိငရဲခန်းပျို့ကို ရေးသား၍၊ ၉ဝ၄ ခုနှစ်တွင် ဘုံခန်းကိုဆက်ရေးလေသည်။ ဘုံခန်းသည် ရောမကဗျာဆရာကြီး ဒန်တီ၏ ဒီဗိုင်းကော်မဒီနှင့် အတန်ပင်တူ၏။

သက္ကရာဇ် ၉ဝ၇ ခုနှစ်တွင် မဂ္ဃဇိုဝ်းခန်းပျို့ကို ရေးသား သည်။ စာဆိုအရှင်သည် သစ်ပင်၊ ရေ၊ မြေ၊ တောတောင် စသော ဩကာသလောကကြီးကို လွမ်းဖွယ်၊ဆွေးဖွယ်ဖြစ်အောင် နိုင်နင်းစွာ ဖွဲ့ဆိုနိုင်ခဲ့၏။ ပျို့ကဗျာဖွဲ့ရာ၌ ပါဠိစကားကိုမသုံးပဲ မြန်မာစကားသက်သက်နှင့် စံတင်လောက်သည့် လင်္ကာမျိုး ဖြစ် အောင် ပြုစုခဲ့လေသည်။ ရှင်အဂ္ဂသမာဓိသည် သက်တော် ၇၃ နှစ်အရ သက္ကရာဇ် ၉၁၄ ခုနှစ်တွင် ပျံလွန်တော်မူလေသည်။ [၂]

ပြုစုခဲ့သည့် စာပေများပြင်ဆင်

၁။ သုဝဏ္ဏသျှံသဌေးခန်းပျို့၊

၂။ သုဝဏ္ဏသျှံမြားပစ်ခန်းပျို့၊

၃။ သုဝဏ္ဏသျှံသစ္စာခန်းပျို့၊

၄။ နေမိမဂ္ဃဇိုးခန်းပျို့၊

၅။ နေမိငရဲခန်းပျို့၊

၆။ နေမိဘုံခန်းပျို့။[၃]

ကိုးကားပြင်ဆင်

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  3. လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၉။

ဆက်လက်လေ့လာရန်ပြင်ဆင်

(၁) နေမိဘုံခန်းပျို့ နိဒါန်းမှ သျှင်အဂသ္ဂ မာဓိ အတ္ထုပ္ပတ္တိ၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာညွန့်ပေါင်းကျမ်း-ပထမတွဲ၊ မြန်မာစာပေသမိုင်း၊ ပိဋကတ်သမိုင်းစာတမ်း၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း၊