အင်နားရှား (အင်္ဂလိပ်: inertia) ဆိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းတစ်ခု၏ အလျင်ပြောင်းလဲမှုကို ခုခံဆန့်ကျင်ခြင်းဖြစ်သည်။ ခုခံခြင်းတွင် အရာဝတ္ထုတို့၏ အမြန်ကို ပြောင်းလဲခြင်းများ (သို့) ရွေ့လျားခြင်း၏လားရာကို ပြောင်းလဲခြင်းများပါဝင်သည်။ အင်နားရှားကို "နေမြဲအခြေ" ဟု ခေါ်ဆိုနိုင်သည်။[၁]

အင်နားရှားဂုဏ်သတ္တိ၏ လက္ခဏာတစ်ရပ်မှာ အားတစ်ခု အရာဝတ္ထုအပေါ်သို့ သက်ရောက်မှုမရှိသောအခါ ထိုအရာဝတ္ထုသည် ကိန်းသေအလျင်ဖြင့် မျဉ်းဖြောင့်အတိုင်း ရွေးလျားနေစေလိုမှုဖြစ်၏ ။

အင်္ဂလိပ်စကားလုံး Inertia သည် လက်တင်စကားလုံး iners မှ ဆင်းသက်လာပြီး မလှုပ်မရှားသော၊ လေးလံနှေးကွေးသော ဟု အနက်ရသည်။ ရုပ်ဝတ္ထုစနစ်များ၏ ပမာဏပြ ဂုဏ်သတ္တိတစ်ခုဖြစ်သော ဒြပ်ထု၏ သရုပ်များစွာအနက် တစ်ခုမှာ အင်နားရှားပင်ဖြစ်လေသည်။ အိုက်ဇက် နယူတန်က အင်နားရှားကို အားတစ်ရပ်အဖြစ် ယခုကဲ့သို့ ဖွင့်ဆိုခဲ့သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက် ၃: ဒြပ်ထု၏ မူလရှိသော'အား' ဆိုသည်မှာ ခုခံစွမ်းအားတစ်ခုဖြစ်၍ ထိုစွမ်းအားဖြင့် အရာဝတ္ထုတိုင်းသည် ရပ်နေသည်ဖြစ်စေ မျဉ်းဖြောင့်အတိုင်း တစ်သမတ်တည်း ရွေ့လျားနေသည်ဖြစ်စေ ၎င်းတို့၏ လက်ရှိ အနေအထားကို ခုခံစွမ်းအားတည်ရှိနေသမျှ ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုဖြစ်သည်။[၂]

အခြား အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ပြီးနောက် နယူတန်သည် ၎င်း၏ ရွေ့လျားမှုဆိုင်ရာ ပထမနိယာမကို ဖွင့်ဆိုခဲ့သည်။

ပထမ နိယာမ:အရာဝတ္ထုတိုင်းသည် ၎င်းတို့အပေါ်သို့ သက်ရောက်သော အားများက ၎င်းတို့၏အခြေအနေကို ပြောင်းလဲစေမှုမရှိလျှင် ရပ်မြဲအရာတို့က ရပ်ရန် ကြိုးပမ်းကြသည်။ တစ်သမတ်တည်း ရွေ့မြဲအရာတို့က ထိုသို့ရွေ့ရန် ကြိုးပမ်းကြသည်။

ဤ၌ နယူတန်က မူရင်းစာသားအဖြစ် "ကြိုးပမ်း" (to persevere) ဆိုသည့် ပုဒ်ကို သုံးစွဲထားသည်မှာ သတိပြုမှတ်သားဖွယ်ဖြစ်၏ ။ ယနေ့ခေတ် ပြဋ္ဌာန်းစာအုပ်များတွင် တွေ့ရသော "ရှိမြဲဖြစ်မည်" (သို့) "တည်မြဲလျက်ရှိနေမည်" (to continue or to remain) စသည့်ပုဒ်များသည် နယူတန်၏ မူရင်းမက္ကင်းနစ်ပညာရပ်(စကားလုံးများ)ကို အွိုင်လာ၊ ဒါလမ်ဘဲ တို့ကဲ့သို့သော ပုဂ္ဂိုလ်များက ပြင်ဆင်မှု အချို့ပြုလုပ်ထားခြင်းဖြစ်သည်။

ပုံမှန်အသုံးဖြင့် အင်နားရှား ဝေါဟာရသည် "အရာဝတ္ထုတစ်ခု၏ အလျင်ပြောင်းလဲမှုကို ဆန့်ကျင်ခုခံသည့်ပမာဏ" (သို့) ပို၍ ရှင်းလင်းစွာဆိုရလျှင် "ရွေ့လျား ပြောင်းလဲမှုကို ဆန့်ကျင်ခုခံခြင်း"ဖြစ်သည်။ (အင်နားရှားနှင့် ဒြပ်ထုတို့သည် တစ်ခုအပေါ်တစ်ခု မူတည်ကြရာ ဒြပ်ထုကြီးလျှင် အင်နားရှားများ၍ ဒြပ်ထုငယ်လျှင် အင်နားရှား နည်းသည်။) ရံခါတွင် အခြေအနေအဆက်အစပ်ပေါ်မူတည်၍ အင်နားရှားသည် (ဝတ္ထု)အဟုန်ကို ဆန့်ကျင်ခြင်းဟုလည်း ဆိုနိုင်သည်။

ကမ္ဘာမြေပေါ်တွင် အင်နားရှားကို အများအားဖြင့် ဖုံးကွယ်တတ်သည်မှာ ကမ္ဘာမြေဆွဲအား၊ ပွတ်အားနှင့် လေခုခံအားတို့၏ အကျိုးသက်ရောက်မှု တို့ဖြစ်ကြ၍ ကမ္ဘာဆွဲအားနှင့် ထိုအကျိုးသက်ရောက်မှုတို့သည် ရွေ့လျားနေသော အရာဝတ္ထုတို့၏ အလျင်ကို လျော့ပါးကျဆင်းစေသည် (ပုံမှန်အားဖြင့် ရပ်တန့်သွားစေသည်အထိကျဆင်းစေသည်) ။ ဤသို့ဖြစ်ခြင်းကြောင့်ပင် အရစ္စတိုတယ်က အရာဝတ္ထုများအပေါ် အားများသက်ရောက်နေမှသာလျှင် အရာဝတ္ထုတို့သည် ရွေ့လိမ့်မည်ဟု မှားယွင်းစွာ ယူဆခဲ့မိသည်။[၃][၄]

အင်နားရှား နိယာမသည် ဂန္ထဝင်ရူပဗေဒ ဘာသာရပ်၏ အခြေခံသဘောတရားများထဲက တစ်ခုဖြစ်ကာ အရာဝတ္ထုတို့၏ ရွေ့လျားခြင်းအားများသက်ရောက်သောအခါ အရာဝတ္ထုတို့အပေါ် အကျိုးသက်ရောက်မှုရှိပုံတို့ကို ဖော်ပြရာ၌ ယနေ့ခေတ်အထိပင် သုံးစွဲနေသော သဘောတရားဖြစ်ပေသည်။

ကိုးကား ပြင်ဆင်ရန်

  1. အထက်တန်းကျောင်းသုံး ရူပဗေဒ၊ ဦးညွန့်တင်၊ စာ-၇၂
  2. Andrew Motte's English translation:Newton၊ Isaac (1846)၊ Newton's Principia : the mathematical principles of natural philosophy (3rd edition)၊ New York: Daniel Adee၊ p. 73
  3. Aristotle: Minor works (1936)၊ Mechanical Problems (Mechanica)University of Chicago Library: Loeb Classical Library Cambridge (Mass.) and London၊ p. 407၊ ...it [a body] stops when the force which is pushing the travelling object has no longer power to push it along...
  4. Pages 2 to 4, Section 1.1, "Skating", Chapter 1, "Things that Move", Louis Bloomfield, Professor of Physics at the University of Virginia, How Everything Works: Making Physics Out of the Ordinary, John Wiley & Sons (2007), hardcover, ISBN 978-0-471-74817-5