လန်ဒန်မြို့မှ အင်္ဂလန်ဘဏ်သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် ဘဏ်တကာတို့၏ ဗဟိုဘဏ်တိုက်ချုပ်ဖြစ်သည်။ ယင်းသည် လန်ဒန်မြို့အလယ် သရက်နီဒဲလမ်း (Threadneedle Street)ပေါ် တွင်တည်ရှိ၍ အလွန်စည်ကားသောလမ်းလေးခွကို မျက်နှာမူလျက်ရှိသည်။ နယ်များတွင် အင်္ဂလန်ဘဏ်၏ဘဏ်ခွဲ ခြောက်ခုရှိသည်။

အင်္ဂလန်ဘဏ်
လိုဂို
လိုဂို
ဌာနချုပ်သရက်နီဒဲလမ်း၊ လန်ဒန်မြို့အင်္ဂလန်နိုင်ငံ
ကိုဩဒိနိတ်51°30′51″N 0°05′18″W / 51.51406°N 0.08839°W / 51.51406; -0.08839
ဖွဲ့စည်းတည်ထောင်ခြင်း၂၇ ဇူလိုင်၊ ၁၆၉၄
GovernorMark Carney
နိုင်ငံယူနိုက်တက်ကင်းဒမ်း
ငွေကြေးပေါင်စတာလင်
GBP (ISO 4217)
အရန်ငွေကြေး£၄၀၃,၀၀၃,၀၀၀,၀၀၀[၁]
Reserve requirementsမရှိ
ချေးငွေအတိုးနှုန်း၀.၅%[၂]
Interest rate target၀.၅%
စုငွေအတိုးနှုန်း၀.၅%
Interest paid on excess reserves?Yes, since Quantitative easing began in 2009
ဝက်ဘ်ဆိုဒ်bankofengland.co.uk
ဌာနချုပ်

အင်္ဂလန်ဘဏ်ကို ၁၆၉၄ ခုနှစ်တွင် စကော့လူမျိုး ဝီလျံပက်တာဆန်ဆိုသူက စတင်တည်တောင်ခဲ့သည်။ တတိယ ဝီလျံ(ဝီလျံ-အော့-အောရိန်း) ဘုရင်လက်ထက်ပြင်သစ်နှင့် စစ်ဖြစ်ကြရာ စစ်ရန်ပုံငွေအတွက် အခက်အခဲပေါ်လာခဲ့သည်။ ထိုအခါ ၁၆၉၃ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ရန်ပုံငွေရရှိရေး နည်းလမ်းများရှာဖွေရန် ဖွဲ့စည်းလျက်ရှိသော အောက်လွှတ်တော်ဆိုင်ရာ ကော်မတီတစ်ခု၏ ရှေ့မှောက်၌ ပက်တာဆန်သည် စစ်ရန်ပုံငွေ မည်သို့ရှာကြံရန် အကြံပေးခဲ့သည်။ သူ၏အကြံပေးချက်မှာ တစ်နှစ်လျှင် အတိုးခြောက်ရာခိုင်နှုန်းဖြင့် အုပ်ချုပ်စီမံရသည့်အတွက် စရိတ်စကများပါဝင်စေလျက် နိုင်ငံတော်သို့ အမြဲတစေ စတာလင်ပေါင်ပေါင်း ၁ဝဝဝဝဝဝ ချေးငှားထားရန် ဖြစ်သည်။ ထိုကိစ္စကို အခြေအတင်ဆွေးနွေးပြီးနောက် သူ့စီမံကိန်း ၏ အခြေခံသဘောတရားများကိုလက်ခံကာ ၁၆၉၄ ခုနှစ်တွင် နည်လမ်းအက်ဥပဒေဖြင့် အင်္ဂလန်ဘဏ်ကို တည်ထောင်ရန် ခွင့်ပြုလိုက်လေသည်။

၁၈၃၃ ခုနှစ်အထိ လန်ဒန်မြို့တွင် အင်္ဂလန်ဘဏ်တစ်ခုသာ အစုစပ်ဘဏ်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည်။ ၁၈၄၄ ခုနှစ်တွင် ဘဏ်ချာတာအက်ဥပဒေ ပေါ်ထွက်လာသောအခါ အင်္ဂလန်ဘဏ်သည် အင်္ဂလန်နိုင်ငံဘဏ်များ၏ ဗဟိုဘဏ်အဖြစ်သို့ တရားဝင်ရောက်ရှိလာသည်။ ယင်းသို့ဖြင့် အစိုးရ၏ ဘဏ်လုပ်ငန်းရှင်ဘဝသို့ ရောက်ရှိခဲ့ရာ အင်္ဂလန်နှင့် ဝေလနိုင်ငံသုံး ငွေစက္ကူများထုတ်ဝေရသည့် တစ်ခုတည်းသောဘဏ် ဖြစ်လာသည်။ ၁၉၂၈ ခုနှစ် ငွေစက္ကူနှင့်ဘဏ်စာချုပ် အက်ဥပဒေအရ အစိုးရနှစ်တိုငွေချေးစာချုပ်များ ထုတ်ဝေခြင်းကို အင်္ဂလန်ဘဏ်အား လုပ်ကိုင်ရန်လွှဲအပ်ပေးလိုက်သည်။ သာမန်အစုစပ် ဘဏ်များ၏ ဘဏ်လုပ်ငန်းရှင်အဖြစ်ဖြင့်လည်း ဆောင်ရွက်လာရသည်။

အစိုးရနှင့်အခြားဘဏ်များ၏ ဘဏ်လုပ်ငန်းရှင်အဖြစ် ဆောင်ရွက်ရသည့်အချိန်မှစ၍ အင်္ဂလန်ဘဏ်တွင် ဘဏ်ချင်း စာရင်းရှင်းရန် လက်ကျန်ရှင်းတမ်းကြီးများထားရသည်။ ၁၈၄၄ ခုနှစ် အက်ဥပဒေအရ အင်္ဂလန်ဘဏ်၏လုပ်ငန်းကို အဓိကအားဖြင့် နှစ်ရပ်ခွဲနိုင်သည်။ ဘဏ်လုပ်ငန်းနှင့်ငွေကြေး ဖြန့်ဖြူး ထုတ်ဝေရေး လုပ်ငန်းဟူ၍ဖြစ်သည်။

ဘဏ်လုပ်ငန်းဆိုသည်မှာ အစုစပ်ကဏ္ဍ (ရင်းဖက်/စုဖက်ဘဏ်) အဖြစ် သာမန်လုပ်ငန်းမျိုး အားလုံးလိုလိုကို လုပ်ကိုင်ပေးခြင်းအပြင် နိုင်ငံတော်အကြွေးကို စီမံဆောင်ရွက်ခြင်း ဖြစ်သည်။ ငွေကြေးဖြန့်ဖြူးထုတ်ဝေရေးလုပ်ငန်း ဆိုသည်မှာ သီးသန့်ရွှေကို ထိန်းသိမ်းခြင်းနှင့် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်း ဖြစ်သည်။ အင်္ဂလန်ဘဏ်သည် အင်္ဂလန်နိုင်ငံ၏ ငွေစက္ကူ ထုတ်ဝေဖြန့်ဖြူးသည့် တစ်ခုတည်းသောဘဏ်ဖြစ်သည်။ ဘုရင့် ဒင်္ဂါးစက်ရုံမှတစ်ဆင့် ဒင်္ဂါးများကို ခတ်နှိပ်ထုတ်ဝေသည်။

၁၉၃၇ ခုနှစ်တွင် နီကယ်နှင့်ကြေးဝါရောသော သုံးပဲနိပြားသစ်များ ခတ်နှိပ်ထုတ်ဝေခဲ့သည်။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းတွင် ငွေသတ္တုဖြင့် ဒင်္ဂါးများ ခတ်နှိပ်ခြင်းမပြုတော့ဘဲ နစ်ကယ်ဖြင့်သာ အစားထိုးခတ်နှိပ် ထုတ်ဝေခဲ့လေသည်။ အင်္ဂလန်ဘဏ်သည် နိုင်ငံတော်အကြွေးကိစ္စအားလုံးကို စီမံခန့်ခွဲလျက်ရှိရာတွင် သီးခြားစတော့ရုံးကိုလည်း ဖွင့်လှစ်ထားရှိကာ စတော့ပိုင်ရှင်များ၏ စာရင်းကိုပြုလုပ်၍ ရသင့်ရထိုက်သော အတိုးများကိုလည်း ထုတ်ပေးသည်။ ရှေးယခင်က ဘဏ် နှုန်းပြောင်းလဲမှုများအရ လည်းကောင်း၊ များမကြာမီက ကာကွယ်ရေး(ဘဏ္ဍာတော်)စည်းမျဉ်းဥပဒေများဖြင့် ပေးအပ်သောအာဏာများနှင့် စစ်ပြီးခေတ် ငွေကြေးလဲလှယ်မှု ကြီးကြပ် ရေး အက်ဥပဒေများအရလည်းကောင်း အင်္ဂလန်ဘဏ်သည် အခြားနိုင်ငံများမှ ငွေကြေးတန်ဖိုးနှင့်နှိုင်းယှဉ်၍ ဗြိတိသျှငွေကြေး တန်ဖိုးကို ထိန်းသိမ်းကာကွယ်ရန် တာဝန်ရှိလာခဲ့သည်မှာ ကာလကြာပေပြီ။ ထို့ကြောင့် အင်္ဂလန်ဘဏ်သည် အပြည်ပြည်ဆိုင်ရာငွေကြေး ကိစ္စများနှင့် လန်ဒန်မြို့ နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်၌ အရေးပါအရာရောက်သောအပိုင်းမှ ပါဝင်လျက်ရှိနေခြင်း ဖြစ်သည်။

အင်္ဂလန်ဘဏ်၏အုပ်ချုပ်စီမံမှုကို ၁၉၄၆ ခုနှစ်မှစ၍ အစိုးရက သိမ်းပိုက်လိုက်သည်။ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာလူကြီးများပါဝင်သော ဘဏ်ဒါရိုက်တာများအဖွဲ့ကို နိုင်ငံတော်အစိုးရက ရွေးချယ်ခန့်အပ်သည်။

၁၇၃၄ ခုနှစ်မှစတင်၍ အင်္ဂလန်ဘဏ်သည် သရက်နီဒဲလမ်းတွင်တည်ရှိခဲ့ရာ နှစ်ပေါင်းကြာညောင်းခဲ့ပြီး ဖြစ်သဖြင့် သရက်နီဒဲလမ်း၏အမယ်အို ဟူသောအမည်ပင် ရလျက်ရှိလေသည်။ ၁၉၂၈ ခုနှစ်တွင် ဘဏ်အဆောက်အဦကို ပြန်လည် တည်ဆောက်သည်။ ဗိသုကာကျော်ကြီး ဆာဂျွန်ဆုန်းရေးဆွဲခဲ့သော အဆောက်အဦပုံစံတွင် ရှေ့မျက်နှာစာ၏ ထည်ဝါခန့်ညားသော အလှကဖြည့်စွက်လိုက်သဖြင့် အင်္ဂလန်ဘဏ်အဆောက်အဦကြီးမှာ အထူးပင်ခမ်းနားတင့်တယ်လာပေသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Bank of England (6 June 2013)။ Bank of England Annual Report 2013Bank of England | Publications။ 25 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2013 တွင် ပြန်စစ်ပြီး။
  2. Bank of England maintains Bank Rate at 0.5% and the size of the Asset Purchase Programme at £375 billion (1 August 2013)။ 8 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2015 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)