အင်္ဂလိပ်စာပေ (အင်္ဂလိပ်: English Literature) ဆိုသည်မှာ အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ ရေးသားသော စာများဖြစ်သည်။ အင်္ဂလန်နိုင်ငံမှသာမက စကော့တလန်ဝေလအိုင်ယာလန်အမေရိကန်ပြည်ထောင်စု အပါအဝင် ယခင်ဗြိတိသျှအင်ပါယာအဖွဲ့ဝင်နိုင်ငံများ၊ အခြားဗြိတိသျှလက်အောက်ခံနိုင်ငံများမှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာများအားလုံးပါဝင်သည်။

ဘိုးဝုဖ် ကဗျာလင်္ကာရှည်မှ ပထမဆုံး စာမျက်နှာ

အင်္ဂလိပ်ဘာသာစကားဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၁,၄၀၀ ကျော်ရှိပြီဖြစ်၏ ။[၁] အန်ဂလို-ဖရှီးရှန် (Anglo-Frisian)[မှတ်စု ၁] ဒေသယိစကားများမှ အခွဲဖြစ်သော အစောဆုံး အင်္ဂလိပ်ဘာသာစကားပုံစံများကို ဂရိတ်ဗြိတိန်ကျွန်းဆီသို့ အန်ဂလို-ဆက်ဆန် ကျူးကျော်သူများက အေဒီ ငါးရာစုတွင် ယူဆောင်လာခဲ့ကြသည်။ ဤပုံစံကိုပင် ရှေးဟောင်းအင်္ဂလိပ်စာ (Old English) ဟူ၍ ခေါ်ဆိုကြသည်။ ဘေးယာဝုဖ် (Beowulf) စာပေသည် ရှေးဟောင်းအင်္ဂလိပ်စာဖြင့်ရေးသားထားသမျှ၌ အကျော်ကြားဆုံး လက်ရာတစ်ခုဖြစ်ပြီး ကဗျာကို စကန်ဒီနေးဗီးယား၌ အခြေတည်၍ ဖွဲ့ဆိုသီကုံးထားသော်လည်း အင်္ဂလန်နိုင်ငံတွင် အမျိုးသားအဆင့် မော်ကွန်းဝင်သော ကဗျာလင်္ကာရှည်တစ်ခုလည်းဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အင်္ဂလန်ကို နော်မန်လူမျိုးများ ၁၀၆၆ ၌ သိမ်းပိုက်ခဲ့ပြီးနောက် အန်ဂလို-ဆက်ဆန် ဘာသာစကား၏ အရေးအသားသည် လျော့နည်းလာခဲ့၏ ။ ထို၌ အသစ်ဖြစ်လာသော အထက်တန်းလွှာတို့၏ လွှမ်းမိုးမှုများကြောင့် ပြင်သစ်ဘာသာစကား သည် ရုံးကနား၊ လွှတ်တော်နှင့် ယဉ်ကျေးသောလူမှုအဖွဲ့အစည်းတို့၏ စံစကားဖြစ်လာခဲ့လေသည်။[၃] နော်မန်များရောက်လာပြီးနောက် ဖြစ်ပေါ်ခဲ့သော အင်္ဂလိပ်ဘာသာစကားကို အလယ်ခေတ်အင်္ဂလိပ်ဘာသာစကား (Middle English) ဟူ၍ ခေါ်ဆိုသည်။

ဤအလယ်ခေတ်ပုံစံဖြင့် ၁၄၇၀ နှစ်များအထိ တည်တန့်ခဲ့သည်။ အထက်တန်းရုံးကနားစံနှုန်း (အလယ်ခေတ်နှောင်းအင်္ဂလိပ်ဘာသာစကား) သည် လန်ဒန်မြို့ကို အခြေပြု၍ ဖြစ်ပေါ်လာသော အင်္ဂလိပ်စာဖြစ်ကာ နေရာအနှံ့သို့ ပျံ့နှံ့ခဲ့သည်။ ၁၃၅၃-၁၄၀၀ ခန့်က စာရေးဆရာ ဂျက်ဖရီ ချော်စာ သည် အင်္ဂလန်၌ ပြင်သစ်၊ လက်တင်စာများ သိသိသာသာလွှမ်းမိုးနေစဉ်ကာလများ၌ ဒေသသုံး အလယ်ခေတ်အင်္ဂလိပ်စာကို တရားဝင် ဖြစ်ပေါ်တိုးတက်စေခဲ့သော အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်၏ ။ ပုံနှိပ်စက်များကို ယိုဟားနက်စ် ဂူတန်ဘာ့ဂ် (Johannes Gutenberg) က ၁၄၃၉ တွင် တီထွင်ဖန်တီးနိုင်ခဲ့ခြင်းက အလယ်ခေတ်အင်္ဂလိပ်စာကို စံစနစ်ဖြစ်စေရန် ကူညီထောက်ပံ့မှုဖြစ်စေခဲ့၏ ။ အခြားသော အထောက်အပံ့နှစ်ခုမှာ ဂျိမ်းစ်ဘုရင် (James VI and I ) က ခရစ်ယာန်သမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုစေခဲ့ခြင်း (၁၆၁၁) နှင့်[၄] အင်္ဂလိပ်စကားသံမှ သရသံ ကြီးမားစွာပြောင်းလဲခြင်း အရွေ့တစ်ခုတို့ ဖြစ်ကြသည်။[၅]

ဝီလျံ ရှိတ်စပီးယား

ကဗျာဆရာ၊ ပြဇာတ်ဆရာ ဝီလျံ ရှိတ်စပီးယားကို အင်္ဂလိပ်ဘာသာစကားတွင် အကြီးကျယ်ဆုံး စာရေးဆရာဟူ၍ ကျယ်ပြန့်စွာ လက်ခံထားကာ ကမ္ဘာ့ပြဇာတ်လောကတွင်လည်း ကဝိတစ်ဆူအဖြစ် အသိအမှတ်ပြုကြသည်။[၆][၇][၈] ၎င်း၏ ပြဇာတ်များသည် လက်ရှိ ရှင်သန်နေသော အဓိကဘာသာစကားများအားလုံးသို့ ဘာသာပြန်ဆိုခြင်းခံရကာ အခြားပြဇာတ်ဆရာများအားလုံးထက်ပင် ရှိတ်စပီးယားပြဇာတ်များကို ဖြေဖျော်တင်ဆင်မှု ပို၍များပြားပေသည်။[၉] ၁၉ ရာစု၌ ဆာ ဝေါလ်တာ စကော့၏ သမိုင်းနောက်ခံ ဝတ္ထုများသည် ဥရောပတစ်ခွင်ရှိ ပန်းချီဆရာ၊ ဂီတစာဆို၊ စာရေးသူများအပေါ် စိတ်စေစားလှုံ့ဆော်နိုင်ခဲ့သည်။[၁၀]

၁၆ ရာစုနှောင်ပိုင်းနှင့် ၁၈ ရာစု အစောပိုင်းတို့တွင် ဗြိတိသျှအင်ပါယာ ပေါ်ထွန်းလာမှုနှင့်အတူ အင်္ဂလိပ်ဘာသာစကားသည်လည်း ကမ္ဘာအနှံ့သို့ ဖြန့်ကြက်ပျံ့နှံ့ရောက်ရှိသွားခဲ့ရာ ၎င်းတို့အထွန်းတောက်ဆုံးအချိန်တွင် အကြီးမားဆုံး နေမဝင်အင်ပါယာတစ်ခုဖြစ်လာခဲ့သည်။[၁၁] ၁၉၁၃ ခန့်တွင် ဗြိတိသျှအင်ပါယာသည် လူသန်းပေါင်း (၁၄၂) သန့်ခန့်ကို အုပ်စိုးထားနိုင်ခဲ့၍ ယင်းအချိန်၌ ကမ္ဘာ့လုဦးရေ၏ ၂၃% ရှိသည်။[၁၂] ၁၉-၂၀ ရာစုအတောအတွင်းဗြိတိသျှကိုလိုနီများနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဝိသေသဟန်ပါသော စာပေများကို အင်္ဂလိပ်ဘာသာဖြင့် စတင် ရေးဖွဲ့ ဖြန်ချိခဲ့ကြလေသည်။ လွန်ခဲ့သော နှစ်ရာကျော်ကာလအတွင်း ဂရိတ်ဗြိတိန်၊ အိုင်ယာလန်နှင့် အမေရိကန်နှင့် ယခင်ကိုလိုနီဒေသနိုင်ငံများက မြောက်များစွာသော စာရေးဆရာများသည် အခြားသော ဘာသာစကားများထက် အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားဖွဲ့နွဲ့သော လက်ရာများဖြင့် နိုဘဲလ်ဆုများကို ရရှိနိုင်ခဲ့ကြပြီဖြစ်သည်။

မှတ်စုပြင်ဆင်

  1. Frisian သည် ဂျာမန်နစ်နွယ် ဘာသာစကားတစ်ခုဖြစ်၍ အင်္ဂလိပ်၊ ဒတ်ချ်ဘာသာစကားများနှင့် နီးကပ်မှုရှိကာ ယခုအခါ၌ ဤဘာသာစကားပြောသူဦးရေ လေးသိန်းပင် မပြည့်တော့ပေ။ ဖရီးဇီယန်၊ ဖရီးရှန်၊ ဖရစ်ရှန် ဟူ၍ အနီးစပ်ဆုံး အသံထွက်နိုင်သည်။ "ရှန်" ကိုထွက်ရ၌ Leisure မှ "ရှား" ကဲ့သို့ သံပြင်းဖြင့် ထွက်ရှိရသည်။[၂]

ကိုးကားပြင်ဆင်

  1. How the English Language has evolved through history။ Manchester University။
  2. Oxford English Dictionary
  3. Baugh, Albert and Cable, Thomas. 2002. The History of the English Language. Upper Saddle River, New Jersey: Prentice Hall. pp. 79–81.
  4. "And now at last, ... it being brought unto such a conclusion, as that we have great hope that the Church of England (sic) shall reape good fruit thereby ..." Bible (King James Version, 1611)/Epistle Dedicatorie
  5. "How English evolved into a global language"၊ BBC News၊ BBC၊ 20 December 2010။ 
  6. Greenblatt 2005, p. 11.
  7. Bevington 2002, pp. 1–3.
  8. Wells 1997, p. 399.
  9. Craig 2003, p. 3.
  10. The Oxford Companion to English Literature, p. 890.
  11. Ferguson 2004b.
  12. Maddison 2001, p. 97: "The total population of the Empire was 412 million [in 1913]"; Maddison 2001, pp. 241: "[World population in 1913 (in thousands):] 1 791 020".