ဝန်ကြီးဆိုသည်မှာ ဝန်ကြီးဌာနတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ဝန်ကြီးဌာနများကို ဦးဆောင်သည့် ပုဂ္ဂိုလ်ဖြစ်သည်။[၁]ဝန်ကြီးသည် သက်ဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ရန် ချမှတ်လေ့ရှိပြီး အခြားသော ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းရေး ညွှန်ကြားရလေ့ရှိသည်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်လည်း ဖြစ်သည်။

အချို့တိုင်းပြည်များတွင် အစိုးရအဖွဲ့အကြီးအကဲများသည်လည်း ဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူလေ့ရှိသည်။ဥပမာ- ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အစိုးရအဖွဲ့အကြီးအကဲအဖြစ် ဝန်ကြီးချုပ်ရာထူးနှင့် ကာကွယ်ရေးဝန်ကြီးရာထူး ပူးတွဲထမ်းဆောင်ဖူးသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့၏ ပူးတွဲခေါင်းဆောင်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအပြင် နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီးများအဖြစ်ပါ တာဝန်ယူခဲ့သည်။

ဝန်ကြီးအမည်ဖြင့်မဟုတ်ဘဲ ဝန်ကြီးအဆင့်ရှိသော ရာထူးများလည်းရှိသေးသည်။ဥပမာ- ရှေ့နေချုပ်ရာထူးသည် ဝန်ကြီးအဆင့်ရှိပြီး အစိုးရအဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗဟိုအစိုးရအဖွဲ့ဝန်ကြီးများကို ပြည်ထောင်စုဝန်ကြီးဟု အသုံးပြုပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများကို ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရဝန်ကြီးဟု အသုံးပြုသည်။

အင်္ဂလိပ်အသုံးအနှုန်း ပြင်ဆင်ရန်

ဝန်ကြီးကို များသောအားဖြင့် Minister ဟု သုံးစွဲကြသည်။ ဖိလစ်ပိုင်၊ အမေရိကန်၊ ဗြိတိန် စသည့်နိုင်ငံအချို့တွင် secretary (secretaries) ဟုသုံးစွဲသည်။ဥပမာ- ဗြိတိန်တွင် ပြည်ထဲရေးဝန်ကြီးကို Home Secretary ဟူ၍လည်းကောင်း၊ အမေရိကန်နိုင်ငံတွင် Secretary of State ဟူ၍လည်းကောင်း သုံးစွဲကြသည်။

ဝန်ကြီးအမျိုးအစားများ ပြင်ဆင်ရန်

ဝန်ကြီးဌာနများနှင့် ဝန်ကြီးများသည် နိုင်ငံအလိုက်၊ အခြေအနေအလိုက် စသည်ဖြင့် အမျိုးမျိုးကွဲပြားသော်လည်း နိုင်ငံများအကြား ယေဘူယျအားဖြင့် တူညီသော ဝန်ကြီးဌာနနှင့် ဝန်ကြီးများရှိသည်။၎င်းတို့မှာ

  • စိုက်ပျိုးရေးဝန်ကြီး
  • စီးပွားရေးဝန်ကြီး
  • ဆက်သွယ်ရေးဝန်ကြီး
  • ယဉ်ကျေးမှုဝန်ကြီး
  • ကာကွယ်ရေးဝန်ကြီး
  • လျှပ်စစ်ဝန်ကြီး
  • ပြည်ထဲရေးဝန်ကြီး
  • ပညာရေးဝန်ကြီး
  • စွမ်းအင်ဝန်ကြီး
  • သဘာဝပတ်ဝန်းကျင်ဝန်ကြီး
  • ဘဏ္ဍာရေးဝန်ကြီး
  • နိုင်ငံခြားရေးဝန်ကြီး
  • ကျန်းမာရေးဝန်ကြီး
  • စက်မှုဝန်ကြီး
  • တရားရေးဝန်ကြီး
  • အလုပ်သမားဝန်ကြီး
  • အားကစားဝန်ကြီး
  • ခရီးသွားလာရေးဝန်ကြီး

စသည်ဖြင့်ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. MinisterOxford Dictionary။ 26 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။