အသံဖလှယ်ခြင်း
အသံဖလှယ်ခြင်း(transcription)ကို ဘာသာဗေဒအားဖြင့် အဓိပ္ပါယ်ဖွင့်မည်ဆိုလျှင် ဘာသာစကားတစ်ခုကို အရေးအသားပုံစံနှင့် စနစ်တကျ ကိုယ်စားပြု ဖေါ်ပြခြင်းဖြစ်သည်။ ဖေါ်ပြခြင်းခံရသော ဘာသာစကား၏ ရင်းမြစ်သည် စကားပြောခြင်း (မိန့်ခွန်း သို့မဟုတ် လက်ဟန်ပြဘာသာစကား) သို့မဟုတ်၊ အခြားအရေးအသားစနစ်တွင် ရှိပြီးသားစာသား ဖြစ်နိုင်သည်။
အသံဖလှယ်ခြင်းကို ဘာသာပြန်မှု(translation)နှင့် မရောနှောသင့်ပါ။ ဘာသာပြန်မှုဆိုသည်မှာ ဘာသာပြန်သည့်ဘာသာစကားတွင် ရင်းမြစ်ဘာသာစကားစာသား၏အဓိပ္ပာယ် ကို ကိုယ်စားပြုဖေါ်ပြခြင်း (ဥပမာ - လော့စ်အိန်ဂျယ်လိစ်မြို့ကို ကောင်းကင်တမန်များမြို့ ဟုခေါ်ခြင်း)ဖြစ်သည်။ ထို့အပြင် အသံဖလှယ်ခြင်းကို ဘာသာစကားတစ်ခုမှနောက်တစ်ခုသို့ အက္ခရာဖလှယ်ခြင်း(transliteration) (ဥပမာ - ဂရိအက္ခရာ ⟨α⟩ ကို အင်္ဂလိပ်အက္ခရာ ⟨a⟩ သို့ ပြောင်းခြင်း)နှင့်လည်း မရောနှောသင့်ပါ။
အသံဖလှယ်ခြင်းသည် ဘာသာဗေဒ ပညာရေးနယ်ပယ်အောက်တွင်ရှိသော သဒ္ဒဗေဒ(phonetics)၊ စကားပြောဆိုမှု ခွဲခြမ်းစိတ်ဖြာခြင်း( conversation analysis)၊ ဒေသိယစကားလေ့လာမှု(dialectology) နှင့် လူမှုဘာသာဗေဒ(Sociolinguistics) စသည့်နယ်ပယ်ခွဲတို့၌ အသုံးပြုသော နည်းစနစ်များတွင် မရှိမဖြစ်ပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် ၎င်းသည် မိန့်ခွန်းနည်းပညာ၏ နယ်ပယ်ခွဲအငယ် အတော်များများအတွက်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါ၀င်သည်။ ဤဆောင်းပါးသည် ဘာသာဗေဒ(linguistics)ဆိုင်ရာ အသံဖလှယ်ခြင်းကိုသာ ရှင်းပြမည်ဖြစ်သည်။
အသံထွက်သဒ္ဒဗေဒအခြေခံနှင့် အရေးစနစ်ကိုအခြေခံ အသံဖလှယ်ခြင်းနှစ်မျိုး
ခြုံငုံပြီးပြောလျှင် အသံဖလှယ်ခြင်းနည်းလမ်း ၂ ခုရှိသည်။ အသံထွက်သဒ္ဒဗေဒနည်းသည် ပြောသောဘာသာစကား၏ အသံထွက်နှင့် သက်ဆိုင်ရာ ဂုဏ်သတ္တိများကို အဓိကထားလေ့လာသည်။ အသံထွက်သဒ္ဒဗေဒနည်းဖြင့် အသံဖလှယ်ခြင်း(phonetic transcription)စနစ်များတွင် အသံထွက်တစ်လုံးချင်းကို အရေးအသား သင်္ကေတသို့မဟုတ်အက္ခရာတွဲများ အနေဖြင့် (အသံအတိုင်း၊ ဥပမာ အင်္ဂလိပ် title ကို IPA /ˈtaɪtəl/ အဖြစ်ဖေါ်ပြခြင်း) ပြောင်းလဲဖေါ်ပြသည့် စည်းမျဉ်းများကို ထောက်ပံ့ပြသလေ့ရှိသည်။ အရေးစနစ်ကိုအခြေခံ အသံဖလှယ်ခြင်း(orthographic transcription)စနစ်တွင် အပြောစကားကို စာအရေးအသားအဖြစ်သို့ ဘာသာစကား၏ ရေးထုံးနည်းလမ်းများ(orthography)အတိုင်း ပြောင်းလဲဖေါ်ပြသည့် စည်းမျဉ်းများ (ဥပမာ၊ ဂရိ Aristotélēs ကို အင်္ဂလိပ် Aristotle သို့ပြောင်းလဲခြင်း) ပါဝင်ပါသည်။ အသံထွက်သဒ္ဒဗေဒနည်းဖြင့် အသံဖလှယ်ခြင်း၌ အထူးသတ်မှတ်ထားသောအက္ခရာအစုံများ၊ များသောအားဖြင့် အပြည်ပြည်ဆိုင်ရာ အသံထွက်အက္ခရာ(International Phonetic Alphabet - IPA) များကို သုံးကာ အသံထွက်ကို ဖေါ်ပြလေ့ရှိပါသည်။
မည်သည့်အသံဖလှယ်ခြင်းအမျိုးအစားကို ရွေးချယ်သည်ဆိုသည့်အချက်မှာ အများအားဖြင့် မည်သည့်သုတေသနကို ဦးတည်ကာသွားနေသည်ဆိုသည့် အပေါ်မူတည်သည်။ အသံထွက်သဒ္ဒဗေဒနည်းဖြင့် အသံဖလှယ်ခြင်းနည်းလမ်းသည် ဘာသာစကား၏ အသံထွက် သဘာဝကို အဓိကအရေးပေးသောကြောင့်၊ သဒ္ဒဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း သုတေသနတွင် အများဆုံး အသုံးကျပါသည်။ တစ်ခြားတစ်ဖက်တွင်လည်း အရေးစနစ်ကိုအခြေခံ အသံဖလှယ်ခြင်း၌ (ရည်ရွယ်သည့် ဘာသာစကားနှင့် ရေးထုံးများအပေါ်မူတည်ပြီး) ဝေါဟာရနှင့် စကားလုံးဖွဲ့စည်းပုံ အစိတ်အပိုင်းတို့သည် အသံထွက်နှင့်အတူ ပါဝင်ပတ်သက်နေတတ်ပါသည်။ ထိုကြောင့် ဤစနစ်သည် အပြောစကား၏ အဓိပ္ပါယ်နှင့် ပတ်သက်သော ရှုထောင့်မှ သုတေသနပြုမည်ဆိုလျှင် သုံးရန် ပိုပြီးအဆင်ပြေပါသည်။ အသံထွက်သဒ္ဒဗေဒနည်းဖြင့် အသံဖလှယ်ခြင်းနည်းလမ်းသည် သိပ္ပံနည်းကျသဘောအရ သိသိသာသာ ပိုမိုစနစ်ကျသည်၊ သို့သော် ၎င်းသည် လေ့လာရန်ခက်ခဲသည်၊ မှန်ကန်သောအသံဖလှယ်ခြင်းကို ရယူရန် အချိန်ပိုကြာပြီး၊ ရရှိလာသော အသံဖလှယ်စကားလုံးကို အသုံးပြုနိုင်သော ဧရိယာမှာ အရေးစနစ်ကိုအခြေခံ အသံဖလှယ်ခြင်းကြောင့် ရရှိသောစကားလုံးနှင့်ယှဉ်လျှင် ပိုမိုနည်းပါးသည်။