၁၁။ အား ၂-မျိုးမှာ ဆင်ခြင်ခြင်းအား = ပဋိသင်္ခါနဗလ၊ ပွားများခြင်းအား=ဘာဝနာဗလတို့ ဖြစ်သည်၊ ထိုအား ၂-မျိုးတွင် ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခု၏ အကျိုးသည် မျက်မှောက်တမလွန်၌ ယုတ်ညံ့ဆိုးဝါးသည်ဟု အချို့သူများ ဆင်ခြင်ကာ ပြစ်မူ ၃-ခုကိုပယ်၍ ကိုယ် နှုတ် စိတ် ကောင်းမှု ၃-ခုကို ပွားများသည်၊ သီလက္ခန္ဓ စသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာစောင့်ရှောက်သည်၊ ဤကား ပဋိသင်္ခါနဗလ မည်သည်။

သေက္ခပုဂ္ဂိုလ်တို့၏အားသည် ဘာဝနာဗလမည်သည်၊ ထိုအားကိုစွဲ၍ ရာဂ ဒေါသ မောဟကို ပယ်စွန့်နိုင်ရကား အကုသိုလ်မပြု၊ မကောင်းမှု မမှီဝဲတော့ပါ၊ ဤကား ဘာဝနာ ဗလမည်သည်။

၁၂။ နောက်သုတ်များ၌ ပဋိသင်္ခါနဗလကို အတူဟော၍ ဘာဝနာ ဗလကိုသာ ဒုတိယသုတ်၌ ဗောဇ္ဈင် ၇-ပါး၊ တတိယသုတ်၌ ဈာန် ၄-ပါးကို ဟောသည်။

၁၄။ အကျဉ်းအားဖြင့် တရားဟောခြင်း၊ အကျယ်အားဖြင့် တရားဟောခြင်းဟု ဘုရား တရားဟောပုံ ၂-မျိုးတွင် မာတိကာမျှ ပြဟောလျှင် အကျဉ်း၊ မာတိကာကို အကျယ်ထောက်ဟောလျှင် အကျယ်ဟောခြင်းမည်သည်၊ မာတိကာ မထားစေကာမူ အကျယ်ထောက်ဟောသမျှ ဝိတ္ထာရဒေသနာပင်တည်း။

အကျဉ်းအားဖြင့်ကား ပညာမြင့်သူ၊ အကျယ်ကား ပညာသူတို့ဖို့ဖြစ်သည်၊ ပုဂ္ဂိုလ် ၄-ဦးတွင် အကျဉ်းကား ဥဂ္ဃဋိတညူပုဂ္ဂိုလ်၊ အကျယ်ကား ကြွင်းပုဂ္ဂိုလ် ၃-ဦးတို့ဖိုတည်း။

၁၅။ အဓိကရုဏ်းတစ်ခု၌ အာပတ်သင့်သော ရဟန်းနှင့် စောဒနာသော ရဟန်းသည် မိမိကိုယ်မိမိ မဆင်ခြင်လျှင် အငြင်းပွားမှု ရှည်ကြာ၍ နှုတ်ကြမ်း ကိုယ်ကြမ်းဖြစ်မည်၊ ရဟန်းများလည်း ချမ်းသာစွာနေရမည်မဟုတ်၊ ၂-ဦးလုံးဆင်ခြင်မှ အငြင်းပွားမှုအချိန် တိုခြင်းစသော အကျိုးများရမည်။

အာပတ်သင့်သော ရဟန်း ဆင်ခြင်ပုံ

ပြင်ဆင်ရန်

ကိုယ်မှုဆိုင်ရာ အာပတ်တစ်ခုသင့်သော ငါ့ကို ထိုရဟန်းမြင်သည် မသင်လျင်မမြင်ရာ၊ မြင်သောကြောင့်သာ မကျေနပ်၍ မကျေနပ် သော စကားကို ထိုရဟန်းဆိုသည်။ အဆိုခံရသော ငါသည် မကျေနပ်၍ သူတစ်ပါးကို ပြောကြားသည်။ ထို့ကြောင့် ဤအကြောင်း၌ အခွန်မဆောင်ပဲ ကင်းရှောင်သူသို့အပြစ် ကျရောက်သလို ငါသို့သာအပြစ် ကျရောက်သည်ဟု ဆင်ခြင်သည်။

စောဒနာသော ရဟန်းဆင်ခြင်ပုံ

ပြင်ဆင်ရန်

ကိုယ်မှုဆိုင်ရာ အာပတ်တစ်ခုသင့်သော ဤရဟန်းကို ငါမြင်သည်၊ မသင့်လျှင် မမြင်ရာ၊ မြင်သောကြောင့်သာ မကျေနပ်၍ မကျေနပ်သော စကားကို ငါဆိုမိသည်၊ အဆိုခံရသော ဤရဟန်းသည် မကျေနပ်၍ သူတစ်ပါးကို ပြောကြားသည်၊ ထို့ကြောင့် ဤအကြောင်း၌ အခွန်မဆောင်ပဲ ကင်းရှောင်သူသို့ အပြစ်ကျရောက်သလို ငါသို့သာ အပြစ်ကျရောက်သည်ဟု ဆင်ခြင်သည်၊ ရဟန်း ၂-ဦးလုံး အသီးသီး ဆင်ခြင်၍ အငြင်းပွားမှု အချိန်တိုမည်၊ နှုတ်ကြမ်း ကိုယ်ကြမ်း ဖြစ်မည်မဟုတ်၊ ရဟန်းများလည်း ချမ်းသာစွာနေရမည်။

အဓိကရုဏ်း ၄-မျိုး

ပြင်ဆင်ရန်

ဝိဝါဒ၊ အနုဝါဒ၊ အာပတ္တိ၊ ကိစ္စာဓိကရုဏ်းဟု ၄-မျိုးရှိသည်၊ သံဃာ၌ ဝိဝါဒါဓိကရုဏ်းဖြစ်နေလျှင် ပရိယတ္တိသင်ကြားခြင်း၊ ပဋိပတ္တိအားထုတ်ခြင်းများ လစ်ဟင်း၍ သမာဓိပျက်၊ တရားထူးများမတွေ့နိုင်၊ သံဃာများ ဆင်းရဲကြရသည်။

၁၆။ ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်အား သတ္တဝါသေပြီးနောက် ငရဲနှင့်နတ်ပြည်သို့ ရောက်ခြင်း၏ အကြောင်းကို မေးလျှောက်ရာ မတရား မမျှတသောအကျင့်ကြောင့် ငရဲရောက်၍ တရားမျှတသော အကျင့်ကြောင့် နတ်ပြည် ရောက်သည်ဟုမိန့်။ ပုဏ္ဏား သရဏဂုံတည်။

ပုစ္ဆာ ၂-မျိုး

ပြင်ဆင်ရန်

အဘယ်သည် ကုသိုလ် အကုသိုလ်ပါနည်း၊ အမေးကား အဂါရိက ပုစ္ဆာလူများဆိုင်ရာ အမေးဖြစ်၍ ခန္ဓာ ၅-ပါး စသော အမေးကား အနဂါရိကပုစ္ဆာ = ရဟန်းတော်များဆိုင်ရာ အမေးဖြစ်သည်၊ ငရဲနှင့် နတ်ပြည်ရောက်ကြောင်း ပုဏ္ဏားမေးသည်မှာ အဂါရိကပုစ္ဆာဖြစ်သည်။

အကျင့် ၂-မျိုး

ပြင်ဆင်ရန်

အကုသိုလ်ကမ္မပထ တရား ၁၀-ပါးသည် မတရား မမျှတသော အကျင့်ဖြစ်၍ ကုသိုလ်ကမ္မပထတရား ၁၀-ပါးသည် တရားမျှတသော အကျင့်ဖြစ်သည်။

သရဏဂုံဆိုင်ရာမှတ်ဖွယ်

ပြင်ဆင်ရန်

ဆင်းရဲဖျောက် ချမ်းသာရောက်စေနိုင်သော ရတနာ ၃-ပါးသည် သရဏ၊ ရတနာ ၃-ပါးကို ကြည်ညိုလေးစား အားထားသော စိတ္တုပ္ပာဒ်သည် သရဏဂုံ၊ ထိုစိတ်ရှိသူသည် သရဏဂုံတည်သူ မည်သည်၊ သရဏဂုံအပြား ၂-ပါးတွင် အရိယာတို့၏ မဂ်ခဏ၌ နိဗ္ဗာန်အာရုံပြု၍ ရတနာ ၃-ပါး၌ ကိစ္စပြည့်စုံခြင်းသည် လောကုတ္တရာ သရဏဂုံမည်၍ ပုထုဇဉ်များ၏ ညစ်ညူးကြောင်းပယ်ကာ ရတနာ ၃-ပါးလျှင် အာရုံပြု၍ ပြည့်စုံခြင်းသည် လောကီသရဏဂုံမည်သည်။

သရဏဂုံတည်ပုံ ၄-မျိုး

ပြင်ဆင်ရန်

ရတနာ ၃-ပါးအား မိမိကိုယ်ကို စွန့်လွှတ်ခြင်းသည် အတ္တသန္နီယျာတန၊ ရတနာ ၃-ပါးလျှင် လည်းလျောင်းရာရှိသူ၏ အဖြစ်သည် တပ္ပရာယနတာ၊ ရတနာ ၃-ပါး၏ တပည့်အဖြစ် ကပ်ရောက်ခြင်းသည် သိဿဘာဝူပဂမန၊ ရတနာ ၃-ပါးတို့၌ အလွန်နှိမ်ချ တုပ်ဝပ်ခြင်းသည် ပဏိပါတ မည်သည်။

ပဏိပါတ ၄-မျိုး

ပြင်ဆင်ရန်

ဉာတိ၊ ဘယ၊ အာစရိယ၊ ဒက္ခိဏေယျဟု ၄-မျိုးရှိရာ “ဘုရားရှင်ကား လောက၌ အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်ဖြစ်သည်” ဟု ဒက္ခိဏေယျ အနေဖြင့် ရှိခိုးခြင်းသာ သရဏဂုံဖြစ်သည်။

ငါတို့ဆွေမျိုးဘုရားဟု ဆွေမျိုးဖြစ်ခြင်း-ဉာတိ၊ ရှိမခိုးလျှင် အကျိုးမဲ့ ပြုချင်ပြုမည် ဟု ကြောက်ခြင်း ဘယ၊ ဘုရားလောင်းဘဝက အတတ်ပညာ၊ ဘုရားဖြစ်ပြီးလည်း အဆုံးအမ ပေးသော ဆရာဖြစ်သည်ဟု ဆရာဖြစ်ခြင်း အာစရိယအနေဖြင့်ရှိခိုးလျှင် သရဏဂုံ မဖြစ်ပါ။

သရဏဂုံပျက်မပျက်

ပြင်ဆင်ရန်

သရဏဂုံတည်ပြီးသူသည် သာသနာပ တိတ္ထိကို ဆွေမျိုးဖြစ်၍၊ မင်းကိုကြောက်၍၊ အတတ်သင်ပေးသူကို ဆရာဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မပျက်၊ အမြတ် အနေအားဖြင့် ရှိခိုးမှသာ ပျက်သည်။

သရဏဂုံကျိုး

ပြင်ဆင်ရန်

လောကုတ္တရာ သရဏဂုံ၏ မုချကျိုး ဖိုလ် ၄-ပါး၊ အာနိသင်ကျိုးမှာ ဒုက္ခအားလုံးကုန်ခြင်း၊ သစ္စာသိမြင်ခြင်း၊ သင်္ခါရကို နိစ္စ သုခ စသည် မယူဆခြင်း၊ ပဉ္စာနန္တရိယကံ မလွန်ကျူးခြင်းစသည်တို့တည်း။

လောကီသရဏဂုံ၏ မုချကျိုးကား ဘဝသမ္ပဒါ၊ ဘောဂသမ္ပဒါတို့နှင့် အပါယ်မကျ ခြင်းစသည်တို့တည်း။ နတ် ၈-သောင်းနှင့်ရောက်လာသော သိကြားမင်းအား ရှင်မဟာမောဂ္ဂလာန်က “သရဏဂုံတည်ခဲ့သော နတ်ကား အခြားနတ်များကို နတ်၌ဖြစ်သော အာယု ဝဏ္ဏ သုခ ယသ အဓိပတေယျ ရူပ သဒ္ဒ ဂန္ဓ ရသ ဗောဋ္ဌဗ္ဗ ၁၀-ဌာန သာလွန်ကြောင်း မိန့်သည်။ ဝေလာမသုတ် စသည်တို့နှင့် စပ်၍လည်း သရဏဂုံ အကျိုးထူး သိအပ်သည်။

ညစ်ညူးကြောင်းများ

ပြင်ဆင်ရန်

လောကီသရဏဂုံအတွက် မသိမှု၊ သံသယရှိမှု၊ အမြင်မှားမှု စသည်တို့ကြောင့် ညစ်ညူးတတ်၍ အာနုဘော်မကြီးမားနိုင်၊ လောကုတ္တရာ သရဏဂုကား ညစ်ညူးကြောင်း မရှိပါ၊ လောကီ သရဏဂုံသည် အပြစ်ရှိ, မရှိ ၂-ပါးပြား၍ လောကုတ္တရာသရဏဂုံကား အပြားမရှိပါ၊ အရိယာသည် ဘဝပြောင်းသော်မှ တိတ္ထိများကို ဆရာမညွှန်းတော့ပေ။

ဥပါသကဆိုင်ရာ မှတ်ဖွယ်

ပြင်ဆင်ရန်

ရတနာ ၃-ပါးဆည်းကပ်သူလူသည် ဥပါသက ဆည်းကပ်တတ်သောကြောင့် ဥပါသက၊ ၅-ပါး သီလသည် ဥပါသကသီလ၊ လက်နက်၊ သတ္တဝါ၊ အသား၊ အရက်၊ အဆိပ် ဤ ၅-ပါး ကုန်သွယ်မှုကို ရှောင်၍ တရားမျှတစွာ အသက်မွေးခြင်းသည် အာဇီဝ၊ သီလ-အာဇီဝ ၂-ပါးပျက်လျှင် ဝိပတ္တိ၊ သီလ-အာဇီဝ ၂-ပါး ပြည့်စုံလျှင် သမ္ပတ္တိမည်သည်။

သတ္တိဖြစ်အောင် သဒ္ဓါရှိခြင်း၊ သီလရှိခြင်း ́(ကောကုဟလ)ကို မင်္ဂလာဟု မယူဆခြင်း၊ ကံကိုသာ ယုံ၍ မင်္ဂလာကို မယုံခြင်း၊ သာသနာပ၌ အလှူခံကို မရှာပဲ ဤသာသနာ၌သာ ကျေးဇူးပြုခြင်း၊ ဤ ၅-ပါး ပြည့်စုံရသည်၊ ပြည့်စုံလျှင် ရတနာ ကြာပဒုမ္မာ ကြာပုဏ္ဏရိုက်နှင့်တူသော ဥပါသကဖြစ်၍ အပြန်အားဖြင့် ဝိပတ္တိဖြစ်လျှင် ဒွန်းစဏ္ဍား အညစ်အကြေး စက်ဆုပ်ဖွယ် ဥပါသက ဖြစ်သည်။

၁၇။ ဇာဏုဿောဏိ မည်သော ပုဏ္ဏားသည် ဘုရားထံတော်ရောက်လာပြီး သတ္တဝါများ သေပြီးနောက် ငရဲသို့ ရောက်ရကြောင်းများကို မေးလျောက်ရာ ပြုခြင်းကြောင့် လည်းကောင်း၊ မပြုခြင်းကြောင့်လည်းကောင်း ရောက်ရသည်ဟု ဘုရားရှင် ဖြေတော်မူလိုက်သည်၊ နတ်ပြည်ရောက်ကြောင်း ဒုတိယအမေးကိုလည်း ပြုခြင်းကြောင့်လည်းကောင်း၊ မပြုခြင်းကြောင့်လည်းကောင်း ရောက်ရသည်ဟုပင် ဖြေတော်မူရာ အဓိပ္ပာယ် မသိသဖြင့် အကျယ်ဟောတော်မူပါဟု ထပ်လျှောက်သည်။

ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခုကိုသာပြု၍ ကောင်းမှု ၃-ခုကို မပြုသော အချို့သတ္တဝါတို့သည် သေပြီးနောက် ငရဲရောက်၍ ကိုယ် နှုတ် စိတ် ကောင်းမှု ၃-ခုကိုသာပြု၍ ပြစ်မှု ၃-ခုကို မပြုသော အချို့သောသတ္တဝါသည် နတ်ပြည်ရောက်ရသည် ဟု မိန့်မှ သဘောကျ သရဏဂုံတည်သည်။

ဇာဏုဿောဏိပုဏ္ဏား

ပြင်ဆင်ရန်

ဇာဏုဿောဏိ အမျိုး အလိုက် ရအပ်သော မင်းအပူဇော်ခံ ရာထူးတစ်ခု၏ အမည်ဖြစ်သည်၊ “ရဟန်း ဂေါတမကား ပညာရှိဟု နာမည်ကြီးသည်၊ သူသိသလောက်တော့ ငါတို့သိမှာပါ၊ ငါတို့ထက် ပိုမသိနိုင်”ဟု ယင်းပုဏ္ဏားသည် ထင်တလုံးဖြင့် မာနတံခွန်ထူကာ ပရိသတ်များစွာဖြင့် ဘုရားထံလာလျှောက်သည်။

ထိုအကြောင်း ဘုရားရှင် မြင်တော်မူ၍ ပုဏ္ဏား မသိနိုင်အောင် ပြု မပြု အကြောင်း ၂-ပါးကြောင့် ငရဲရောက်သည်ဟု မိန့်တော်မူလိုက်သည်။ ပြု မပြု အကြောင်း ၂-ပါးကြောင့် ငရဲရောက်သည်ဟူသော စကားကိုပင် ဉာဏ်မမီနိုင်သော ပုဏ္ဏားသည် ဤမျှဖြင့် ရပ်နေလျှင် ပုဏ္ဏားများအလယ်မှာ “သင်မာန်ထောင်လွန်းသည်၊ စကား တခွန်းမျှဖြင့် ဘာမှမဆိုနိုင်”ဟု အပြစ်တင်စရာဖြစ်နေမည်၊ ထို့ကြောင့် ရှုံးသော်လည်း မရှုံးသလိုလို တဖန် နတ်ပြည်ရောက်ကြောင်း ထပ်မေးလျှောက်သည်။ ဒုတိယပုစ္ဆာဖြင့် ပထမ ပုစ္ဆာကို သိလိမ့်မည်၊ ပ-ဖြင့် ဒုကိုလည်း သိလိမ့်မည်ဟု ထင်နေသည်။

ဘုရားရှင်ကလည်း ပုဏ္ဏားမသိနိုင်အောင်ပင် ပြုမပြုကြောင့်ပင် နတ်ပြည် ရောက်သည်ဟု ဖြေလိုက်ပြန်ရာ ဉာဏ်မမီသော ပုဏ္ဏားသည် “ဤယောက်ျားမြတ်ထံ ရောက်လျက် မသိပဲ ပြန်မသွားသင့်၊ မိမိအယူပယ်ကာ ရဟန်းဂေါတမ နောက်လိုက်ပြီး အကျိုးစီးပွား ရှာမှီးကာ ဘဝလမ်းကြောင်း သုတ်သင်မည်”ဟု ကြံပြီး အကျယ်ဟောတော်မူပါ ဟု လက်မြှောက်အရှုံးပေးတော့သည်။

၁၈။ ဘုရားထံမှောက်ရောက်လာသော အာနန္ဒာကို ဘုရားရှင်က “ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခုကို မပြုအပ်”ဟု ဟောတော်မူလိုက်သည်။ “ပြုလျှင် ဘယ်အပြစ်ပုံသေပါနည်း” ဟုလျှောက်ရာ “ပြုလျင် မိမိကိုယ်ကို မိမိစွပ်စဲခြင်း၊ ပညာရှိများ သိမြင်လျင် ကဲ့ရဲ့ခြင်း၊ မကောင်းသတင်း ဖြစ်ခြင်း၊ တွေဝေ၍ သေရခြင်း၊ သေလျှင်ငရဲရောက်ရခြင်း အပြစ် ၅-မျိုး ပုံသေဖြစ်မည်”ဟု ဟောတော်မူသည်။

ကိုယ် နှုတ် စိတ် ကောင်းမှု ၃-ခုကို ပြုသင့်ကြောင်း၊ ပြုလျှင် အပြန်အားဖြင့် အကျိုး ၅-မျိုး၊ သေလျှင် နတ်ပြည်ရောက်သည်အထိ ရမည်ဖြစ်ကြောင်းမိန့်သည်။

၁၉။ ဘုရားရှင်က ရဟန်းတော်များကို အကုသိုလ်ပယ်ကြ၊ သင်တို့ ပယ်စွမ်းနိုင် ကြသည်၊ မစွမ်းနိုင်လျှင် ပယ်ကြဟု ငါမဟော၊ စွမ်းနိုင်သေးကြောင့်သာ ပယ်ကြဟု ငါဟောသည်။ အကုသိုလ်ကိုပယ်ခြင်းသည် စီးပွားမဲ့ဖို့ ဆင်းရဲဖို့ဖြစ်လျှင် ပယ်ကြဟု ငါမဟော၊ စီးပွားရှိဖို့ ချမ်းသာဖို့ ဖြစ်ခြင်းကြောင့်သာ ပယ်ကြဟု ငါဟောသည်။

ကုသိုလ်ကို ပွားကြ၊ သင်တို့ ပွားစွမ်းနိုင်ကြသည်၊ မစ္စမ်းနိုင်လျှင် ပွားကြဟူ ငါ မဟော၊ စွမ်းနိုင်သောကြောင့်သာ ပွားကြဟု ငါဟောသည်၊ ကုသိုလ်ကိုပွားခြင်းသည်

စီးပွားမဲ့ဖို့ ဆင်းရဲဖို့ဖြစ်လျှင် ပွားကြဟု ငါမဟော၊ စီးပွားရှိဖို့ ချမ်းသာဖို့ ဖြစ်ခြင်းကြောင့်သာ ပွားကြဟု ငါဟောသည်ဟု မိန့်သည်။

၂၀။ သာသနာတော် ပျက်စီးကွယ်ပျောက်ကြောင်း တရား ၂-မျိုးမှာ -မကောင်းသဖြင့် ထားအပ်သောပုဒ်ဗျည်း၊ မကောင်းသဖြင့် သိအပ်သော အနက်တို့ဖြစ်၍ သာသနာတော် တည်တံ့ကြောင်း မပျက်စီး မကွယ်ပျောက်ကြောင်း တရား ၂-မျိုးမှာ ကောင်းစွာထားအပ်သော ပုဒ်ဗျည်း၊ ကောင်းစွာသိအပ်သော အနက်တို့ ပင်ဖြစ်သည်ဟု အပြန်အားဖြင့် မိန့်သည်။ []

  1. တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ