ဈာန်ဟူသည်ကား ဆန့်ကျင်ဘက် နီဝရဏစသော အကုသိုလ်တရားများကို-လောင်တတ်-ဝိက္ခမ္ဘန အစွမ်းဖြင့် ပယ်သတ်တတ်, ကသိုဏ်းစသော ပညတ်အာရုံကို-ကြံစည်တတ်-စူးစိုက်စွာ ရှုကြည့်တတ်–သော သဘောကို ဈာန်ဟု-ခေါ်သည် [၁]

နီဝရဏ ပြင်ဆင်ရန်

နီဝရဏတရားတို့ကား ခြောက်ပါး အာရုံကာမဂုဏ်ကို ခံစားလိုသော ကာမစ္ဆန္ဒနီဝရဏ၊ အမျက်ဒေါသတည်းဟူသော ဗျာပါဒနီဝရဏ၊ ငိုက်မျဉ်းထိုင်းမှိုင်းခြင်း ဟူသော ထိနမိဒ္ဓနီဝရဏ၊ ပျံ့လွင့်ခြင်း၊ ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ စိတ်နှစ်ခွဖြစ်ခြင်းဟူသော ဝိစိကိစ္ဆာနီဝရဏ၊ အဝိဇ္ဇာနီဝရဏ ဟူ၍ ခြောက်ပါး အပြားရှိသတည်း။[၂]

အာရမ္မဏူပနိဇ္ဈာန်, လက္ခဏူပနိဇ္ဈာန် ပြင်ဆင်ရန်

ယင်း ဈာန်သည် အာရမ္မဏူပနိဇ္ဈာန်, လက္ခဏူပနိဇ္ဈာန်-ဟု ၂-မျိုးရှိသည်၊

ထိုတွင် ဥပစာရဈာန်နှင့်တကွ သမာပတ် ၈-ပါးသည် ကသိုဏ်းစသော အာရုံကို စူးစိုက်စွာ ရှုမြင် တတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာန် မည်၏၊

ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် အနိစ္စစသော လက္ခဏာ, နိဗ္ဗာန်၏ မဖောက်မပြန်မှန်ကန်သော တထလက္ခဏာကို စူးစိုက်စွာ ရှုမြင်တတ်သောကြောင့် လက္ခဏူပနိဇ္ဈာန်မည်၏ [၃]

ထိုတွင် အာရမ္မဏူပနိဇ္ဈာန်သည် ရူပဈာန်, အရူပဈာန်ဟု ၂-မျိုးရှိသည်၊

ရူပဈာန်သည် ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်ဟု စတုက္ကနည်းအားဖြင့် ၄-ပါး၊

ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်-ဟု ပဉ္စကနည်းအားဖြင့် ၅-ပါး ရှိသည်။ [၄]

ရူပဈာန် ပြင်ဆင်ရန်

ရူပဈာန်သည် စတုက္ကနည်းအားဖြင့် အင်္ဂါလေးပါးရှိ၍။ ပဉ္စကနည်းအားဖြင့် အင်္ဂါငါးပါးရှိ၏။ ပဉ္စကနည်း၌ ဝိတက်နှင့်ဝိစာရကို တခါစီပယ်၍၊ ဒုတိယဈာန်ကို နှစ်ခုခွဲခြင်းအားဖြင့်၊ ရူပဈာန်ငါးပါးရ၏

ပထမဈာန် ပြင်ဆင်ရန်

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါငါးပါးနှင့်တကွဖြစ်သော ဈာန်သည် ပထမဈာန် မည်၏။ ဝိတက်ဟူသည်မှာ စိတ်ဟုခေါ်သော နာမ်တရားတို့ကို အာရုံသို့ပို့ဆောင်တတ်သော သဘောဖြစ်၏။ ဝိစာရဟူသည်မှာ အာရုံပေါ်သို့ရောက်ပြီးသောစိတ်ကို ဖွဲ့ချည်တတ်သောသဘောဖြစ်၏။ ပီတိဟူသည်မှာ အာရုံ၌နှစ်ခြိုက်စေတတ်သော သဘောဖြစ်၏။ သုခဟူသည်မှာ အာရုံ၌ ချမ်းမြေ့စေတတ်သော သဘောဖြစ်၏။ ဧကဂ္ဂတာဟူသည်မှာ အာရုံ၌ ခိုင်ခံ့စွာတည်ငြိမ်တတ်သော သဘောဖြစ်၏။

ဒုတိယဈာန် ပြင်ဆင်ရန်

ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန် အင်္ဂါလေးပါးသော ကျန်ရှိသောဈာန်သည် ဒုတိယဈာန်မည်၏။

တတိယဈာန် ပြင်ဆင်ရန်

ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ သုံးပါးသော ကျန်ရှိသောဈာန်သည် တတိယဈာန်မည်၏။

စတုတ္ထဈာန် ပြင်ဆင်ရန်

သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါနှစ်ပါးသာ ကျန်ရှိသော ဈာန်သည် စတုတ္ထဈာန် မည်၏။

ပဉ္စမဈာန် ပြင်ဆင်ရန်

ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့်တကွဖြစ်သော ဈာန်သည် ပဉ္စမဈာန်မည်၏ ဥပေက္ခာ ဟူသည်ကား ကောင်းသည်ဟု ခံစားခြင်းသဘောလည်းမဟုတ်၊ မကောင်းဟု ခံစားခြင်း သဘောလည်းမဟုတ်၊ ကောင်းမှု မကောင်းမှုနှစ်ဘက်သို့မကျဘဲ၊ အလယ်အလတ် ခံစားခြင်း သဘောဖြစ်၏။ [၅]

အရူပဈာန် ပြင်ဆင်ရန်

အရူပဈာန်သည်-

  1. အာကာသာနဉ္စာယတနဈာန်။
  2. ဝိညာဏဉ္စာယတနဈာန်။
  3. အာကိဉ္စညာ ယတနဈာန်၊
  4. နေဝသညာနာသညာယတနဈာန်ဟူ၍ လေးပါးအပြားရှိ၏။

အာကာသာနဉ္စာယတနဈာန် ပြင်ဆင်ရန်

စတုတ္ထဈာန်တွင်ရအပ်သော ကသိုဏ်းကိုခွာ၍၊ အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုကာ၊ စီးဖြန်းပွားများ၍ ရအပ်သောဈာန်သည် အာကာသာနဉ္စာယတနဈာန် မည်၏။ ရုပ်တရားကို အာရုံမပြုသောကြောင့်၎င်း၊ ပထမရအပ် ရောက်အပ်သောကြောင့်၎င်း၊ ယင်းကို ပထမာရုပ္ပဈာန်ဟူ၍ လည်း ခေါ်၏။

ဝိညာဏဉ္စာယတနဈာန် ပြင်ဆင်ရန်

အဆုံးမရှိသော ပထမာရုပ္ပဝိညာဏ်ကို စီးဖြန်းပွားများ၍ ရအပ်သောဈာန်သည် ဝိညာဏဉ္စာယတနဈာန် မည်၏။ ဒုတိယာရုပ္ပဈာန်ဟူ၍လည်းခေါ်၏။

အာကိဉ္စညာ ယတနဈာန် ပြင်ဆင်ရန်

အနည်းငယ်မျှအကြွင်းမရှိသော၊ ပထမာရုပ္ပဝိညာဏ် ၏အဖြစ်တည်းဟူသော၊ ဘာမျှမရှိဟုအနက်ရသော၊ နတ္ထိဘော ပညတ်ကိုအာရုံပြုကာ၊ စီးဖြန်းပွားများ၍ရသော ဈာန်သည် အာကိဉ္စညာယတနဈာန် မည်၏။ တတိယရုပ္ပဈာန်ဟူ၍လည်း ခေါ်၏။

နေဝသညာနာသညာယတနဈာန် ပြင်ဆင်ရန်

သညာရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်သော၊ မနာယတန ဓမ္မာယတန၌ အကျုံးဝင်သော အာရုံကို အာရုံပြုကာ၊ စီးဖြန်းပွားများ၍ရသောဈာန်သည် နေဝသညာနာ သညာယတနဈာန်မည်၏။ စတုတ္ထရုပ္ပဈာန်ဟူ၍လည်းခေါ်၏။ ထိုဈာန်လေးပါးတို့ကို ပထမမှ ဒုတိယသို့ ဒုတိယမှ တတိယ သို့၊ တတိယမှ စတုတ္ထသို့ အဆင့်အဆင့်တက်ရာ၏။[၆]

ဈာန်တရားကို ရစေနိုင်သော ကမ္မဋ္ဌာန်းများ ပြင်ဆင်ရန်

ပြဆိုအပ်ပြီးသော ဈာန်တရားများသည် အလွယ်နှင့်ရနိုင်သော တရားမျိုးမဟုတ်ပေ၊ ကမ္မဋ္ဌာန်းတရားကို ပွားများ အားထုတ်မှသာလျှင် ရရှိနိုင်သော တရားမျိုး ဖြစ်ပေသည်၊ ဈာန်တရားကို ရစေနိုင်သော ကမ္မဋ္ဌာန်းတို့ကား—

ကမ္မဋ္ဌာန်း ၄၀-တို့တွင် ကာယဂတာသတိ, အာနာပါနဿတိ-ကြဉ်သော အနုဿတိ ၈-ပါး အာဟာရေပဋိကူလသညာ, စတုဓာတုဝဝတ္ထာန်၊ ဤကမ္မဋ္ဌာန်း ၁၀-ပါးတို့သည် ဥပစာရဈာန်ကိုသာ ရစေနိုင်သည်။ ကြွင်းသော ကမ္မဋ္ဌာန်း ၃၀-တို့သည် ဥပစာရဈာန်, အပ္ပနာဈာန် ၂-မျိုးလုံးကို ရစေနိုင်သည်[၇]

အပ္ပနာဈာန်ကို ရစေနိုင်သောကမ္မဋ္ဌာန်း ၃၀-တို့တွင်လည်း ကသိုဏ်း ၁၀-ပါး, အာနာ ပါနဿတိကမ္မဋ္ဌာန်းတို့သည် ရူပါဝစရဈာန် ၅-မျိုးလုံးကို ရစေနိုင်သည်၊ အသုဘ ၁၀-ပါး, ကာယဂတာသတိကမ္မဋ္ဌာန်းတို့သည် ပဌမဈာန်ကိုသာ ရစေနိုင်သည်၊ မေတ္တာ, ကရုဏာ, မုဒိတာကမ္မဋ္ဌာန်း ၃-ပါးတို့သည် ရူပါဝစရပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ၄-မျိုးတို့ကို ရစေနိုင်သည်၊ ဥပေက္ခာကမ္မဋ္ဌာန်းသည် ရူပါဝစရ ပဉ္စမဈာန်ကိုသာ ရစေနိုင်သည်၊ အရူပကမ္မဋ္ဌာန်း ၄-မျိုးတို့သည် အစဉ်အတိုင်း အရူပဈာန် ၄-ပါးတို့ကို ရစေနိုင်သည် [၈] [၄]

ဈာန်ရအောင်အားထုတ်နည်း ပြင်ဆင်ရန်

ဈာန်တရားသည် အလွယ်နှင့်ရနိုင်သော တရားမျိုးမဟုတ်၊ ရူပဈာန်ကိုရလိုသော ယောဂီပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းစသော ကသိုဏ်းတရားစသည်တို့ကို ပွားများအားထုတ်အပ်၏။ ဆန်ကောပမာဏရှိသော ပထဝီကသိုဏ်းဝန်းကို ပြုလုပ်၍၊ ထိုကသိုဏ်းဝန်းကိုရှေ့ဝယ်ချကာ၊ ပထဝီ ပထဝီဟု သေချာစေ့ငု အဖန်ဖန်ကြည့်ရှု၍၊ မနေမနားစီးဖြန်းပွားများလတ်သော်၊ ယောဂီ ပုဂ္ဂိုလ်အား အရပ်လေးမျက်နှာကြည်သမျှ ကသိုဏ်းဝန်းသာ ထင်၏။ ယင်းမှာ ရှေးဦးလုပ်ငန်းတည်းဟူသော ပရိကမ္မနိမိတ် ဖြစ်၏။ ဤသို့မျက်စိ၌ ထင်လတ်သော်၊ ပထမကသိုဏ်းဝန်းကို မကြည့်ရှုတော့ဘဲ၊ ပထဝီ ပထဝီဟု ဖန်ဖန်အထပ်ထပ်စီးဖြန်း ပွားများအပ်၏။ ဤသို့ ပွားများပြန်သော်၊ ပထမကသိုဏ်းဝန်း နယ်နိမိတ်သည် ထင်မြင်၍လာသည်။ ထိုသို့စိတ်၌ထင်မြင်လာသော ပထဝီ ကသိုဏ်းဝန်းသည် စိတ်၌ရယူအပ်သော ဥဂ္ဂဟ နိမိတ်မည်၏။ ထိုဥဂ္ဂဟနိမိတ် ထင်လတ်သော်၊ စိတ်သည် ငြိမ်သက်တည်ကြည်၏။ ပရိကမ္မသမာဓိကိုရ၏။

ထိုနောက် ယောဂီပုဂ္ဂိုလ်သည် ထိုစိတ်၌ထင်လာသော ဥဂ္ဂဟနိမိတ်ပထဝီကသိုဏ်းဝန်းကိုပင်၊ ပထဝီ ပထဝီဟု တစ်ဖန်အကြိမ်ကြိမ် အထပ်ထပ်စီးဖြန်းလတ်သော်၊ နီဝရဏ တရားတို့သည် ကင်းကွာကုန်၏။ ကိလေးသာတို့သည် အနည်ထိုင်သောရေကဲ့သို့ ငြိမ်ဝပ်၍ကုန်၏။ စိတ်သည် အထူးကြည်လင်လာ၏။ တိမ်တိုက်မှထွက်လာသော လဝန်းကြီးကဲ့သို့ ဥဂ္ဂဟနိမိတ်တွင်းမှ ပေါက်ခွဲထွက်ပေါ်၍၊ ဥဂ္ဂဟနိမိတ်ထက် အဆ အရာအထောင်မက အလွန်စင်ကြယ်ကြည်လင်သော ပထဝီကသိုဏ်းဝန်းကြီးသည် ထင်ပေါ်၍လာ၏။ ထိုထင်လာသော ပထဝီကသိုဏ်းဝန်းကို ပဋိဘာဂနိမိတ်ကိုပင်(ပုံတူနိမိတ်) ဟုဆိုအပ်၏။ ထိုပဋိဘာဂနိမိတ်ကိုပင် ပထဝီ ပထဝီဟု တစ်ဖန်အထပ်ထပ်ပွားများ စီးဖြန်းလတ်သော်၊ ယောဂီပုဂ္ဂိုလ် အား ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါငါးပါးနှင့်ပြည့်စုံသော ပထမဈာန်ဖြစ်ပေါ်လာ၏။ ကြွင်းသောကမ္မဋ္ဌာန်းတို့တွင်လည်း ဤနည်းအတိုင်းပင် ပထမဈာန်ကို ရနိုင်၏။

ထိုကဲ့သို့ ပထမဈာန်ကိုရပြီး၍၊ ဒုတိယဈာန်ကိုအားထုတ်လိုသော်၊ ယခုရသောပထမဈာန်စိတ်သည် ဝိတက်ပါခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်းသေး၏။ ဤဝိတက်မပါလျှင် ယခုထက်သိမ်မွေ့ရာ၏ဟု ဆင်ခြင်၍ ဝိတက် ကိုမပါစေလိုသောဆန္ဒဖြင့်၊ ပထဝီပဋိဘာဂနိမိတ်ကိုပင်လျှင် ပထဝီ ပထဝီဟု စိတ်၌မှတ်လျက်၊ တစ်ဖန် အထပ်ထပ်စီးဖြန်းပွားများလတ်သော်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဒုတိယဈာန်ဖြစ်ပေါ်လာ၏။

ဒုတိယဈာန်မှ တတိယဈာန်သို့တက်၍ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် အထက်ပါနည်းအတိုင်း ဝိစာရကိုမပါစေလိုသော ဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကိုပင်လျှင်၊ ပထဝီ ပထဝီ ဟု စိတ်၌မှတ်လျက်၊ တစ်ဖန် အထပ်ထပ်စီးဖြန်းပွားများလတ်သော်၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါသုံးပါးနှင့် ပြည့်စုံသော တတိယ ဈာန်ဖြစ်ပေါ်လာ၏။

အထက်ပါနည်းအတိုင်းပင်၊ ပီတိမပါစေလိုသောဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကို တစ်ဖန်အထပ်ထပ်စီးဖြန်း ပြန်သော်၊ သုခ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့်ပြည့်စုံသော စတုတ္ထဈာန်ဖြစ်ပေါ်လာ၏။

ထိုအတူပင်၊ သုခမပါစေလိုသောဆန္ဒဖြင့် ပထဝီပဋိဘာဂ နိမိတ်ကို တစ်ဖန်အထပ်ထပ်စီးဖြန်းပြန်သော်၊ သုခသည် တစ်ဖြည်းဖြည်းသိမ်မွေ့၍သွားသောအခါ၊ ကောင်းသည်ဟုခံစားခြင်းသဘောလည်းမဟုတ်၊ မကောင်းသည်ဟု ခံစားခြင်းသဘောလည်းမဟုတ်၊ ကောင်းမှုမကောင်းမှုနှစ်ဘက်သို့ မကျသောအလယ်အလတ်ခံစား ခြင်းဥပက္ခာဝေဒနာဖြစ်လာ၍၊ ဧကဂ္ဂတာ နှင့်တကွ ဈာန်အင်္ဂါနှစ်ပါးနှင့်ပြည့်စုံစွာ ပဥဉ္စမဈာန်သည်ဖြစ်ပေါ်လာ၏။

ထိုပဉ္စဈာန်သည် ရုပ်တရား၌သာလျှင် အာရုံရှိသော ရူပဈာန်ဖြစ်၍ ညံ့ဖျင်းသေး၏။ ထိုကြောင့် ထိုမှတစ်ဆင့် သိမ်မွေ့မွန်မြတ်သော အရူပဈာန်ကို တက်လှမ်းလိုသော်၊ စတုတ္ထနည်းအားဖြင့်ရအပ်သော စတုတ္ထဈာန် ကိုတက်လှမ်းလိုသော်၊ စတုတ္ထနည်းအားဖြင့်ရအပ်သော စတုတ္ထဈာန်မှရအပ်သော ကသိုဏ်းဝန်းကိုပယ်၍၊ ကောင်းကင်ဟင်းလင်းဟု နှလုံးသွင်းကာ အထပ်ထပ်စီးဖြန်းပွားများသည်ရှိသော်၊ အာကာသာနဉ္စာယတနဈာန် (ပထမရုပ္ပဈာန်)သည် ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ ပထမာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီးလျှင်၊ အဆုံးမရှိသော ကောင်းကင်ကိုအာရုံပြုသော ဝိညာဏ်ဟု စိတ်ထဲမှတ်လျက် အဖန်ဖန်စီးဖြန်းပွားများသည်ရှိသော်၊ ဝိညာဏဉ္စာ ယတနဈာန်(ဒုတိယရပ္ပဈာန်) သည်ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ ဒုတိယာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီးလျှင်၊ ပထမာရုပ္ပဝိညာဏ်ကိုမရှိအောင် ပျောက်အောင် နှလုံးသွင်း၍ အဖန်ဖန်စီးဖြန်းပွားများသည်ရှိသော်၊ အာကိဉ္စညာ ယတနဈာန်(တတိယာရုပ္ပဈာန်)သည် ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ တတိယာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီး လျှင်၊ တတိယာရုပ္ပဈာန်စိတ်ဝိညာဏ်ကိုပင်လျှင် သိမ်မွေ့ငြိမ် သက်၏ဟု စိတ်ကမှတ်လျက် အဖန်ဖန်စီးဖြန်းပွားများသည်ရှိသော်၊ နေဝသညာနာသညာယတန ဈာန်(စတုတ္ထာရုပ္ပဈာန်)သည် ဖြစ်လာ၏။[၉]

ဈာန်၏ အကျိုးတရားငါးပါး ပြင်ဆင်ရန်

ပြဆိုခဲ့ပြီးသော ဈာန်တရားတို့ကို ရရှိသော ပုဂ္ဂိုလ်တို့တွင် ရဟန္တာပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း,

ကြွင်းပုထုဇန်, သေက္ခတို့အား ဝိပဿနာဉာဏ်၏ အထောက်အပံ့ အခြေခံဖြစ်ခြင်း,

ဣဒ္ဓိဝိဓ-စသော အဘိညာဉ်တို့၏ အထောက်အပံ့ ဖြစ်ခြင်း,

ကာမသုဂတိဘဝ, ရူပဘဝ, အရူပ ဘဝသို့ လားရောက်ရခြင်း,

အနာဂါမ်ရဟန္တာ ပုဂ္ဂိုလ်တို့အား နိရောဓသမာပတ်ကို ဝင်စားနိုင်ခြင်းဟူသော အကျိုးတရားများကို ရရှိနိုင်သည် [၁၀] [၄]

သမာပတ်ပေါင်း ကုဋေ နှစ်သန်း လေးသိန်း ပြင်ဆင်ရန်

ဘုရားရှင်လည်း ပရိနိဗ္ဗာန်စံဝင်ခါနီးကာလ၌ အသုဘ ၁၀-ပါး, ကာယဂတာသတိ ကသိုဏ်း ၈-ပါး, မေတ္တာ, ကရုဏာ, မုဒိတာ, အာနာပါနဿတိ, ပရိစ္ဆေဒါကာသ ဤ ၂၄-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဌမဈာန်ကို ဝင်စား၍ ကသိုဏ်း ၈-ပါး, မေတ္တာ, ကရုဏာ, မုဒိတာ, အာနာပါနဿတိ, ပရိစ္ဆေဒါကာသ ဤ ၁၃-ပါးသော ကမ္မဋ္ဌာန်းတို့၌ ဒုတိယဈာန်, တတိယဈာန်တို့ကို ဝင်စားတော်မူပြီးလျှင် ကသိုဏ်း ၁၀-ပါး, ဥပေက္ခာ, အာနာပါနဿတိ, ပရိစ္ဆေဒါကာသ, အာရုပ္ပ၄-ပါး, ဤ ၁၅-ပါးသော ကမ္မဋ္ဌာန်းတို့၌ စတုတ္ထဈာန်ကို ဝင်စားတော်မူသည်၊ ဘုရားရှင်သည် ပရိနိဗ္ဗာန် စံဝင်ခါနီးအခါ သမာပတ်ပေါင်း ကုဋေ နှစ်သန်း လေးသိန်း ဝင်စားတော်မူသည်။ [၁၁] [၄]

ဈာန် ၉-ပါးလုံး ရထားသူ၏ ပဋိသန္ဓေ ပြင်ဆင်ရန်

ဈာန် ၉-ပါးလုံးကိုရသော ပုထုဇန်, သောတာပန်, သကဒါဂါမ်တို့သည် သုဒ္ဓါဝါသဘုံမှ တစ်ပါး မိမိအလိုရှိသောဘုံ၌ ဖြစ်နိုင်၏၊ ကာမသုဂတိ ၇-ဘုံ၌လည်း ကာမာဝစရကုသိုလ်ကံ၏အစွမ်းဖြင့် ဖြစ်နိုင်၏။ အနာဂါမ် ပုဂ္ဂိုလ်သည်ကား မိမိအလိုရှိအပ်သော ဗြဟ္မာ့ဘုံ၌ ဖြစ်နိုင်၏ [၁၂] [၄]

အသီးသီး ချုပ်ငြိမ်းပုံ ပြင်ဆင်ရန်

ဈာန်သမာပတ် ၈-ပါးတို့တွင် ပဌမဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်၏၊ ဒုတိယဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက်, ဝိစာရတို့သည် ချုပ်ကုန်၏၊ တတိယဈာန်ကို ဝင်စားသောပုဂ္ဂိုလ်အား ပီတိသည် ချုပ်၏၊ စတုတ္ထဈာန်ကို ဝင်စားသောပုဂ္ဂိုလ်အား ထွက်သက် ဝင်သက် = အဿာသပဿာသတို့သည် ချုပ်ကုန်၏။ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ရူပသညာသည် ချုပ်၏၊ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတန သညာသည် ချုပ်၏၊ အာကိဉ္စညာယတနဈာန်ကိုဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာသည် ချုပ်၏၊ နေဝသညာနာသညာယတနဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနသညာသည် ချုပ်၏ [၁၃]

ထို့ပြင် ပဌမဈာန်၌ ဒုက္ခိန္ဒြေသည် အကြွင်းမဲ့ ချုပ်၏၊ ဒုတိယဈာန်၌ ဒေါမနဿိန္ဒြေသည် အကြွင်းမဲ့ချုပ်၏၊ တတိယဈာန်၌ သုခိန္ဒြေသည် အကြွင်းမဲ့ချုပ်၏၊ စတုတ္ထဈာန် သောမနဿိန္ဒြေသည် အကြွင်းမဲ့ချုပ်၏၊ နိရောဓသမာပတ်၌ ဥပေက္ခိန္ဒြေသည် အကြွင်းမဲ့ ချုပ်၏ [၁၄] [၄]

ဈာန်ရခြင်းအကြောင်းတရားများ ပြင်ဆင်ရန်

  1. အဆွေခင်ပွန်းကောင်း ရှိခြင်း,
  2. ကောင်းသောအမှု၌ ကိုင်းရှိုင်းသောစိတ်ရှိခြင်း,
  3. စက္ခုန္ဒြေစသော ဣန္ဒြေတို့ကို လုံခြုံစွာ စောင့်စည်းခြင်း,
  4. ကုသိုလ်တရားတို့၌ မရောင့်ရဲမတင်းတိမ်ခြင်း,
  5. သူတော်ကောင်းတရားကို ကြားနာရခြင်း,
  6. ထိတ်လန့်ဘွယ်သော အာရုံ၌ အသင့်အားဖြင့် နှလုံးသွင်းတတ်ခြင်း၊

ဤ ၆-ပါးတို့သည် ဈာန်တရားရခြင်း၏ အားကြီးသော အကြောင်း အထောက်အပံ့များ ဖြစ်သည် ([၁၅][၄]

ဈာန်လျောခြင်း အကြောင်းတရားများ ပြင်ဆင်ရန်

ကိလေသာတရားတို့ဖြစ်ခြင်း, မလျောက်ပတ်သောအမှုကို ပြုလုပ်ခြင်း, ဈာန်တရားကို မပွားများ အားမထုတ်ခြင်း၊ ဤအကြောင်း ၃-ပါးတို့ကြောင့် ဈာန်တရားတို့သည် ဆုတ်ယုတ်ပျက်စီးကုန်၏၊ ထိုတွင်–ကိလေသာ တရားတို့ ဖြစ်ခြင်းကြောင့် ဈာန်တရားတို့၏ ဆုတ်ယုတ် ပျက်စီးမှုသည် လျင်မြန်၏၊ မလျောက်ပတ်သောအမှုကို ပြုလုပ်ခြင်း ဈာန်တရားမပွားများ အားမထုတ်ခြင်းတို့ကြောင့် ဈာန်တရားတို့၏ ဆုတ်ယုတ် ပျက်စီးမှုသည် နုံ့နှေး၏၊ ဒုတိယဈာန်စသည်တို့မှ ဆုတ်ယုတ် ပျက်စီးခြင်းကား အောက် အောက်ဈာန်၌ တပ်ခြင်း “နိကန္တိတဏှာ” ဖြစ်ပေါ်ခြင်းကြောင့်လည်း ဖြစ်နိုင်၏[၁၆] [၄]

ဈာန်အပြားများ ပြင်ဆင်ရန်

တနည်း— ဈာန်သည် ပဋိပဒါသိဒ္ဓဈာန်, ဥပပတ္တိသိဒ္ဓဈာန်, မဂ္ဂသိဒ္ဓဈာန်ဟူ၍ ၃-ပါးအပြားရှိ၏။ ထိုတွင် ကသိုဏ်းဝန်းကိုပြုလုပ်၍ ပရိကမ္မဘာဝနာ ဥပစာရဘာဝနာအစဉ် တို့ဖြင့် ထမင်အားထုတ်၍ ဖြစ်ပေါ် လာသော ဈာန်သည် ပဋိပဒါသိဒ္ဓဈာန်မည်၏။ ဗြဟ္မာဘုံ၌ ဖြစ်သောသူသည် အခြားမဲ့ဘဝ၌ ရခဲ့ဘူးသော ဈာန်ဘိုးကို အသစ်ထူထောင် အားထုတ်ဘွယ်မရှိ၊ အလိုလိုရပြီးဖြစ်၍နေ၏၊

ဝင်စားလိုသောအခါမှ “ပထဝီ ပထဝီ”စသည် ဖြင့် နှလုံးသွင်းရုံမျှနှင့် ဈာန်ဖြစ်ပေါ်လာ၏။ ဤကဲ့သို့သော ဝန်မျိုးသည် ဥပပတ္တိသိဒ္ဓဈာန် မည်၏။ အရှင်အာနန္ဒာ အစရှိသော ပုဂ္ဂိုလ်ထိုကဲ့သို့ ပါရမီထူးရှိသော ပုဂ္ဂိုလ်တို့ အား ဈာန်ကို သီးခြား အားထုတ်ဘွယ်မရှိ၊ မဂ်ကိုရလျှင်ပင် ဈာန်ရမှု အဘိညာဉ်ရမှုတို့သည် ဖြစ်ပေါ်လာ၏၊ ဤကဲ့သို့သောဈာန်မျိုးသည် မဂ္ဂသိဒ္ဓဈာန်မည်၏ [၁၇]

တနည်းလည်း— ပါဒကဈာန်, သမ္မသိတဈာန်ဟူ၍ ၂-ပါးအပြားရှိ၏။ထိုတွင် ဝိပဿနာ စသည်တို၏ အခြေခံအတွက် ဝင်စားအပ်သော ဈာန်သည် ပါဒကဈာန်မည်၏။ ဝိပဿနာ အလို့ငှါ ဈာန်တရားတို့ကိုအနိစ္စ, ဒုက္ခ, အနတ္တ ဟု ဆင်ခြင်သုံးသပ်အပ်သော ဈာန်သည် သမ္မသိတဈာန် မည်၏။ ပါဒကဈာန်သည် အဘိညာပါဒကဈာန်, ဝိပဿနာပါဒကဈာန်, နိရောဓပါဒကဈာန်ဟူ၍ ၃-မျိုး ကွဲပြားပြန်သည်။ ထိုတွင် အဘိညာဉ်၏ အခြေခံအလိုငှါ ဝင်စားအပ်သော ပါဒကဈာန်သည် အဘိ ညာပါဒကဈာန်မည်၏၊ ဝိပဿနာ၏ အခြေခံ အလိုငှါ ဝင်စားအပ်သော ပါဒကဈာန်သည် ဝိပဿနာပါဒကဈာန်မည်၏၊ နိရောဓသမာပတ်၏ အခြေခံအလို ဝင်စားအပ်သော ပါဒကဈာန်သည် နိရောဓပါဒကဈာန်မည်၏ [၁၈]

တနည်း—မချီးမွှမ်းအပ်သောဈာန်, ချီးမွမ်းအပ်သောဈာန်ဟူ၍လည်း ၂-မျိုးရှိ၏။

ထိုတွင် ကာမရာဂ, ဗျာပါဒ, ထိနမိဒ္ဓ, ဥဒ္ဓစ္စ, ကုက္ကုစ္စ, ဝိစိကိစ္ဆာဟူသော အကုသိုလ် နီဝရဏတရားတို့ကို အတွင်းပြု၍ ကြံစည်ခြင်း မိစ္ဆာသင်္ကပ္ပ, မိစ္ဆာသမာဓိစသော အကုသိုလ် တရားတို့သည် ဈာနပစ္စည်းဖြင့် ကျေးဇူးပြုသည်၏ အဖြစ်ကြောင့် မချီးမွမ်းအပ်သော ဈာန်မည်၏ (ငှက်ကို သေနတ်ဖြင့်ပစ်ရာ၌ ဤဈာနပစ္စည်းမပါလျှင် ရွယ်ပင် မရွယ်နိုင်ကြောင်း သိပါလေ)။ ရူပါဝစရ အရူပါဝစရ ဈာန်တရားတို့သည် ချီးမွမ်းအပ်သော ဈာန် မည်၏ [၁၉][၄]

ဈာန်မရနိုင်သော ပုဂ္ဂိုလ်များ ပြင်ဆင်ရန်

ကမ္မဋ္ဌာန်းတရားကို မည်သို့ပင် အားထုတ်ပါသော်လည်း ဈာန်မရနိုင်သော ပုဂ္ဂိုလ်များ ရှိပေသေးသည်၊ ယင်းတို့ကား–ပဉ္စာနန္တရိယကံ ၅-ပါးတို့တွင် တစ်ပါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်, နိယတမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ် အဟိတ်ပုဂ္ဂိုလ်, ဒွိဟိတ်ပုဂ္ဂိုလ်, ရတနာ ၃-ပါးတို့၌ ယုံကြည်ခြင်း “သဒ္ဓါတရား”ကင်းသောပုဂ္ဂိုလ် မဂ်အားလျော်သော သစ္စာနုလောမိကဝိပဿနာ၌ သမ္မာဆန္ဒကင်းသော ပုဂ္ဂိုလ်, လောကီလော ကုတ္တရာသမ္မာဒိဋ္ဌိမှ ကင်းသောပုဂ္ဂိုလ်, ဘိက္ခုနီဒူသကပုဂ္ဂိုလ်, အရိယာတို့ကို စွပ်စွဲနှိပ်စက် ဖျက်ဆီးသောပုဂ္ဂိုလ်, ဘုရားရှင်၏ အာဏာတော်တည်းဟူသောသိက္ခာပုဒ်ကို လွန်ကျူးသောပုဂ္ဂိုလ်၊ ဤပုဂ္ဂိုလ်တို့သည် ဈာန်, မဂ်, ဖိုလ်ကို မရရှိနိုင်ကြလေကုန် [၂၀] [၄]

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ရူပဈာန်

အရူပဈာန်

ကသိုဏ်း



ကိုးကား ပြင်ဆင်ရန်

  1. (ဝိ၊ဋ္ဌ၊၁၊၁၁၆။ သာရတ္ထ၊၁၊၃၆၃)။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  3. (ဝိ၊ဋ္ဌ၊၁၊၁၁၆။ သံ၊ဋ္ဌ၊၁၊၆၄။ အံ၊ဋ္ဌ၊၁၊၃၈၁။ အဘိ၊ဋ္ဌ၊၁၊၂၁၁။ ပဋိသံ၊ဋ္ဌ၊၁၊၁၇၀။ သုတ္တနိ၊ဋ္ဌ၊၁၊၁၁၁။ အပ၊ဋ္ဌ၊၁၊၂၁၇။ ဗုဒ္ဓဝံ၊ဋ္ဌ၊၆၃။ မဟာနိ၊ဋ္ဌ၊၁၁၂။ စူဠနိ၊ဋ္ဌ၊၁၃၄-၅။ သာရတ္ထ၊၁၊၃၆၃။ အံ၊ဋီ၊၁၊၂၃၃၄။ မူလဋီ၊၁၊၁၀၂)။
  4. ၄.၀၀ ၄.၀၁ ၄.၀၂ ၄.၀၃ ၄.၀၄ ၄.၀၅ ၄.၀၆ ၄.၀၇ ၄.၀၈ ၄.၀၉ တိပိဋကအဘိဓာန် အတွဲ-၈
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  7. (ဝိသုဒ္ဓိ၊၁၊၁၀၇။ သင်္ဂဟ၊၁၅၁)။
  8. (ဝိသုဒ္ဓိ၊၁၊၁၀၇။ သင်္ဂဟ၊၁၅၁)။
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  10. (အကျယ်ကို–အံ၊ဋ္ဌ၊၂၊၁၀။ ဝိသုဒ္ဓိ၊၁၊၃၆၈-၉။ ဘေဒနီ၊ဒု၊၄၀၅၊ ၄၅၀-တို့ကြည့်)။
  11. (ဒီ၊ဋ္ဌ၊၂၊၁၈၆)။
  12. (ဝိဘာဝိနီ၊၁၈၆)။
  13. (ဒီ၊၃၊၂၅၅။ သံ၊၂၊၄၁၈)။
  14. (သံ၊၃၊၁၈၈၊ ၁၉၀။ သံ၊ဋ္ဌ၊၃၊၂၇၄)။
  15. ပေဋကော၊၂၆၆)။
  16. (ပဋိသံ၊ဋ္ဌ၊၁၊၁၃၀)။
  17. (ပရမတ္ထသံခိပ်ဋီကာ၊ပ။ ၁-၇၂-၃)။
  18. (ဝိ၊ဋ္ဌ၊၁။၁၂၆။ ဝိဘာဝိနီ။၁ဝ၁)။
  19. (မ၊၃၊၆၄-၅)။
  20. (အဘိ၊ဝိ၊၃၅၅။ ဝိ၊ဋ္ဌ၊၃၊၁၃၈။ ကင်္ခါ၊၂၄၈။ အဘိ၊ဋ္ဌ၊၂၊၄၄၂။ ဝိသုဒ္ဓိ၊၁၊၁၇၁-၂။ ကင်္ခါ၊ဋီ၊သစ်၊၄၁၀။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၉၉-၂၀၀)။
  21. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)