အရှင်မဟာမောဂ္ဂလ္လာန်ထေရ် ဘဂ္ဂနိုင်ငံ သုသုမာရဂိရမြို့ ပဲစဉ်းငုံတောဝယ် သီတင်းသုံးနေစဉ် ရဟန်းတော်များအား “မိမိကို ပြောဆိုဆုံးမရန်” မိန့်ကြားတော်မူပြီး “ပြောဆိုဆုံးမရခက်သူ၏ သဘာဝနှစ်မျိုး၊ ထိုပုဂ္ဂိုလ်နှင့် သီတင်းသုံးဖော် (အတူနေပုဂ္ဂိုလ်)တို့၏ ဆက်ဆံရေး, ပြောဆိုဆုံးမရခက်သူဖြစ်ကြောင်း တရား (၁၆) ပါး၊ ပြောဆိုဆုံးမရ လွယ်ကူသူ၏ သဘာဝနှင့် သီတင်းသုံးဖော် (အတူနေပုဂ္ဂိုလ်)တို့၏ ဆက်ဆံရေး ပြောဆို ဆုံးမရလွယ်ကူသူဖြစ်ကြောင်း တရား (၁၆) ပါးကိုလည်းကောင်း၊

ပြောဆိုဆုံးမရခက်သူဖြစ်ကြောင်း တရား (၁၆)ပါးမိမိသန္တာန်ဝယ် ရှိ/မရှိ မိမိ ကိုယ်တိုင် စိစစ်ကြည့်ရမည်၊ ရှိလျှင် “ထိုတရား (၁၆)ပါးမှ ကင်းအောင် မိမိစိတ်ကို ဖြစ်စေရမည်၊ ထိုအကုသိုလ်တရားဆိုးတို့ကို ပယ်နိုင်အောင် အားထုတ်ရမည်၊ အကယ်၍ မိမိသန္တာန်ဝယ် ထိုတရားများမရှိလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး ထိုပီတိ ပါမောဇ္ဇဖြင့်သာ နေရမည်” အစရှိသည်ဖြင့် လူငယ်လူရွယ်တို့ မိမိမျက်နှာကို မှန်အစရှိ သည်တို့ဖြင့် ကြည့်ရှုသော ဥပမာစကားဖြင့် အကုသိုလ်တရားဆိုးတို့ကို ပယ်ရန် ကုသိုလ် ပီတိပါမောဇ္ဇတရားတို့ကို နေ့နေ့ညည အားထုတ်ကြရမည်-ဟု ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ပြောဆိုဆုံးမရခက်သူ ဖြစ်ကြောင်းတရား (၁၆)ပါး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ အကုသိုလ်တရားများကို ပဟာန် (၆)ပါးဖြင့် ပယ်စွန့်ပုံ၊ ဤသုတ်ကို “ဘိက္ခုပါတိမောက်” ဟု ရှေးမထေရ်မြတ်များ မိန့်ဆိုခဲ့ပုံ၊ အကုသိုလ် တရား ဆိုးများ မိမိသန္တာန်၌ရှိ/မရှိ တနေ့သုံးကြိမ် ရှုဆင်ခြင်သင့်ပုံ၊ အနည်းဆုံးတနေ့ တစ်ကြိမ် မဖြစ်မနေ ရှုဆင်ခြင်သင့်ပုံ၊ မဆင်ခြင်ဘဲ မနေသင့်ပုံတို့ကို ဖွင့်ပြတော်မူပါသည်။ [၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၁၊၁၃၂-၁၄၄။ မ၊မြန်၊၁၊၁၃၉-၁၄၉။ မ၊ဋ္ဌ၊၁၊၃၇၀-၃၇၂။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၂-သီဟနာဒဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ