အနောမဒဿီဘုရား

နှစ်ကျိပ်ရှစ်ဆူဘုရားများမှ ဆယ်ဆူမြောက်ပွင့်တော်မူသော ဘုရား

သောဘိတမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် အန္တရကပ်တခုတွင် မ,သု,ရေ,သော ဟူ၍ ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာသည် ကုန်ဆုံးသွား၏။ ထို့နောက် ဘုရားပွင့်ခြင်းမှ ဆိတ်သုဉ်းသော ဘုရားမပွင့်သော သုညကမ္ဘာကပ် အသင်္ချေဖြစ်ပျက် ကုန်လွန်သည်။ ၎င်းနောက် တက်ကပ်ကမ္ဘာ ဆုတ်ကပ်ကမ္ဘာ ဖြစ်ပျက်လာရာ တခုသော ဆုတ်ကပ်ကမ္ဘာတွင် အနောမဒဿီ၊ ပဒုမ၊ နရဒ (အ,ပ,နာ)ဟူ၍ ဘုရားသုံးဆူ ပွင့်ထွန်းတော်မူကြသည်။ ဘုရားသုံးဆူပွင့်သည် ဖြစ်၍ ဝရကမ္ဘာဟု ခေါ်တွင်သည်။

ဖြစ်စဉ်တော် ပြင်ဆင်ရန်

အနောမဒဿီဘုရားလောင်းသည် တုသိတာနတ်ပြည်မှ နတ်သက်ကြွေဆင်းပြီးနောက်၊ စန္ဒဝတီနေပြည်တော်၌ ယသဝါမင်းကြီး၏ နန်းတော်ဝယ်၊ ယသောဓရာဒေဝိ မိဖုရားကြီးမှ ဖွားမြင်လာသည်။ မင်းသားကို နာမကရဏကင်ပွန်းတပ်မင်္ဂလာပြုသည့် အခါဝယ်၊ ကောင်းကင်ယံ ရွှေငွေစသော ရတနာ ခုနစ်ပါးမိုး ရွာသွန်းချသည်ကို အကြောင်းပြု၍ အနောမဒဿီမင်းသားဟု မှည့်ခေါ်သည်။ အရွယ်ရောက်လျှင် သီရိမာဒေဝီမိဖုရားနှင့် သိရီ၊ ဥပသိရီ၊ သိရီဝုဍ္ဎနရွှေနန်း သုံးဆောင်၌ ဥပဝါနမင်းသား ဖွားမြင်သည်အထိ နှစ်ပေါင်း တသောင်းကာလပတ်လုံး နန်းစည်းစိမ်ကို စံစားတော်မူသည်။ နိမိတ်ကြီးလေးပါး ထင်သောအခါ သံဝေဂ ကြီးစွာ ရ၍ ရွှေထမ်းစင် (ဝေါယာဉ်) စီးကာ တောထွက်တော်မူသည်။ ဆယ်လပတ်လုံး ဒုက္ကရစရိယာ ကျင့်ပြီးနောက် အဇ္ဇုန ရုက္ခဗောဓိ ခေါ် ထောက်ကြံ့ (ဖောက်ကြံ့) ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရတော်မူကာ၊ သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဖြစ်တော်မူသည်။ ဘုရားဉာဏ်တော် ၅၈ တောင် မြင့်၍ ရောင်ခြည်တော် ၁၂ ယူဇနာတိုင်အောင် ပျံ့နှံ့သည်။ လူတို့သက်တမ်း အနှစ်ရှစ်သောင်းမှာ ဓမ္မရာမဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။

ဘုရားရှင်နှင့် ဂေါတမဘုရားလောင်း ပြင်ဆင်ရန်

အနောမဒဿီဘုရားလက်ထက်တော်အခါ ဂေါတမဘုရားအလောင်းလျာသည် ဘီလူးစစ်သေနာပတိကြီး ဖြစ်၍ ဘုရားရှင်ကို ဖူးတွေ့ရလျှင် ကြည်ညိုသဒ္ဓါပွားများကာ မိမိဘုံဗိမာန်၌ ဆန်းကြယ်သော မဏ္ဍပ် ဖန်ဆင်းပြီး ဘုရားရှင်ထံ အလှူကြီး ပေးသည် ရှိသော်၊ ဘုရားဖြစ်အံ့ဟူ၍ နိယတဗျာဒိတ်ကို ထပ်လောင်း ခံယူရရှိခဲ့သည်။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်မထေရ်လောင်းတို့လည်း ဤဘုရားရှင်ထံမှ အဂ္ဂသာဝကဆုကို ပန်ဆင်ခဲ့ကြသည်။

တပည့်သာဝကများ ပြင်ဆင်ရန်

အဂ္ဂသာဝကကြီး ယာ+ဝဲ နှစ်ပါးမှာ အရှင်နိသဘထေရ်၊ အနောမထေရ်

အနီးနေ အလုပ်အကျွေးရဟန်းမှာ အရှင်ဝရုဏထေရ်

အဂ္ဂသာဝိကာမကြီး ယာ+ဝဲနှစ်ပါးမှာ သုန္ဒရီထေရီ၊ သုမနာထေရီ

အဂ္ဂဒါယကာ နှစ်ဦးမှာ နန္ဒိဝဍ္ဎနသူဌေး၊ သိရီဝဍ္ဎသူဌေး

အဂ္ဂဒါယိကာမကြီး နှစ်ဦးမှာ ဥပ္ပလာဥပါသိကာမ၊ ပဒုမာဥပါသိကာမ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။ p. ၄၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)