အမှု—မိမိဝင်လာမည့်အကြောင်းကို တင်ကြို၍ မသိစေဘဲ နန်းတော်ခန်းဆောင်ဝင်မှု။

အမှုသည်—အရှင်အာနန္ဒာ။

ကောသမင်း ဥယျာဉ်ထွက်ခြင်း ပြင်ဆင်ရန်

ကောသလမဟာရာဇာသည် ဥယျာဉ်တော်သို့ ထွက်တော်မူလာသောအခါ ဥယျာဉ်တော်ဝယ် သစ်ပင် တပင်အောက်၌ သီတင်းသုံးတော်မူခိုက်ဖြစ်သော ဘုရားရှင်နှင့် ကြုံကြိုက်နေရကား ထိုဘုရားရှင်ရှိရာသို့ သွားလေသည်၊ ထိုအချိန်၌ ဥပါသကာ တယောက်လည်း ဘုရားအထံ၌ ရောက်နှင့်လျက်ရှိ၏၊ ကောသလမဟာရာဇာသည် ဥပါသကာကိုမြင်၍ ပဌမသော် စိတ်၌ ထင့်ကနဲ ဖြစ်သွားသော်လည်း “ဘုရားအထံ နေသူဟာ လူဆိုး လူယုတ်မာတော့ မဖြစ်တန်ရာ”ဟုတွေး၍ ဘုရားအနီးသို့ ရောက်အောင်သွားလေသည်။ [၁]

မင်းထက် ဘုရားရိုသေခြင်း ပြင်ဆင်ရန်

ထိုဥပါသကာသည် ကောသလမဟာရာဇာ လာသည်ကို မြင်သော်လည်း ဘုရားကို လေးစားခြင်းကြောင့် (ဘုရား အနားထိုင်ရာမှထ၍ မင်းကို အရိုအသေပေးလျှင် ဘုရားကို မလေးစားရာ-ဘုရားထက် မင်းကို ရိုသေရာ ရောက်မည်ဖြစ်သောကြောင့်) ကောသလမဟာရာဇာကို ရှိလည်းမခိုး-ခရီးဉုးလည်း မကြိုဘဲ ထိုင်မြဲတိုင်နေလေသည်၊ ထိုအခြင်းအရာကို မြင်၍ ကောသလမဟာရာဇာလည်း စိတ်မကျေမနပ် ဖြစ်သွား၏၊ ထိုသို့ မကျေမနပ်ဖြစ်ဟန်ကို ဘုရားရှင်လည်း သိတော်မူရကား—[၁]

“မဟာရာဇာ” ဤဥပါသကာသည် တရားတော် အရာဝယ် အကြားအမြင် ဗဟုသုတများ၍ ပိဋကသုံးပုံကို နှုတ်ငုံဆောင်နိုင်သော ကာမဂုဏ်တို့၌လည်း တပ်မက်ခြင်း မရှိလောက်အောင် အနာဂါမ်ဖြစ်ပြီးသော လူသူတော်ဖြစ်သည်”ဟု မိန့်တော်မူရလေသည်၊ ထိုအခါကျမှ မဟာရာဇာလည်း အတော်အတန်ကျေနပ်၍ “ဥပါသကာ သင်အလိုရှိတာများရှိလျှင် ပြောပါ”ဟု ဖိတ်မန်လေသည်၊ ဥပါသကာကလည်း “ကောင်းပါပြီ မင်းမြတ်”ဟု သံတော်ဥုး တင်လိုက်၏။[၁]

ဥပါသကာနှင့် ပြန်၍ တွေ့ခြင်း ပြင်ဆင်ရန်

ထိုကဲ့သို့ တွေ့ကြုံပြီးနောက် အခါတပါး၌ ကောသလမဟာရာဇာသည် နန်းတော် အထက်ထပ်မှာ နေစဉ် ထိုဥပါသကာသည်ပင် နန်းယင်ပြင် ရထားလမ်း၌ ထီး ဆောင်း၍ ဘိနပ်စီးလျက် ခရီးသွားနေသည်ကိုမြင်၍ အခေါ်ခိုင်းပြန်လေသည်၊ ထိုအခါ၌ကား အခေါ်ခိုင်းကြောင်းကို ကြားလျှင်ပင် ထီးကိုရုပ်၍ ဘိနပ် ချွတ်ကာ ဘုရင့်အထံသို့ လာ၍ ရှိခိုးဝပ်ချပြီးမှ ရိုသေစွာ, ထိုင်နေလေသည်၊ ထိုအခါ ကောသလမဟာရာဇာသည် ထိုဥပါသကာအား နန်းတွင်းသူတို့ကို စာချပေးဘို့ရန် တိုက်တွန်း၏၊ ဥပါသကာကလည်း နန်းတွင်း၌ အပြစ်များပုံကို မြင်၍ “အရှင်မင်းမြတ်—ကျွန်တော်မျိုး တရားသိရခြင်းမှာ ရဟန်းတော်များ အထံမှ တဆင့်နာယူ၍ သိရခြင်းဖြစ်ပါသည်၊ ရဟန်းတော်များ ကိုယ်တိုင် နန်းတော်သူများကို သင်ပေးသင့်ပါသည်”ဟု သံတော်ဉုးတင်လေသည်၊ မင်းတရားလည်း သူသံတော်ဦးတင်တာ မှန်ပေသားဘဲ”ဟု ယူဆ၍ ဥပါသကာကို ပြန်လွှတ်လိုက်လေသည်။[၁]

ရှင်အာနန္ဒာ စာသင်ပေးခြင်း ပြင်ဆင်ရန်

ထို့နောက် ဘုရား အထံတော်ဝယ် ရဟန်းတပါးကို တောင်းသောအခါ အရှင်အာနန္ဒာကိုရ၍ မကြာမကြာ စာသင်ပေးခြင်း နန်းတော်သို့ ကြွလာပြီးလျှင် အရှင်အာနန္ဒာ ကိုယ်တော်တိုင် နန်းတော်သူများကို တရား(စာ) သင်ပေးတော်မူရလေသည်၊ ထိုသို့ မကြာမကြာ ကြွလာရာဝယ် တနေ့သောအခါ၌ကား ကောသလမင်းနှင့် မလ္လိကာတို့ စက်တော်ခန်းဆောင်မှာ နေစဉ် အရှင်အာနန္ဒာလည်း နန်းတော် အဆောင်သို့ ဝင်လာသည်ကို မလ္လိကာမြင်၍ ကပျာကယာထလိုက်ရာ ချောမွေ့သော ခါးဝတ်လွှာသည် လျောကျသွားလေတော့၏၊ အရှင်အာနန္ဒာလည်း ရှေ့တိုးမသွားတော့ဘဲ ထိုနေရာမှ ပြန်လှည့်လေတော့၏၊ ကျောင်းတော်သို့ ပြန်ရောက်သောအခါ လှည့်ပြန်ခဲ့ရခြင်း၏ အကြောင်းကို ရဟန်းတို့အား ပြောပြလေရာ ရဟန်းတို့က “လာမည့်အကြောင်းကို တင်ကြို၍ အသိမပေးဘဲ ဝင်ရမလား”ဟု အပြစ်တင်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ရညော ခတ္တိယဿ မုဒ္ဓါဘိသိတ္တဿ အနိက္ခန္တရာဇကေ အနိဂ္ဂတရတနကေ ပုဗ္ဗေ အပ္ပဋိသံဝိဒိတော ဣန္ဒခီလံ အတိက္ကာမေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင် ရဟန်းသည် ခတ္တိယဇာတ်ရှိသော ဘိသိက်ခံ ပြီးသောမင်း၏ မထွက်သေးသော မင်းရှိသော မထွက်သေးသော မိဖုရားရတနာရှိသော စက်တော်ခန်းဆောင်၌ မဝင်မီ ရှေးအဘို့က (မိမိဝင်လာမည့်အကြောင်းကို) မသိစေဘဲ တံခါးခုံကို ကျော်လွန်စေအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။ [၁]

မှတ်ချက် ပြင်ဆင်ရန်

ခတ္တိယဇာတ် (မင်းမျိုးမင်းနွယ်)လည်းဖြစ်, အဘိသိက်သွန်းပြီးလည်း ဖြစ်သော မင်း၏ ခန်းဆောင်ကို ဝင်မှ ပါစိတ်အာပတ်သင့်သည်။ ခတ္တိယလည်းမဟုတ်, ခတ္တိယ ဟုတ်စေကာမူ အဘိသိက် မသွန်းရသေးသော မင်း၏ ခန်းဆောင်သို့ဝင်ရာ၌ကား ဤသိက္ခာပုဒ်အရ အာပတ်မသင့်၊ သို့သော် ယခုကာလ၌ပင် ရာဇာဆိုသူတို့၏ အိမ်တော်တွင်းသို့ ဝင်ထွက် သွားလာခြင်း၌ အပြစ်မကင်း တတ်ပုံကိုကား ထိုသိက္ခာပုဒ်၌ ဘုရားဟောတော်မူထားသော အပြစ်များဖြင့် ထင်ရှားသိနိုင်ပေသည်။[၁]

အိမ်တော်ဝင်မှု အပြစ်ဆယ်ခု ပြင်ဆင်ရန်

၁။ မင်း မိဖုရားတို့ အတူနေစဉ် နန်းတော် အိမ်တော်သို့ ဝင်လာသော ရဟန်းကို မိဖုရားမြင်၍ ပြုံးမိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို “ကြည့်၍ ပြုံးမိတတ်၏။ ထိုသို့ပြုံးမိရာ၌ “သူတို့နှစ်ယောက်ဟာ ဟိုကိစ္စ ဒီကိစ္စပြုပြီးသော်လည်း ဖြစ်လိမ့်မည်၊ သို့မဟုတ် နောင်ပြုဘို့ရန် အချိန်း အချက်သော်လည်း ရှိလိမ့်မည်၊ ဒါကြောင့်သာ ပြုံးတာဘဲ” ဟု ရှင်ဘုရင် အထင်လွှဲတတ်သည်၊ (ရှင်ဘုရင် အထင်လွဲနေလျင် တစုံတစ်ခု အပြစ်ရှာစရာရှိသည်-ဟူလို၊)ဤကား နန်းတော်ဝင်မှု၌ အပြစ် တခုတည်း။

၂။ မင်းဆိုသည်မှာ ကိစ္စအလွန်များသူ ဖြစ်၏၊ နန်းတော်သူ မောင်းမငယ် တယောက်ယောက်ကို သွားလာပြီးသော်လည်း မမှတ်မိဘဲ ဖြစ်နေတတ်၏၊ ထိုမောင်းမငယ်သည် တကယ်လို့များ ကိုယ်ဝန်ရှိလာသောအခါ ရှင်ဘုရင်သည် သူသွားလာဘူးသည်ကို အမှတ် မရဘဲ “အိမ်တော်တွင်းမှာ အခြားယောက်ျား အထွက် အဝင် မရှိ၊ ရဟန်းသာ အတွက်အဝင်ရှိ၏၊ မောင်းမငယ် ကိုယ်ဝန်ဟာ ရဟန်းနှင့် ရတာလေလား”ဟု ယုံမှားသံသယ ဖြစ်တတ်သည်၊ ဤကား အိမ်တော်ဝင်မှု၌ ဒုတိယအပြစ်တခုတည်း။

၃။ နန်းတော်၌ အဖိုးတန်ရတနာ ပျောက်သောအခါလည်း အဝင် အထွက်များသော ရဟန်းကိုပင် အထင်မှားတတ်၏။ ဤကား အိမ်တော်ဝင်မှု၌ တတိယအပြစ်တခုတည်း။

၄။ နန်းတော်တွင်း၌ လျှို့ဝှက်စွာ တိုင်ပင်ထားသော အကြံအစည်တစုံ တရာသည် အတွင်းသူလျှိုများကြောင့် အပြင်ဘက်၌ ပေါက်ကြား တတ်၏၊ ထိုအခါ၌လည်း အဝင်အထွက်များသော ရဟန်းကိုပင် အထင်မှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ စတုတ္ထအပြစ်တခုတည်း။

၅။ တရံတခါ သားတော်နှင့် ခမည်းတော်တို့ အဆင်မပြေဘဲ ရှိတတ်၏၊ သားတော်ကသော်လည်း ခမည်းတော်ကို လုပ်ကြံဘို့ရန် ကြံစည်တတ်၏၊ ခမည်းတော်ကသော်လည်း သားတော်ကို ဖမ်းဆီးဘို့ရန် ကြံစည်တတ်၏၊ ထိုသို့ဖြစ်ရာ၌ “ရဟန်း၏ ကုန်းတိုက်မှုကြောင့် ဤသို့ ဖြစ်ရလေသလား”ဟု ယုံမှားခံရတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ ပဉ္စမအပြစ်တခုတည်း။

၆။ တရံတခါ၌ ရှင်ဘုရင်သည် ရာထူးနိမ့်သူကို ရာထူးမြှင့်ပေးတတ်၏၊ ထိုသို့မြှင့်ပေးခြင်းကို မလိုလားသူတို့က “ရှင်ဘုရင်သည် ရဟန်းနှင့် အကျွမ်းဝင်၏၊ ရဟန်းက ပြောပေးလို့ ရာထူးတက်တာ ထင်သည်” ဟု ရဟန်းကိုပင် အထင်မှားတတ်, အငြိုးထားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ ဆဋ္ဌမအပြစ်တခုတည်း။

၇။ တခါတရံ ရှင်ဘုရင်သည် ရာထူးမြင့်နေသူကို ရာထူးလျှော့ချတတ်၏၊ ထိုသို့လျှော့ချခြင်းကို မလိုလားသူတို့က “ရှင်ဘုရင်သည် ရဟန်းနှင့် တိုင်ပင်နှီးနှော ပြောဆိုလေ့ရှိ၏၊ ဒီကိစ္စဟာ ရဟန်း၏ အကြံများ ဖြစ်လေသလား” ဟု ယုံမှားတတ်, အငြိုးထားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၏ သတ္တမအပြစ်တခုတည်း။

၈။ တရံတခါ ရှင်ဘုရင်သည် ... အချိန်ကာလမဟုတ်ဘဲ စစ်တပ်ကို တနေရာသို့ ပို့တတ်၏၊ ထိုသို့ ပို့ခြင်းကို မလိုလားသူတို့က‘ “ရဟန်းနှင့် တိုင်ပင်၍ ပို့တာလေလား”ဟု ရဟန်းကိုပင် ယုံမှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၏ အဋ္ဌမအပြစ်တခုတည်း။

၉။ တရံတခါ ရှင်ဘုရင်သည် လွှတ်သင့်ရာအခါဝယ် စစ်တပ်ကို လွှတ်ပြီးမှလည်း လိုရာအရပ်သို့ မရောက်မီ လမ်းခရီးအကြားမှ ပြန်၍ ခေါ်တတ်၏။ ထိုသို့ ပြန်ခေါ်ခြင်းကို မလိုလားသူတို့က “ရဟန်း၏ သဘောကျ လုပ်တာလေလား” ဟု ရဟန်းကိုပင် ယုံမှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ နဝမအပြစ်တခုတည်း။

၁၀။ နန်းတော် အိမ်တော်ဆိုသည်မှာ ဆင်သံ မြင်းသံ-ရထားသံတို့ဖြင့် ဆူညံတတ်၏၊ တပ်မက်ဘွယ်ရာ အဆင်း အသံ အနံ့ အရသာစသော အာရုံတို့သည်လည်း ပေါများလှ၏၊ ထိုအားလုံးသည်ပင် သူတော်ကောင်းရဟန်းများနှင့် မလျော်ချေ၊ ဤသို့မလျော်သော အာရုံများသော အိမ်တော်တွင်းသို့ ဝင်ထွက်သွားလာ နေထိုင်ရခြင်းသည်လည်း ရဟန်းများအတွက် ဒသမ အပြစ်တမျိုးပင် ဖြစ်သည်။[၁]

မှတ်ချက် ပြင်ဆင်ရန်

ဤပြခဲ့သော အပြစ်များသည် အစိုးရအိမ်များ၌သာ ရှိသည်မဟုတ်သေး၊ အထက်တန်း လူကုံထံတို့ အိမ်များ၌လည်း ရှိနိုင်၏၊ ထို့ကြောင့် ရဟန်းတော်များသည် အစိုးရနှင့်လူကုံထံ အိမ်သာမက သာမန်လူဝတ်ကြောင်တို့ အိမ်များ၌လည်း အထူးပင့်ဖိတ်ချက် မရှိလျှင် မသွားဘဲ ရှောင်ကြဉ်ခြင်းသာ အပြစ်ကင်းလွတ်ပေလိမ့်မည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး