ဥပါသကာ နှင့် ဥပါသိကာ ဟူသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဒကာ ဒကာမများကို ခေါ်ဆိုသော ဝေါဟာရဖြစ်၏။ သရဏဂုံတည်သူမှန်သမျှ ကြီးကြီးငယ်ငယ် အမျိုးသားဖြစ်လျှင် ဥပါသကာ၊ အမျိုးသမီးဖြစ်လျှင် ဥပါသိကာဟု ခေါ်သည်။ သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ဥပါသကာ ဥပါသိကာတို့၏ အခန်း ကဏ္ဍမှာ အရေးပါလှသည်။

ဥပါသကာ ဥပါသိကာအကြောင်း ပြင်ဆင်ရန်

ဥပါသကာ ဥပါသိကာတို့သည် သံဃာတော် အရှင်မြတ်များနှင့် ဓမ္မာနုဂ္ဂဟ၊ ပစ္စယာနုဂ္ဂဟအားဖြင့် အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သူ့တာဝန် ကိုယ့်တာဝန် ကျေပွန်အောင် လက်တွဲထမ်းဆောင်ကြရ၏။ သံဃာတော်များနှင့် အေးအတူ ပူအမျှ စိတ်ထားရသူများ ဖြစ်သည်။ ပစ္စည်းလေးပါး တာဝန် ထမ်းဆောင်ရသူများ ဖြစ်၍ မိမိပိုင် ပစ္စည်းဥစ္စာကို ရဟန်းသံဃာများနှင့် မခွဲခြားဘဲ သာတူညီမျှ အတူတကွ သုံးစွဲနိုင်သူများလည်း ဖြစ်၏။

ဥပါသကာမည်သည် သာသနာဆုတ်ယုတ်မည့် အရေးကိစ္စ ပေါ်လျှင်လည်း ကြောင့်ကြမဲ့ မနေ၊ သံဃာတော်များနှင့်အတူ လက်တွဲ၍ ဆောင်ရွက်ရ၏။ ယုတ်စွအဆုံး သံဃာတော်များ အချင်းချင်း မသင့်မမြတ် ဖြစ်သည်ကို တွေ့လျှင်ပင် ညီညတ်အောင် ဆောင်ရွက်ပေးရသည်။ ကောသမ္ဗီမြို့တွင် ပစ္စည်းလေးပါးဖြင့် အကြပ်ကိုင်၍ပင် ညီညွတ်စေခဲ့ဖူး၏။

မြတ်စွာဘုရားရှင်သည် အနာဂတ်သာသနာအတွက် ရဟန်း သံဃာတော်နှင့်ရဟန်းမများနည်းတူ ဥပါသကာနှင့် ဥပါသိကာမတို့အားလည်း အားထားမျှော်လင့်တော်မူ၏။ တာဝန်လည်း ပေးအပ်ထားတော်မူခဲ့၏။ သာသနာပြုရာတွင် ဝိနည်းသိက္ခာပုဒ်များကြောင့် ရဟန်း သံဃာတော်များ မဝင်ဆံ့၊ မဆောင်ရွက်နိုင်သော ကိစ္စများရှိတတ်၏။ ထိုကိစ္စမျိုးကို လူဒကာ ဒကာမတို့ ဆောင်ရွက်မှသာ ရနိုင်သည်။ ဥပါသကာ ဥပါသိကာမတို့သည် ရဟန်းတော်များနည်းတူ သာသနာ့တာဝန်များ ရှိကြသည့် အားလျော်စွာ ဥပါသကာ ဥပါသိကာမတို့၌ ရှိသင့်ရှိထိုက်သော ကိုယ်ကျင့်တရား၊ ဂုဏ်အရည်အသွေးများ အပြည့်ရှိအောင်လည်း ကြိုးစားကြရာ၏။

ဥပါသကာ၏ ကိုယ်ကျင့်သီလ ပြင်ဆင်ရန်

မြတ်စွာဘုရားက "ဥပါသကာဟူသည် ငါးပါးသီလနှင့် ပြည့်စုံရမည်"ဟု မဟာနာမ် သာကီဝင်မင်းအား မိန့်ကြားတော်မူခဲ့သည်။ ငါးပါးသီလ မလုံခြုံလျှင် အကျင့်သီလရှိသော ဥပါသကာ မမည်ပေ။

ဥပါသကာ၏ အသက်မွေးမှု ပြင်ဆင်ရန်

ဥပါသကာသည် အကျင့်သီလ ပြည့်စုံရုံမျှဖြင့်လည်း မပြီးသေး၊ အပြစ်ကင်းသော အသက်မွေးမှု လုပ်ငန်းမျိုးကို လုပ်ကိုင်အသက်မွေးရန် လိုပေသေးသည်။ ဥပါသကာတို့ ရှောင်ကြဉ်ရမည့် အသက်မွေးမှု လုပ်ငန်း (၅) မျိုးရှိကြောင်း မြတ်စွာဘုရား ဟောကြားခဲ့သည်။ ထို(၅)မျိုးတို့မှာ

  1. လက်နက်ကုန် ရောင်းဝယ်ခြင်း၊
  2. လူကုန် ရောင်းဝယ်ခြင်း၊
  3. အသားကုန် ရောင်းဝယ်ခြင်း၊
  4. သေရည်အရက် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း
  5. အဆိပ်ကုန် ရောင်းဝယ်ခြင်း တို့ဖြစ်သည်။

ဖော်ပြပါ (၅)မျိုးတို့မှာ မိမိ သူတပါး ထိခိုက်ပျက်စီးစေတတ်၍ မတရားသော အပြစ်မကင်းသော ရောင်းဝယ်မှုဟု ခေါ်၏။ ဥပါသကာသည် ထိုမတရားသော ရောင်းဝယ်မှုတို့ကို ရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်း စသော အမှုများ ပြုလုပ်၍ အသက်မွေးကြရမည် ဖြစ်ပေသည်။ လည်း ရှုပါ။[၁]

ဥပါသကာ ဆုတ်ယုတ်ကြောင်း (၇)မျိုး ပြင်ဆင်ရန်

အင်္ဂုတ္တိုပါဠိတော်လာ ဥပါသကာ အရည်အချင်း ညံ့ဖျင်းယုတ်လျော့စေတတ်သော အကြောင်းအင်္ဂါ(၇)မျိုးမှာ -

  • (၁) ရဟန်းသံဃာတော်များအား တွေ့ဆုံဖူးမြော်မှု ယုတ်လျော့ခြင်း။
  • (၂) တရားနာယူမှု၌ မေ့လျော့ခြင်း။
  • (၃) ကိုယ်ကျင့်သီလ လုံခြုံအောင် မစောင့်ထိန်းခြင်း။
  • (၄) ရဟန်းသံဃာတော်များအပေါ်၌ ကြည်ညိုမှု အားနည်းခြင်း။
  • (၅) ခြုတ်ခြယ်စောင်းမြောင်းကာ အပြစ်ရှာလိုစိတ်ဖြင့် တရားနာယူခြင်း။
  • (၆) သာသနာအပြင်ဘက်၌ အလှူခံပုဂ္ဂိုလ်အား ရှိခိုး မြော်ကိုး ရှာမှီးခြင်း။
  • (၇) ကုသိုလ်ကောင်းမှု ပြုလုပ်သော အခါလည်း သာသနာတော် အပြင်ဘက်၌သာ ဦးစားပေး ရှေးဦးစွာ ပြုလုပ်ပြီး သာသနာတော်၌ နောက်မှ ကောင်းမှု ပြုလုပ်ခြင်း -

တို့ ဖြစ်သည်။ ဥပါသကာ ပြည့်စုံကြောင်း အရည်အချင်းကောင်း(၇)မျိုးကိုလည်း ပြောင်းပြန်အားဖြင့် မှတ်ယူနိုင်သည်။

ဥပါသကာ ဂုဏ် ၁၀-ပါး ပြင်ဆင်ရန်

ဥပါသကာ ဥပါသိကာတို့ယူစရာ ဂုဏ်များမှာ -

  • (၁) သံဃာများနှင့် ချမ်းသာဆင်းရဲ မကွဲမပြား တရားကိုစောင့်ရှောက်ကြီးမှူးခြင်း။
  • (၂) အကုသလ ဒုစရိတ ဓမ္မတို့ကို ရှောင်ရှားခြင်း။
  • (၃) ဗုဒ္ဓသာသနာတော်ကို ထွန်းကားကြီးပွားစေခြင်း။
  • (၄) ဒိဋ္ဌိဇုကမ္မ ခေါ် အယူကိုဖြောင့်မတ်စေခြင်း။
  • (၅) အင်း အိုင် မန္တရား နတ် စုန်းစသော လောကီလုပ်ငန်းများကို မယုံကြည် မကိုးစားခြင်း။
  • (၆) တစ်ပါးဘုရားကို မကိုးကွယ်ရန် ကြောင့်ကြတစ်ခု မပြုတော့ခြင်း။
  • (၇) ကိုယ် နှုတ် နှစ်ပါးကို စောင့်ရှောက်လုံခြုံစေခြင်း။
  • (၈) ငြူစူခြင်း ဣသာမှကင်းခြင်း။
  • (၉) မစဉ်းလဲ မကောက်ကျစ်ခြင်း။
  • (၁၀) ရတနာသုံးရပ်ကို မပြတ်ဆည်းကပ်ခြင်း တို့ ဖြစ်သည်။[၂]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ဗုဒ္ဓဘာသာတရားတော်(အထက်တန်းအဆင့်)။ သာသနာရေးဝန်ကြီးဌာန။ ၁၉၉၇။ p. ၁၈၈။
  2. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ။ သုတေသန သရုပ်ပြအဘိဓာန်ကျမ်း