(၃)သုတ် ရှိပါသည်။

[၁] လွန်ပြီးသော အတိတ်လာဘ်ကိုလည်း စိုးရိမ်ပူပန်မှုမရှိ၊ ရရှိမည့် အနာဂတ် လာဘ်ကိုလည်း မမျှော်လင့် မတောင့်တ၊ ဖြစ်ဆဲ ပစ္စုပ္ပန်လာဘ်ဖြင့် မျှတနိုင်သောကြောင့် တောထဲ၌ တရားဓမ္မကျင့်နေကြသော တစ်ထပ်သာ ဘုဉ်းပေးကြသော ကိလေသာပူလောင်မှု ကင်းသော ရဟန်းတော်တို့၏ အရေအဆင်း ကြည်လင်ခြင်း အကြောင်းနှင့် ရရှိဖြစ်ပေါ်မည့် အနာဂတ်လာဘ်ကို တောင့်တနေကြ, လွန်ပြီးသော အတိတ်လာဘ်ကို စိုးရိမ်ပူပန်မှုဟူသော အကြောင်းနှစ်ပါးကြောင့် လူမိုက်များ ရိတ်ဖြတ်၍ နေလှမ်းထားသော စိမ်းစိုသော ကျူရိုးကဲ့သို့ ခြောက်ကပ်နေခြင်းကို အညတရနတ်သား၏ မေးလျှောက်မှု အရ ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -အသားအရေ ကြည်လင်မှု ဖြစ်ပေါ်လာပုံ အစရှိသော မှတ်သားဖွယ် အချက်အလက်များကို ဖွင့်ပြထားပါသည်။


[၂] ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်-ဟူသော မိစ္ဆာဝိတက်သုံးပါးကို ကြံစည်နေခြင်းနှင့် ပညာမရှိ မိုက်မဲတွေဝေ, ဆွံ့အခြင်းဟူသော တရားလေးမျိုးရှိသော ပုဂ္ဂိုလ်တို့ တောရကျောင်းတို့၌ မနေနိုင်ပုံနှင့် နေက္ခမ္မဝိတက်, အဗျာပါဒဝိတက်, အဝိဟိံသာဝိတက်-ဟူသော သမ္မာဝိတက်သုံးပါးကို ကြံစည်ခြင်း, ဉာဏ်ပညာရှိ မတွေ့မဝေ, မဆံ့ အ ခြင်းဟူသော တရားလေးမျိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တောရကျောင်း၌ မှီဝဲနေထိုင်သင့်ပုံကို ကဏှပက္ခ, သုက္ကပက္ခ ခွဲ၍ ဟောတော်မူသည့်သုတ်။


[၃] (၁) သီလရှိခြင်း၊ (၂) အကြားအမြင် “ဗဟုဿုတ”ရှိခြင်း၊ (၃) ထက်သန်သော လုံ့လ, စွဲမြဲသော အားထုတ်မှုရှိခြင်း၊ (၄) ရူပါဝစရဈာန် လေးပါးကို ရရှိခြင်း၊ (၅) ယခုဘဝ၌ပင် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ပြုခြင်း-ဟူသော တရားငါးမျိုးနှင့် ပြည့်စုံသောရဟန်းသည် တောရကျောင်းတို့ကို မှီဝဲနေထိုင်ထိုက်၏-ဟု ဟောတော်မူသည့်သုတ်။ [၄]


အရညသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရာငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲခြင်းငှါ သင့်လျော်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၅။ သံ၊မြန်၊၁၊၅။ သံ၊ဋ္ဌ၊၁၊၂၆-၇။ သံ၊ဋီ၊၁၊၇၂-၃။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာဝဂ္ဂ၊ ၁-နဠဝဂ္ဂ၊ ဒသမသုတ်။
  2. -အံ၊၁၊၅၇၅။ အံ၊မြန်၊၁၊၅၈၈။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ (၂၆) ၆-အဘိညာဝဂ္ဂ၊ နဝမသုတ်။
  3. -အံ၊၂၊၁၁၉။ အံ၊မြန်၊၂၊၁၄၇။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၁) ၁-ဖာသုဝိဟာရဝဂ္ဂ၊ ဒသမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  5. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၁) ၁ - ဖာသုဝိဟာရဝဂ် ၁၀ - အရညသုတ်