ကစားစရာများသည် လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင်တစ်နိုင်ငံ ကွဲလွဲကောင်းကွဲလွဲမည် ဖြစ်သော်လည်း ရှေးပဝေသဏီကပင် ပေါ်ပေါက်ခဲ့ပေသည်။ သို့ရာတွင် လူတို့၏ခေတ်သည် အမျိုးမျိုး ပြောင်းလဲခဲ့သည့်အတိုင်း ကလေးကစားစရာများသည်လည်း ခေတ်အလိုက် အမျိုးမျိုး တိုးတက်ပြောင်းလဲလာခဲ့ကြပေသည်။ အထူးသဖြင့် စက်မှုနှင့် သိပ္ပံပညာ ထွန်းကားလာသည့်အခါမှစ၍ ကလေးကစားစရာများ၏အဆင့်အတန်းမှာ သိသိသာသာ တိုးတက်၍လာခဲ့ပေသည်။ ရှေးခတ်လူတို့သည် ရွှံ့နှင့်ပြုလုပ်သော မြင်းရုပ်၊ နွားရုပ်များ၊ ဝါးပင် ကျူပင်မှ ပြုလုပ်သော ပြွေကလေးများဖြင့် မိမိတို့ သားသမီးများ၏ စိတ်ပျော်ရွှင်မှုကို ဖန်တီးပေးခဲ့ကြ၏။ အဝတ်စုတ်များ၊ သစ်တို ဝါးစများနှင့် ပြုလုပ်သော ကစားစရာများဖြင့်လည်း သားသမီးငယ်များကို နှစ်သိမ့်စေခဲ့ကြလေသည်။

ယောကျားကလေးများ ဆော့လေ့ရှိသော အဝေးထိန်းခလုပ်ပါသော တင့်ကားအရုပ်။

ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် ရှေးနှစ်ပေါင်းများစွာကစ၍ ကလေးကစားစရာများကို ကမ္ဘာအနှံ့အပြားသို့ တင်ပို့ ရောင်းချခဲ့ကြသည်။ ထိုတိုင်းပြည်များမှ ခေတ်စားသော အရုပ်များမှာ ကော်ရုပ်ကလေးများနှင့် မော်တော်ကား၊ မီးရထား၊ စက်ဘီးစသည့် အရုပ်ကလေးများ ဖြစ်သည်။ ကလေးများ တက်စီးနိုင်သော လှုပ်မြင်းရုပ်များ၊ နှစ်ယောက်စီး ချားရဟတ်များကို ကမ္ဘာအရပ်ရပ်ရှိ မည်သည့် ကလေးမျှမနှစ်သက်ဘဲ မနေနိုင်ပေ။ ဂျပန်နိုင်ငံ၊ ချက်ကိုဆလိုဗါးကီးယားနိုင်ငံတို့မှလည်း စက္ကူဝါးထင်းရှူးသား၊ ကြွေထည်ရွှံ့၊ ကျွဲကော်စသည်တို့ဖြင့် ပြုလုပ်ထားသည့် ကစားစရာမျိုးစုံကို ကမ္ဘာအနှံ့အပြားသို့ အကြီးအကျယ် တင်ပို့ ရောင်းချခဲ့လေသည်။ ကစားစရာလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းဖြစ်သည့်အတိုင်း ကစားစရာပြုလုပ်သောသူတို့သည် မိမိတို့၏ကုန်ကို တွင်ကျယ်စွာ ရောင်းချနိုင်ရန်အတွက် ကစားစရာများကို ပိုမိုကောင်းမွန်အောင် တီထွင်နိုင်ရန် အမြဲကြိုးစားခဲ့ကြသည်။ ကြိုးစားသည့်အတိုင်းလည်း ယခုအခါ သိပ္ပံပညာနှင့်ယှဉ်သော စက်တပ်ကစားစရာ အဆန်းအပြားများ ပေါ်ပေါက်လာပေပြီ။ ရေထဲတွင် ခုတ်မောင်းနိုင်သော သင်္ဘောရုပ်ကလေးများ၊ သံပတ်ဖြင့်သွားသော မော်တော်ကားရုပ်ကလေးများ၊ သံလမ်းပေါ်တွင် ပတ်ပြေးသော မီးရထားရုပ်ကလေးများ၊လေထဲတွင် ပျံဝဲနိုင်သော လေယာဉ်ပျံရုပ်ကလေးများမှာ ကလေးသူငယ်များသာမက လူကြီးများပင် နှစ်ခြိုက်သဘောကျစရာဖြစ်ပေသည်။ ကလေးကစားစရာ အမျိုးမျိုးရှိရာ အချို့မှာ လှုပ်ရှားနိုင်ခြင်းမရှိသော အရုပ်သေများသာ ဖြစ်သည်။ အချို့မှာ လှုပ်ရှားနိုင်၊ ခုတ်မောင်းနိုင်သော အရုပ်ရှင်များ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း(က)