အေဘီစီဒီ၊ ကကြီး ကခွေးတို့ကဲ့သို့သော ယခုခေတ်သုံး အသံထွက်အက္ခရာများ မပေါ်မီ ရှေးခေတ်က လူတို့သည် မိမိ တို့ စိတ်ထဲ၌ ဖြစ်ပေါ်လာသော အကြောင်းအချက်တို့ကို ရေးသားဖော်ပြလိုသောအခါ ရုပ်ပုံများဖြင့် ရေးသားဖော်ပြခဲ့ကြ သည်။ ပမာဆိုသော် လူဟု ဆိုလိုလျှင် လူရုပ်ကို၎င်း၊ နေဟု ဆိုလိုလျှင် နေရုပ်ကို၎င်း၊ လဟု ဆိုလိုလျှင် လရုပ်ကို၎င်း ရေးဆွဲခဲ့ကြသည်။ ရှေးအီဂျစ်လူမျိုးတို့သည် အထိမ်းအမှတ် အဆောက်အအုံနှင့် သင်္ချိုင်းဂူများတွင် ရုပ်စုံစာများကို ထုထွင်း ခဲ့ကြသည်။ ထိုကဲ့သို့ အီဂျစ်တို့ ရေးဆွဲထုထွင်းခဲ့သော ရုပ်ပုံစာ အမှတ်အသားကို ဂရိတို့က ဟိုင်ယာရိုဂလစ်ဟု အမည်မှည့်ခေါ် ကြသည်။ ရှေးအမေရိကန် ရင်အင်ဒီးယန်းလူမျိုးတို့သည်လည်း ရုပ်ပုံစာဖြင့် ရေးသားခဲ့ကြသည်။

အစအဦးတွင် အီဂျစ်လူမျိုးတို့သည် မိမိတို့ ဆိုလိုသော အရာဝတ္ထုနှင့် အကြောင်းအရာများကို ရုပ်ပုံဆွဲ၍ တိုက်ရိုက် ဖော်ပြကြ၏။ ထိုနောက် ရုပ်ပုံစာလုံး၏ အသံထွက်ကိုယူ၍ စာလုံးတစ်လုံးနှင့်တစ်လုံး ပေါင်းစပ်ကာ အသံထွက်စကားလုံး များကို ရေးဆွဲလာကြသည်။ နောက်ဆုံးအဆင့်တွင် အသံထွက် အက္ခရာစာလုံးများကို ရေးဆွဲသည်အထိ တိုးတက်ခဲ့လေသည်။ ရုပ်ပုံစာကို တတ်ကျွမ်းသူများမှာ ရှေးခေတ်အီဂျစ်ဘုန်းကြီးများ ဖြစ်၏။ ထိုအခါက များသောအားဖြင့် အထိမ်းအမှတ် ကျောက် တုံး၊ ကျောက်ပြားများပေါ်၌ ရုပ်ပုံစာကို စူးဆောက်တို့ဖြင့် ထုထွင်းလေ့ရှိကြသည်။ ရုပ်ပုံစာရေးသားပုံမှာ အမျိုးမျိုး ကွဲပြား သည်။ တစ်ခါတစ်ရံ လက်ဝဲဘက်မှ လက်ယာဘက်သို့လည်း ရေး၏။ သို့သော် များသောအားဖြင့် လက်ယာဘက်မှ လက်ဝဲ ဘက်သို့၎င်း၊ အထက်မှ အောက်သို့၎င်း ရေးလေ့ရှိကြသည်။ အီဂျစ်တို့သည် စာရေးအတတ်ပျံ့နှံ့လာသောအခါ ကျောက် တုံး၊ ကျောက်ပြားထက် အရေးရလွယ်ကူသော အရာဝတ္ထုကို ကြံဆ ရှာဖွေကြရာ ပပိုင်းရပ်ခေါ် ကျူပင်တစ်မျိုးကို တွေ့ကြ လေသည်။ ကျူရိုးကို ကလောင်တံအဖြစ်၎င်း၊ ကျပ်ခိုးကို ရေ နှင့် ရော၍ မင်အဖြစ်၎င်း အသုံးပြု၍ ပပိုင်းရပ်ကျူချပ်ပေါ်တွင် ရုပ်ပုံစာကို ရေးသားခဲ့ကြသည်။

ယဟူဒီနှင့် ဖီနီရှန်လူမျိုးတို့က အီဂျစ်တို့၏ ရုပ်ပုံစာမူကို အတုယူ၍ မိမိတို့၏ အက္ခရာများကို တီထွင်ကြသည်။ ထိုမှ တစ်ဆင့် ဂရိအက္ခရာများ ဖြစ်ပေါ်လာသည်။ ဂရိအက္ခရာမှ တစ်ဆင့် ရောမအက္ခရာသည်၎င်း၊ ရောမအက္ခရာမှ လက်ရှိ အင်္ဂလိပ်အက္ခရာသည်၎င်း အဆင့်ဆင့် ဖြစ်ပေါ်လာ၏။ ရောမခေတ် ကျဆုံးချိန် အေဒီ ၅ဝဝ ပြည့်နှစ်ခန့်သို့ ရောက်သောအခါ နှစ်ပေါင်း ၃၅ဝဝ မျှ သုံးစွဲလာခဲ့သော အီဂျစ်ရုပ်ပုံစာမှာ တိမ်ကောသွားလေတော့သည်။ ထိုနောက် ၁၇၉၉ ခုနှစ်တွင် နပိုလီယန်၏ စစ်တပ်မှ စစ်ဗိုလ်တစ်ဦးက နိုင်းမြစ်ဝရှိ ရိုဇက်တာခေါ် ရှေးဟောင်းမြို့အနီး၌ ကျောက်တုံး တစ်တုံးကို တွေ့ရှိ လေသည်။ ထိုကျောက်တုံးပေါ်တွင် အီဂျစ် တို့၏ ရုပ်ပုံစာရေးနည်းဖြင့်၎င်း၊ ဒီမိုတစ်ခေါ် ရှေးအီဂျစ်စာ ရေးနည်း ဖြင့်၎င်း၊ ဂရိဘာသာဖြင့်၎င်း ဘာသာသုံးမျိုးဖြင့် ရေးသားထားသည်။၁၈၂၂ ခုနှစ်တွင် ပြင်သစ်လူမျိုး ဖရန်ဆွာရှ် ပိုးလီယွန်ဆိုသူသည် ဂရိဘာသာဖြင့်၎င်း ဘာသာသုံးမျိုးဖြင့် ရေးထားသည်။ ၁၈၂၂ ခုနှစ်တွင် ပြင်သစ်လူမျိုး ဖရန်ဆွာရှမ်ပိုး လီယန်ဆိုသူသည် ဂရိဘာသာစကားကို မူတည်၍ ထိုကျောက် တုံးပေါ်ရှိ အီဂျစ်တို့၏ ရုပ်ပုံစာတစ်ပိုဒ်လုံးကို အနက်ပြန်ခဲ့လေ သည်။

ယခုအခါ အီဂျစ်ရုပ်ပုံစာနှင့် စပ်လျဉ်း၍ သဒ္ဒါစကား အဘိဓာန်စာအုပ်များ ရိုက်နှိပ်ထားပြီး ဖြစ်သောကြောင့် လူမျိုး ဆိုင်ရာ ဘာသာစကားကို လေ့လာတတ်ကျွမ်းသူတို့အဖို့ အီဂျစ် တို့၏ ရှေးဟောင်းစာပေများကို ဖတ်ရှုရန် မခဲယဉ်းတော့ချေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)