ဂေါတမမြတ်စွာဘုရားရှင်လက်ထက် သာဝတ္ထိပြည်၌ မွေးဖွားခဲ့သည်။ နာမည်က ဘဒ္ဒိယ ဖြစ်သည်။ သူသည် ချမ်းသာသည့် အမျိုး၌ မွေးဖွားခြင်း ဖြစ်သည်။  အခြားသော ဘဒ္ဒိယနာမည်များနှင့် ကွဲပြားရန် ပုံသဏ္ဌာန် အသွင်အပြင်ကို ကြည့်လျက် နာမည်တစ်ခု ထပ်ပေးခဲ့ကြသည်။ သူသည် ရုပ်ဆင်းအင်္ဂါ မလှပ။ ခန္ဓာကိုယ်သည်လည်း သေးကွေးလှသည်။ အရပ်အမောင်းကလည်း ပုကွနေခဲ့သည်။ ထိုသို့သောအကြောင်းများကို ထောက်ဆ၍ 'လကုဏ္ဍက ဘဒ္ဒိယ'ဟု နာမည်မှည့်ခေါ်ကြခြင်း ဖြစ်သည်။

မြတ်ဗုဒ္ဓ၊ ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းပြုခဲ့သည်။ ထို့နောက် ကမ္မဋ္ဌာန်းတရားကိုယူကာ ဝိပဿနာတရား ကျင့်ကြံအားထုတ်တော်မူလျက် တရားထူး ရခဲ့သည်။ ခိုင်မာသည့် သဒ္ဓါတရားဖြင့် ရဟန်းပြုလာခြင်း ဖြစ်သည်။ အကြားအမြင် များသည်။ ဓမ္မကထိကတစ်ပါးလည်း ဖြစ်သည်။ ချိုမြိန်သာယာသော အသံဖြင့် သူတစ်ပါးတို့အား တရားဟောလေ့ ရှိသည်။ ထိုအရှင်သည် အသံသာယာမှု၌ ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူခဲ့သည့် မထေရ်ဖြစ်သည်။

တစ်ရက်တွင် ပုဏ္ဏားကြီးတစ်ယောက်နှင့်အတူ ပွဲလမ်းသဘင်သို့သွားနေသည့် ကချေသည်မတစ် ယောက်သည် မထေရ်အားကြည့်ပြီး လှောင်ပြောင်ရယ်မောသည်။ ထိုသူမ၏ သွားတို့သည် မညီညာကုန်။ ညစ်ပတ် ပေရေနေခဲ့သည့်ကို မထေရ်မြတ်သည် တွေ့လိုက်သည်။ ထိုညစ်ပတ်နေသော သွားများကို အာရုံနိမိတ်ယူကာ ဈာန်ကိုဖြစ်စေသည်။ ထိုမှတဆင့် ဝိပဿနာသို့ တက်ကာ ဆက်လက်ပွားများသည်ရှိသော် အနာဂါမ်အဆင့်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက်တွင်မှ အရှင်သာရိပုတ္တရာမထေရ်မြတ်၏အထံမှ ဩဝါဒကို နာယူပြီး ရှုမှတ် ပွားများကာ ရဟန္တာဖြစ်တော်မူခဲ့သည်။

ထိုအရှင်မြတ်၏ အတိတ်ဘဝဇာတ်ကြောင်းကို ခြေရာကောက်ကြည့်သော် ပဒုမုတ္တိုရ်ဘုရားရှင်လက်ထက် တွင် ဟံသာဝတီမင်းနေပြည်တော်၌ စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝသော သူဌေးသားဖြစ်သည်။ တစ်ရက် အများနည်းတူ တရားနာရန် ကျောင်းတော်သို့ သွားခဲ့သည်။ ထိုစဉ်အလွန်သာယာသော အသံရှိသည့် ရဟန်းတစ်ပါး အား ဧတဒဂ်ရာထူးထားသည်ကို တွေ့မြင်၍ ခုနှစ်ရက်ကြာ ဘုရားအမှူးရှိသော သံဃာတော်များအား မဟာဒါန အလှူကြီးကို ပေးလှူဒါန်းခဲ့သည်။ ထိုအလှူဒါနဖြင့် အသံအသာယာမှုအရာ၌ ဧတဒဂ်ရာထူးကို ဆုတောင်းခဲ့သည်။ ထိုဘဝမှစုတေ၍ လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရသည်။

ဝိပဿီဘုရားရှင်လက်ထက်တွင် စိတ္တပတ္တမည်သော ဥဩငှက်ဘဝတွင် ရောက်ခဲ့သည်။ ထိုစဉ် ဘုရားရှင် အား သရက်သီးမှည့်ကို လှူဒါန်းခဲ့သည်။ ထိုကုသိုလ်ကောင်းမှုကြောင့်ပင် အသံသာယာမှု ဖြစ်ခဲ့သည်။ ထိုမှတပါး ကဿပဘုရားရှင်လက်ထက်တွင် လက်သမားဆရာကြီး ဖြစ်ခဲ့သည်။ ဩဇာအာဏာလည်း ညောင်းသည်။ စိတ် ကူးစိတ်သန်းလဲကောင်းသည်။ ကဿပဘုရားရှင်ကိုယ်တော် ပရိနိဗ္ဗာန်စံဝင်တော်မူသွားသည့်အခါ သာရီရိက ဓာတ်တော်များကို  စေတီတည်ထားရန် တိုင်ပင်ကြသည်။ ထိုစဉ် မထေရ်မြတ်လောင်းလျာသည် လက်သမားဆရာ ကြီးဖြစ်သည့်အတွက် အဆုံးအဖြတ်ပေးမှု ရခဲ့သည်။ လူတို့သည် စေတီပမာဏကို (၇)ယူဇနာ မှအစပြု၍ တည်ထားရန် တိုင်ပင်ကြသည်။ ထိုစဉ် လက်သမားဆရာကြီးသည် နောင်တွင်ပြုပြင်ရာ၌ လွယ်ကူရန်ဆိုပြီး တစ်ယူဇနာ အကျယ်အဝန်း၊ တစ်ယူဇနာအတောင်မြင့်သည့် စေတီတည်ထားရန် ဆုံးဖြတ်ပေးလိုက်သည်။ ထိုကဲ့ သို့သော အကြောင်းကြောင့် မထေရ်မြတ်သည် ပုကွခဲ့ရသည်။ အရပ်တိုခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင်လည်း မထေရ်မြတ်လောင်းလျာသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းဖြစ်စဉ် အခါကလည်း အသက်အရွယ်ကြီးရင့်သည့် အဘိုးအိုများကိုလည်းကောင်း၊ အသက်အရွယ်ကြီးရင့်သည့်အဘွားအိုများကိုလည်း ကောင်း၊  နူနာသည်လို ပုဂ္ဂိုလ်များကိုလည်း တွေ့လျှင် စက်ဆုပ်ရွံ့ရှာသော အပြုအမူဖြင့် မြေ၌လှဲစေကာ ကစားခြင်းမျိုးစုံတို့ကို ပြုလုပ်၍ လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သည်။ ထိုစဉ်သိကြားမင်းကိုယ်တိုင် သူအိုယောင် ဖန်ဆင်းကာ ဗာရာဏသီမင်းအား ဆုံးမပေးခဲ့ရသည်။ ထိုအကုသိုလ်ကြောင့်လည်း အဆင်းမလှခြင်း၊ ပုကွခြင်း ဖြစ်ရသည်။

သာသနတော်တွင် ဆဗ္ဗဂ္ဂီဆိုသည့် ရဟန်းတော်များ ရှိသည်။ သူတို့သည် အနေထိုင် သိပ်ဆင်ခြင်မှု မရှိ။ ဝိနည်းသိက္ခာပုဒ် အတော်များများသည်လည်း သူတို့ကို အကြောင်းပြု၍ ပညတ်ချက်ပြုရသည်ကား များပေသည်။ အပြစ်တင်စရာ၊ ဝေဖန်စရာ၊ ကဲ့စရာများနှင့် နေထိုင်ကြသည့် အုပ်စုပင်ဖြစ်သည်။ သူတို့သည် အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်မြတ်အား စ,စရာအဖြစ် မှတ်ထင်ထားကြသည်။ သို့အတွက် ထိပ်ပုတ် ခေါင်းပုတ်ဖြင့်လည်းကောင်း၊ ရှေ့ကို တွန်းထိုး၍လည်းကောင်း၊ ချီမ၍လည်းကောင်း စနောက်ကြသည်။ အရှင်မြတ်သည် ခန္ဓာကိုယ်သေးသွယ် လျက် အရပ်အားဖြင့် ပုကွနေသည်မှန်သော်လည်း အရှင်မြတ်သန္တာန်၌ ကိန်းအောင်းနေသည့် ဓမ္မဓာတ်၏ ကြီးမား မှုကို ဆဗ္ဗဂ္ဂီရဟန်းတို့ မသိကြပေ။ ထိုအခြင်းအရာကို မြင်တော်မူသည့်အတွက် ရဟန္တာအား ပြစ်မှားသည့် ကံသည် ကြီးမားသည့်အတွက် မြတ်ဗုဒ္ဓသည် ထိုရဟန်းများအား အသိပေးရသည်။ ဆုံးမရသည်။

"ရဟန်းတို့သည် ငါရဲ့သားတော်၏ အာနုဘော်ကို မသိကြခြင်းကြောင့် အချို့ပုထုဇဉ်ရဟန်းတို့က ပြက်ရယ် ပြုလုပ် ရှုတ်ချနေကြတယ်။ အဲဒီလိုလုပ်နေမယ်ဆိုရင် ပြုလုပ်တဲ့ရဟန်းတော်များအနေဖြင့် ကာလရှည်စွာ အစီးအပွား မဲ့ကို ဖြစ်စေရာ၏။ ဆင်းရခြင်းကို ဖြစ်စေရာ၏။ ဤအခြေအနေကြောင့် ရဟန်းတို့အား ပြောဆိုဆုံးမှုမှုကို ပြုလုပ် မှ သင့်ပေတော့မည်"ဟု အကြံဖြစ်တော်မူသည်။ ထို့ကြောင့် ပြက်ရယ်လှောင်ပြောင်နေသည့် ရဟန်းတို့အား မြတ်ဗုဒ္ဓသည် ဆုံးမတော်မူသည်။

"ရဟန်းတို့၊ သင်ချစ်သားတို့သည် နောက်မှလိုက်လာသည့် အဆင်းမလှသည့်၊ အကြည့်ရခက်သည့်၊ ပုကွကွဖြစ်နေသည့် ပြက်ရယ်လှောင်ပြောင်မှုကို ပြုလုပ်ကြတာခံနေရတဲ့ ရဟန်းတော်ကို သင်တို့မြင်ကြသည် မဟုတ်လော။"

"ရဟန်းတို့၊ ဤရဟန်းသည် သာမညရဟန်းတစ်ပါး မဟုတ်ပေ။ ကြီးမားသည့် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့် စုံသည့် ရဟန်းတစ်ပါး ဖြစ်သည်။ အဲဒီရဟန်းမဝင်စားဘူးတဲ့ သာဝကတို့ဆိုင်ရာ သမာပတ်ဆိုတာ မရှိပေ။ ထိုရဟန်းသည် ရဟန်းဘဝရဲ့ အဆင့်မြင့်ဆုံးဖြစ်သည့် အရဟတ္တဖိုလ်ကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ နေ၏"ဆိုပြီး မိန့်တော်မူကာ ဥဒါန်းဂါထာကို ကျူးရင့်တော်မူသည်။

တစ်ခါကလည်း ပုထုဇဉ်ဖြစ်သည့် ကိုရင်လေးများသည် မထေရ်မြတ်အား ကစားစရာအဖြစ် မှတ်ထင်ထား ခဲ့ဟန်တူ၏။ ဦးခေါင်းကို ဆွဲကိုင်၍လည်းကောင်း၊ နားကိုဆွဲ၍လည်းကောင်း၊ နှာခေါင်းကိုဆွဲ၍လည်းကောင်း စသဖြင့် ပြောဆိုလျက် စနောက် ကျီစယ်ကြသည်။ မထေရ်မြတ်သည် ကိလေသာအားလုံး ချိုးဖျက်ထားသူပီပီ သည်းခံမှုစွမ်းအားနှင့် ပြည့်စုံသူလည်း ဖြစ်သည်။ သို့အတွက် အမျက်မထွက်၊ စိတ်ဆိုးမှု မရှိပေ။ ထိုအခြင်းအရာများကို ရဟန်းတော်များသိ၍ မထေရ်အား ချီးမွမ်းခန်းထုတ်နေစဉ် မြတ်ဗုဒ္ဓကြွရောက်လာလျက် ရဟန္တာတို့အား ထိုကဲ့သို့ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မရှိခြင်းအကြောင်းကို ဟောပြသည်။ ထိုမထေရ်ကို အကြောင်းပြု၍ တောနေရဟန်းသုံးဆယ်တို့ကိုလည်း တရား ဟောတော်မူခဲ့သည်။ ထိုဒေသနာ၌ အသက်ကြီးခြင်း+ငယ်ခြင်းနှင့်ပတ်သက်၍ ခွဲခြားသတ်မှတ်ခြင်း အကြောင်းတို့ကို ဟောခြင်းဖြစ်သည်။

"ခေါင်းဖြူ၍ အသက်ကြီးကာမျှဖြင့် မထေရ်ကြီးမဟုတ်။ ထိုကဲ့သို့ အကျင့်သီလမရှိဘဲ အရွယ်အားဖြင့် အိုခြင်းသည် အချည်းအနှီး ဖြစ်၏။ အမှန်အားဖြင့် သစ္စာလေးပါးကို ထိုးထွင်း၍သိလျက် သူတစ်ပါးတို့အား မညှင်းဆဲ၊ မနှိပ်စက်၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း၊ ဣန္ဒြေတို့ကို ဆုံးမထားခြင်း၊ ကိလေသာတို့ကို ထွေးအန်ထား ခြင်း၊ တည်ကြည်သော ပညာရှိခြင်းရှိသူကိုသာ မြဲမြံခိုင်ခံ့သောကြောင့် မထေရ်ကြီးဟူ၍ သတ်မှတ်ရာ၏။" ဟု ဟောတော်မူသည့်အဆုံး ရဟန်းအားလုံး အရဟတ္တဖိုလ်သို့ ရောက်တော်မူခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  • တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၂၀၁၁)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ဆဋ္ဌမတွဲ)။ သာသနာရေးဦးစီးဌာန။ pp. ၁၈၁-၁၉၄။
  • အပါဒါအဋ္ဌကထာ ဒုတိယတွဲ -၂၄၃