ဦးအလီ(မြန်မာ ၁၂၅၉-၁၃၁၅)

ဦးအလီ(မြန်မာ ၁၂၅၉-၁၃၁၅)ပြင်ဆင်

မြန်မာ့တူရိယာဂီတာ လောကတွင် သီချင်းကြီးအဆို၌ ထင်ရှား ကျော်ကြားသော ဦးအလီကို သာဝတ္ထိမြို့၌ အဖ ကုန်သည် ဦးမောင်မောင်၊ အမိ ဒေါ်ချုံတို့မှ ခရစ် ၁၈၉၇ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၁၂၅၉ ခုနှစ် ဝါဆိုလဆန်း ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ အရွယ်ရောက်သောအခါ ရန်ကုန် အနောက်ပိုင်း တွင် နေထိုင်ကြီးပြင်း လာခဲ့သည်။

ဦးအလီသည် ငယ်စဉ်ကပင် ပြွေမှုတ် ဘင်ဂျိုတီးတတ်သည်။ အဆိုအတီးတွင် ဝါသနာပါသော်လည်း အသက်မွေးဝမ်းကျောင်း အတွက် မော်တော်ယာဉ်မောင်းအဖြစ် လုပ်ကိုင်သည်။ ရန်ကုန် မြို့ လသာလမ်းနေ မီးခြစ်သူဌေးဦးကြင်ကြက်၏ မော်တော် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေစဉ် ကားမောင်းယင်း ပါးစပ်မှ မပြတ်မလပ် သီချင်းတညည်းညည်း လုပ်နေတတ်သဖြင့် သူဌေး ဖြစ်သူက ဤမျှသီချင်းအဆို ဝါသနာပါမူ ဆရာ တစ်ဦးဦးထံ နည်းနာခံ သင်ယူရန် တိုက်တွန်းသဖြင့်၊ ရွှေတောင်တန်းနေ စောင်းဆရာဦးထွန်းဖေထံ တပည့်ခံသည်။ ထိုနောက် ဆရာ ဦးလှထွန်းအိုင်၊ ရုပ်သေးမင်းသမီးကြီး ဆရာမှန်းတို့ထံမှ ပညာ ယူခဲ့သည်။ ဆရာများ၏ ပညာကို မှီအောင် ခံယူနိုင်သောသူ ဖြစ်သည်။

၁၉၃၉-၄ဝ ခုနှစ်တွင် ဗြိတိသျှ အစိုးရလက်ထက် ပညာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်သောပန်းချီနှင့် တူရိယာပညာသင်ကျောင်း (အစိုးရအထက်တန်းကျောင်းဝင်းအတွင်း၌ ဖွင့်လှစ်သည်။) တွင် အဆို လက်ထောက်ဆရာအဖြစ် အမှုထမ်းလေသည်။ ထိုအချိန် က အဆိုဆရာမှာ ဒေါ်စောမြအေးကြည်ဖြစ်ရာ၊ ဒေါ်စောမြအေး ကြည်၏ ပညာများကိုလည်း ဦးအလီ ဆည်းပူးခွင့်ရလိုက်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သောအခါ ပန်းချီနှင့် တူရိယာအတတ် သင်ကျောင်းသည် စစ်ကွင်းမြို့သို့ ရွှေ့သွားရာ ဦးအလီသည် စစ်ကွင်းမြို့သို့ လိုက်ပါအမှုထမ်းသည်။ စစ်ပြီး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ၁၉၅၂ ခုနှစ်တွင် ပန်တျာကျောင်း ဖွင့်လျှင်ဖွင့်ခြင်း ယောက်ျားအဆိုဆရာအဖြစ် ခန့်အပ်ခြင်းခံရရာ၊ ၁၉၅၄ ခုနှစ် မတ်လ ၂၃ ရက်၊ သက္ကရာဇ် ၁၃၁၅ တပေါင်း လပြည့်ကျော် ၄ ရက်နေ့တွင် ကွယ်လွန်သည်အထိ လုပ်ကိုင် ဆောင်ရွက်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဦးအလီတူရိယာ အဖွဲ့ဟူ၍ သီချင်းကြီးအဖွဲ့ထောင်ကာ မြန်မာနိုင်ငံ အသံလွှင့်ရုံမှ သီဆိုအသံလွင့်သည်မှာလည်း ကွယ်လွန်သည်အထိ ဖြစ်သည်။

ဦးအလီသည် ကာလပေါ်သီချင်းအဆိုထက် သီချင်းကြီး အဆို ဝါသနာပါသည်။ ကာလပေါ်သီချင်း စာသားကို သီချင်း ကြီးအသံနှင့်ဆိုလေ့ရှိ၍ ယင်းသို့ဆိုလျှင် ပို၍ကောင်းသည်။ သီချင်းကြီးဆိုရာ၌ တီးသူနှင့် နားထောင်သူ ရွှင်လာအောင် ဆိုနိုင်သူဖြစ်သည်။ သီချင်းဆိုရာ၌ အသက်ဝင်ရုံသာမက အလင်္ကလာလည်း မြောက်သည်။ အဆိုလည်း သဘောပေါက် သည်။ ရေယမုန်ပတ်ပျိုးသည် အမျိုးသမီးများ ကလေးချော့ရာ၌ ဆိုရသော သီချင်းဖြစ်သော်လည်း ဦးအလီ ဆိုသောအခါ တကယ့်ကလေးချော့သီချင်းကဲ့သို့ ကြားရသူတို့ အရသာခံကြ ရသည်။ သီချင်းဆိုရာ၌ သဘာဝနှင့်သရုပ်ပေါ်အောင် ဆိုတတ် သည်။ အမျိုးသမီးဆို၊ အမျိုးသားဆို၊ အမျိုးသမီး အမျိုးသား နှစ်ယောက်စလုံးဆို ဟူ၍ရှိရာ၌ မည်သည့်သီချင်းမျိုးဆိုဆို သရုပ်ပေါ်အောင် ဆိုတတ်သူ ဖြစ်သည်။ သို့ရာတွင် တစ် ယောက်ယောက်က မတောင်းပန်ပဲ မည်သည့်အမျိုးသမီးဆို သီချင်းကိုမျှ ဆိုလေ့ မရှိချေ။ တိုက်တွန်းသူရှိမှ အမျိုးသမီးဆို သီချင်းမျိုးကို ဆိုလေ့ရှိလေသည်။ ယောက်ျားဆိုသည့်ဟန် ယောက်ျားဆိုသည့်အာလည်း ပီသသည်။ ခပ်ဆတ်ဆတ်ဆိုရ သော ပုလဲပေါက်သံဆန်း အဆိုကောင်းသလောက် ခတ် တွဲတွဲဆိုရသော သံရိုးအောက်ပြန်ဆို၌လည်း မညံ့ချေ။

ဦးအလီသည် စစ်မဖြစ်မီက ကိုလမ္ဗီယာဓာတ်ပြားကုမ္ပဏီနှင့် သီချင်းကြီးသီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား အပုဒ် ၃ဝ ကျော် ဓာတ်ပြားသွင်းခဲ့သည်။ ဒဂုန်မောင်ကြီး ဟူသောအမည်ကို ယူ၍ လည်း သီဆိုခဲ့ဘူးသည်။ သို့ရာတွင် ထိုအမည်နှင့်မထင်ရှားခဲ့ ချေ။ ဦးအလီ သီဆိုသော သီချင်းများအနက် ထင်ရှားသော သီချင်းများမှာ- (၁) ချစ်သမျှကို (၆) ကျွန်းကျွန်းပိုင်သ (၂) ရေယမုန် (၇) ဝေယံလိုပင် (၃) မဲဇာတောင်ခြေ (၈) ဘုံဆောင်မြင့် (၄) ဂန္ဓမာဗွေ (၉) ကျောင်းတော်ကြီးကြိုး (၅) မင်္ဂလာဘွဲ့ (၁ဝ) ဆဋ္ဌသံဂါယနာတင် စသည်တို့ ဖြစ်သည်။ ယင်းတို့အနက် ရေယမုန်ပတ်ပျိုးသည် နာမည်အကြီးဆုံး ဖြစ်သည်။ ဦးအလီ သီဆိုခဲ့သော ဓာတ်ပြား သီချင်းများကို အခြားသူအား ဆိုစေသော် ဦးအလီဟန်ရအောင် ဆိုနိုင်သူ ရှားလေသည်။

ဦးအလီသည် ပထမဇနီး ဒေါ်အေးနွဲ့နှင့် သားသမီး ငါး ယောက်ထွန်းကားခဲ့သည်။ ပထမဇနီး ကွယ်လွန် ပြီးနောက် ခုနစ်နှစ်အကြာ ဒေါ်မြနှင့် အိမ်ထောင်ကျ၍ ဂွတ်တလစ် ရပ်ကွက်၌ နေထိုင်စဉ် ထိုအိမ်၌ပင် ကွယ်လွန်သည်။ ဦးအလီတွင် တပည့်များစွာရှိရာ တူရိယာ ပန်တျာလောက၌ နာမည်ကြီးများဖြစ်ကြသော တရော ဦးဟန်ဝင်း၊ စန္ဒရားဦးငယ်၊ ဂီတာ ဘစောကြည်၊ စောင်းဦးစိန်ဖေတို့သည် သူ၏တပည့်များ ဖြစ်ကြသည်။ ဦးအလီသည် ဘင်ဂျိုအတီးကောင်းသူ ဖြစ်ရာ တပည့်များကို သင်ကြားပေးရာ၌ပင် ဘင်ဂျိုနှင့် သင်ကြားပေး လေ့ရှိသည်။

ဦးအလီကား ပညာတွင် မာနမရှိ၊ သီချင်းရမည်ဆိုလျှင် အထက်လူ အောက်လူမရွေး အောက်ကျခံ ပေါင်း၍ ပညာယူ လေ့ရှိသည်။ ပညာပေးသည့်အခါ၌လည်း ထိုနည်းအတိုင်း ဖြစ် ၍ စေတနာ အလွန်ရှိသူ ဖြစ်သည်။ အခကြေးငွေကို ပဓာန မထားပဲ ပညာကို ပေးဝေတတ်သူ ဖြစ်သည်။ စစ်မဖြစ်မီ ခေတ် လောက်က ဓာတ်ပြားသွင်းရခြင်းသည် အခကြေးငွေ အနည်း ငယ် သာရသော်လည်း နောင်လာနောင်သားများ သူ့ခေတ်က ကဲ့သို့ ခက်ခက်ခဲခဲ သီချင်းမတက်ကြစေရန် ရည်သန်၍ ရက်ရက်ရောရော ကိုယ်ကျိုးမငဲ့ပဲ ဆရာစားမချန် သီချင်းကြီး များကို ပညာဖြန့်ခဲ့သူဟု ဆိုရပေမည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)