ဝံသတိုင်းကြီး၏ သာ၍ တောင်ဘက်ကျသော၎င်းနှင့်စပ်လျက် တည်ရှိသော နိုင်ငံ အဝန္တိတိုင်းဖြစ်၍ မြတ်စွာဘုရားလက်ထက်တော်က ထင်ရှားသော တိုင်းကြီးတစ်တိုင်း ဖြစ်သည့်အပြင် ဝိနည်းဒေသနာတော်တွင် ထင်ရှားသော ဇီဝက သမားတော်ကြီးအကြောင်း အတ္ထုပ္ပတ် ဖြစ်ပွားရာဌာန ဥဇ္ဇေနီမြို့တော်ကြီးလည်း သာသနာနောက်ခေတ်တိုင်အောင် ထင်ရှားသော မြို့တော်ကြီးဖြစ်လေသည်။ ၎င်းမြို့တော်၌ ပဇ္ဇောတမင်းတရားကြီး အုပ်ချုပ် စိုးစံ၍ ၎င်းမင်းကြီးမှာ ကြမ်းတမ်းခက်ထန်သော စိတ်သဘောရှိသောအားဖြင့် စဏ္ဍပဇ္ဇောတ မင်းကြီး-ဟု နောက်အခါ၌ တွင်ခဲ့လေသည်။ [၁]


အဝန္တိတိုင်းမှာ မဟာဂေါဝိန္ဒပုဏ္ဏားကြီး တည်ထောင် ဖန်ဆင်းပြီးနောက် ဇာတ်တော်, နိပါတ်တော်များ၌လည်း ထင်ရှားကျော်ကြားလျက် မြတ်စွာဘုရား လက်ထက်တော်သို့တိုင်အောင်ပင် အစဉ်မပျက်တည်လာသော နိုင်ငံကြီးတစ်ခုဖြစ်သည့်ပြင် ယခုခေတ် တိုင်အောင်လည်း ထင်ရှားလျက်ရှိသော တိုင်းကြီးတစ်ခုဖြစ်၍ အထူးရေးသားရန် မလိုသော်လည်း တိုင်းနယ်ပယ်အပိုင်းအခြားတို့မှာ ရှေးခေတ်အခါ၌ ကွဲလွဲကြမည်မှာ အမှန်ဖြစ်သဖြင့်၎င်းနှင့် စပ်လျဉ်းသော အကြောင်းအရာများကို အနည်းငယ်မျှ ရေးသားရပေမည်။ ၎င်းနယ်ပယ်အပိုင်းအခြားမှာ ရှေးအခါနှင့် ယခုခေတ်ကား စပ်၍ မဖြစ်နိုင်လောက်အောင် ခြားနားလျက် ဤ ၇-တိုင်း ဝေဖန်စဉ်က ယခုအခါထက် နယ်ပယ်ကျယ်ဝန်းခဲ့မည် ဖြစ်သော်လည်း နောက်လက်ထက်များ၌ တိုင်းနိုင်ငံများ ခွဲခြားပြီး အုပ်ချုပ်ကြသောကြောင့်သာဖြစ်၍ ယခုခေတ်မလိုက်ဘဲ ရှေးတည်ထောင်ရင်း နိုင်ငံအတိုင်း ရှိသင့်သည်မှာ-[၁]

အရှေ့တောင်ဘက် နယ်စပ်မှာ အဿကတိုင်းနှင့် စပ်၍ အနောက်မြောက်ဘက်မှာ ဝိန္ဒုတောင်တန်း နမ္မဒါမြစ်ကမ်းတလျောက် သောဝီရတိုင်းနှင့် စပ်လျက် တည်ရှိသင့်၏။

နယ်ပယ်အကျယ်အဝန်း အပိုင်းအခြားမှာကား ကာလရှည်လျားသဖြင့် အမှန် အကန် အမြဲတည်နေနိုင်ရန် မဖြစ်နိုင်အောင် ခဲယဉ်းကုန်၏။ [၁]

မဟေသယမြို့တော် ပြင်ဆင်ရန်

၎င်းအဝန္တိတိုင်း၏ မြို့တော်မှာ မဟာဂေါဝိန္ဒပုဏ္ဏားကြီး တည်ထောင်စဉ်က မဟေသယ မြို့တော် ဖြစ်သော်လည်း မြတ်စွာဘုရား လက်ထက်တော်မှာ ဥဇ္ဇေနီမြို့တော်ဖြစ်နေသည်ကား ၎င်းမဟေသယ-ဟူသော အမည်မှာ နောက်၌တည်ထောင်သော မြို့တော်ဖြစ်၍ ၎င်းမဟေသယမြို့တော်သည်ကား ရှေးဟောင်းရာဇဝင် မှတ်တမ်းများ၌လည်းကောင်း, သက္ကတကျမ်းစာများ၌လည်းကောင်း ရေးသားသော မဟိသျှမတိခေါ် နမ္မဒါမြစ်တောင် ဘက်ကမ်း၌ တည်ရှိသော မြို့ဟောင်းကြီးဖြစ်ကြောင်း, ၎င်းအမည်မှာ မဟေသယမဟိသျှ မဟိသယ-ဟု အနည်းငယ်မျှသာ ခြားနားကြောင်း နေရာဌာနမှာလည်း မှန်နိုင်လောက် သည်-ဟု ယူဆထိုက်ကြောင်း, ရှေးဟောင်းပထဝီဝင်ဆရာကြီးများ ရေးသားသည်မှာ အမှန် ဟုပင် မှတ်ယူသင့်၏။ [၁]

ဤဇမ္ဗူဒီပါကျွန်းကြီးမှာ မြတ်စွာဘုရားလက်ထက်တော်က များသောအားဖြင့် အလယ်ပိုင်း၌ တိုင်းကြီး ၁၆-တိုင်း ရှိနေသဖြင့် ရှေး ၇-တိုင်းမှ ၂-ဆမျှ တိုင်းနယ်ကွဲပြား၍ တိုင်းနိုင်ငံတို့၏ အကျဉ်းအကျယ်ကား မတူညီနိုင်သည့်ပြင် မြို့တော်သစ်များလည်း တည်ဆောက်ကာ နေရာဌာန မတည်မြဲနိုင်ဘဲ ခေတ်အားလျော်စွာ ပြောင်းလဲမည်ဖြစ်သောကြောင့် တိုင်းနိုင်ငံ တည်ရာဌာနသာ ပဓာနထားလျက် ပိုင်းခြားဝေဖန်အပ်ကုန်၏။ ထိုမှတစ်ပါး အကြောင်းအရာ အတ္ထုပ္ပတ်နှင့် အသေးစိတ် စိစစ်ချက်များသည် နောက်သောဠသ အပိုင်း၌ ထင်ရှားလတ္တံ့ဖြစ်၍ အထူး မစိစစ်တော့ပြီ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)