ဝိနည်း

ဗုဒ္ဓဘာသာတွင် ရဟန်း၊ ကိုရင်များ လိုက်နာရသည့် စည်းကမ်း

ဝိနည်းဟူသည် ဝိနယဟူသော ပါဠိမှဖြစ်လာသော ဝေါဟာရတစ်ခုဖြစ်သဖြင့် ဆုံးမရာဆုံးမကြောင်းဖြစ်သောတရားဟု အဓိပ္ပာယ်ရသည်။ ထိုဝိနည်းသည် အာဂါရိယဝိနည်း၊ အနာဂါရိယဝိနည်းဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် လူများနှင့်သက်ဆိုင်သော ဝိနည်းကို အာဂါရိယ ဝိနည်းခေါ်၍ ရဟန်းသံဃာတော်များနှင့် သက်ဆိုင်သောဝိနည်းကို အနာဂါရိယ ဝိနည်းဟုခေါ်သည်။

ဒုစရိုက် ၁ဝ ပါး၊ သုစရိုက် ၁ဝ ပါးအပြစ်အကျိုး၊ သိင်္ဂါလောဝါဒသုတ်၊ ပရာဘဝသုတ်၊ ဝသလသုတ်တို့၌လာသော ပျက်စီးကြောင်း၊ ကြီးပွားကြောင်းစသော လူတို့ရှောင်ကြဉ်အပ်၊ ပြုကျင့်အပ်သော တရားသည် အာဂါရိယဝိနည်း (ဝါ) လူ့ဝိနည်းမည်၏။ ဗုဒ္ဓ၏ တပည့်သား သံဃာတော်များလိုက်နာကျင့်သုံးရန် ပညတ်ထားသော ဥပဒေစည်းမျဉ်းများဖြစ်သော ဝိနည်းပညတ်တော်သည် အနာဂါရိယဝိနည်း(ဝါ) ရဟန်းဝိနည်းမည်၏။

ထိုနှစ်မျိုးတို့တွင် ဝိနည်းပိဋကတ်အရာ၌ အနာဂါရိယ ဝိနည်းဖြစ်သော ရဟန်းဝိနည်းကိုသာ ယူအပ်လေသည်။ အဋ္ဌကထာတို့၌ ဤဝိနယသဒ္ဒါကို ဝိဟူသော ဥပသာရနှင့် နယသဒ္ဒါ ပေါင်းစပ်၍ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိရှေ့ရှိသော နီဓာတ်ဖြင့် ပြီးသည်ဟူ၍လည်းကောင်း နှစ်နည်းပြဆိုထား၏။ ထိုနှစ်နည်းတွင် ပထမနည်းအရ အထူးထူးသော နည်းနာနယရှိသောကြောင့် ဝိနည်းဟု အဓိပ္ပာယ်ရ၏။ ထိုစကားမှန်၏။ ဝိနည်း၌ နိဒါနုဒ္ဒေသစသော ပါတိမောက်ပြခြင်း၊ ပါတိမောက္ခုဒ္ဒေသငါးမျိုး၊ ပါရာဇိကစသော အာပတ် ခုနစ်ပုံ၊ သိက္ခာပုဒ်၊ ဝတ္ထု၊ ပုဂ္ဂလ၊ မူလပညတ်၊ အနုပညတ်စသော အထူးထူးသော နည်းနာတို့သည် ရှိကြကုန်သည်။ ဒုတိယနည်းအရ ကိုယ်နှုတ်တို့ဖြင့် ဖြစ်နိုင်သော အကုသိုလ်ဟူသမျှကို တားမြစ်၍ ထူးခြားသောအသွင်မျိုးသို့ ရောက်စေတတ်၏ဟု အဓိပ္ပာယ်ယူရပေမည်။ ယင်းဝိနယပိဋကတ်ကို ဒေသနာဘေဒစသည်ဖြင့် ဝေဖန်ရသော် အာဏာဒေသနာ၊ ဝေါဟာရ ဒေသနာ၊ ပရမတ္ထ ဒေသနာဟူ၍ ဒေသနာ အပြားသုံးပါးရှိရာတွင် အာဏာထားခြင်းငှာ ထိုက်တော်မူသော မြတ်စွာ ဘုရားသည်များသောအားဖြင့် အာဏာတော်ကို ပဓာနထား၍ဟောကြားတော် မူအပ်သောကြောင့် အာဏာဒေသနာဖြစ်လေသည်။ ယထာပရာဓ သာသနာ၊ ယထာနုလောမ သာသနာ၊ ယထာဓမ္မ သာသနာ ဟူ၍ သာသနာအပြားသုံးပါးရှိရာတွင် များသောအပြစ်ရှိကုန်သော သတ္တဝါတို့ကို အပြစ်အားလျော်စွာ ဆုံးမရာ ဆုံးမကြောင်း ဖြစ်သောကြောင့် ယထာပရာဓသာသနာ ဖြစ်လေသည်။ သံဝရာ သံဝရ ကထာ၊ စိဋ္ဌ ဝိနိဝေဌနကထာ၊ နာမရူပ ပရိစ္ဆေဒ ကထာဟူ၍ ကထာအပြားသုံးပါးရှိရာတွင် ကာယ ဒွါရဝစီ ဒွါရတို့ဖြင့် လွန် ကျူးခြင်း၏ ဆန့်ကျင်ဖက်ဖြစ်သော သေးငယ်သောစောင့်စည်းခြင်း၊ ကြီး သောစောင့်စည်းခြင်းကို ဟောရာဖြစ်သောကြောင့် သံဝရာ သံဝရကထာဖြစ် လေသည်။ အဓိသီလ သိက္ခာ၊ အဓိစိတ္တ သိက္ခါ အဓိပညာ သိက္ခာ ဟူ၍ သိက္ခာအပြားသုံးပါး ရှိရာတွင် အကျင့်သီလ အရာဖြစ်သောကြောင့် အဓိသီလသိက္ခာဖြစ်၏။ ဝီတိက္ကမပဟာန်၊ ပရိယုဋ္ဌာနပဟာန်၊ အနုသယပဟာန်ဟူ၍ ပဟာန်အပြားသုံးပါးရှိရာတွင် သီလသည် ဝီတိက္ကမကိလေသာ၏ ဆန့်ကျင် ဖက်ဖြစ်သောကြောင့် ဝီတိက္ကမပဟာန်ဖြစ်၏။ စကားအစဉ်၏ နက်နဲခြင်း၊ အနက်အဓိပ္ပာယ်၏ နက်နဲခြင်း၊ ဖော်ထုတ်ဟောပြောမူ၏နက်နဲခြင်း၊ မှန်ကန်စွာ သိရှိနားလည်မှု၏ နက်နဲခြင်း တည်းဟူသော နက်နဲခြင်းလေးမျိုးနှင့်လည်း ပြည့်စုံပေ၏။

ဤဝိနည်းသည် ဟိရိဩတ္တပ္ပ ဟူသော လောကပါလတရားများကို မြဲမြံခိုင်ခံ့ အရှည်တည်တံ့စေလျက် ကောင်းမွန်စွာကျင့်သုံးတော်မူကြကုန် သော ရဟန်းတော်တို့အား သီလ၏ ပြည့်စုံခြင်းကို အမှီပြု၍ ဝိဇ္ဇာ သုံးပါး တရားသို့ရောက်ကာ နိဗ္ဗာန်ပေါက်ပို့ပေးတော်မူနိုင်သည်ကိုထောက်၍ သာသ နာတော်၌ အလွန်အရေးမူနိုင်သည်ကိုထောက်၍ သာသနာတော်၌ အလွန် အရေးကြီးကြောင်း သိသာနိုင်ပေသည်။ ထို့ကြောင့်ပင် အဋ္ဌကထာတို့၌- ' ဝိနယောနာမ ဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေသာသနံ ဌိတံ ဟောတိ ' ဟုမိန့်တော်မူ၏။

အဓိပ္ပာယ်မှာ ဝိနည်းမည်သည်ကား ဘုရားသာသနာတော်၏ အသက်ဖြစ်ပေသည်။ ဝိနည်းတရားတော် တည်ရှိမှသာ သာသနာတော် တည်ရှိသည်မည်၏ဟု ဆိုလိုသည်။ ယင်းသို့ သာသနာတော်တွင် ဝိနည်းတရားတော် အရေးကြီးသောကြောင့်ပင် ပထမသင်္ဂါယနာနှင့်တစ်ကွ သင်္ဂါယနာအဆက်ဆက်၌ သာသနာတော်၏ အသက်ဖြစ်သော ထိုဝိနည်းကို အဦးအစထား၍ သင်္ဂါယနာတင်တော်မူခဲ့ကြလေသည်။ ထိုစကားသည်မှန်၏။ ဝိနည်းတရားတော်သည် ကာယကံမှု၊ ဝစီကံမှုတို့ကို ယဉ်ကျေးသိမ်မွေ့စေ၍ ကာယဒွါရ၊ ဝစီဒွါရ၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို ပိတ်ဆို့တတ်သည့် ဘုရားစည်းမျဉ်း ဥပဒေတော်ကြီးပင်ဖြစ်လေရာ၊ အဦးအစထား၍ သင်္ဂါယနာတင်ရလောက် အောင်လည်း အရေးကြီးလှပေသည်။ ထို့ကြောင့် ဝိနည်းသည် ရဟန်းသံဃာတို့အတွက် ပိဋကတ်သုံးပုံထဲတွင် အရေးအကြီးဆုံးပိဋကတ်ဟု ဆိုနိုင်သည်၊ ကျန်ပိဋကတ်တို့ကို မကျွမ်းကျင်ရင်တောင်မှ ဝိနည်းပိဋကတ်ကို ကျွမ်းကျင်ရန်ဧကန်လိုအပ်ပေသည်၊

ထိုဝိနည်းတရားတော်သည် သင်္ဂါယနာ တင်သောအစဉ်အားဖြင့်- ၁။ ရဟန်းယောက်ျားများနှင့်ဆိုင်သော သိက္ခာပုဒ်များကို အကျယ် ဝေဘန်ပြရာ အပိုင်းဖြစ်သော ဘိက္ခုဝိဘင်္ဂ၊

၂။ ရဟန်းမိန်းမများနှင့်ဆိုင်သော သိက္ခာပုဒ်များကို အကျယ် ဝေဘန်ပြရာ အပိုင်းဖြစ်သော ဘိက္ခုနီဝိဘင်္ဂ၊

၃။ မဟာခန္ဓက၊ ဥပေါသထက္ခန္ဓကစသော ကြီးကျယ်ရှည်လျား သော အကြောင်းအရာများကိုဖော်ပြရာ အပိုင်းဖြစ်သော မဟာဝဂ္ဂ၊

၄။ ကမ္မက္ခန္ဓက၊ ပါရိဝါသိက္ခန္ဓကစသော မဟာဝဂ္ဂခန္ဓကလာ အကြောင်းအရာများထက် ငယ်သော (ဝါ) တိုသောအကြောင်းအရာများကို ဖော်ပြရာအပိုင်းဖြစ်သော စူဠဝဂ္ဂ၊

၅။ ဝိနည်းဆိုင်ရာတွင် အကြွင်းအကျန်ဆိုဖွယ် မရှိစေရန်၊ အခြံအရံသဖွယ် သိမ်းကျုံးဖွင့်ပြရာဖြစ်သော ပရိဝါရဟူ၍အပိုင်း ငါးပိုင်းရှိ လေသည်။

ယင်းငါးပိုင်းကို ကျမ်းစာအားဖြင့် ခွဲဝေလိုက်သော် -

၁။ ပါရာဇိဘဏ် ပါဠိတော်၊

၂။ ပါစိတ် ပါဠိတော်၊

၃။ မဟာဝဂ် ပါဠိတော်၊

၄။ စူဠဝဂ် ပါဠိတော်၊

၅။ ပရိဝါ ပါဠိတော် ဟူ၍ ကျမ်းငါးကျမ်း ဖြစ်လာလေသည်။ ဘိက္ခုဝိဘင်္ဂတွင် ပါရှိသော ပါရာဇိက - သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်စေနိုင်သော အကြီးဆုံးအပြစ်၊ သံဃာဒိသေသ - အပြစ်စင်ကြယ်အောင်ကုစားရာ၌ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး၌ သံဃာကို အလိုရှိအပ်သော ဒုတိယအကြီးဆုံး အပြစ်၊ အနိယတ - အပြစ်အမည်ကို အမြဲသတ်မှတ်၍မထား၊ သင့်သလို ဆုံးဖြတ်ရသောအပြစ် အာပတ် တစ်မျိုးနှင့်နိဿဂ္ဂိယ - စွန့်ခြင်း ရှေ့သွားရှိသောအပြစ် (ဝါ) စွန့် ပြီးမှ အပြစ်ကိုကုစားရသော သိက္ခာပုဒ်တို့ကို အာဒိလဒ္ဓနာမ - အစဖြစ် သော ပါရာဇိကအပိုင်းအားဖြင့် သတ်မှတ်၍ရအပ်သော အမည်အနေဖြင့် ပါ ရာဇိကပါဠိ - ပါရာဇိကဏ်ပါဠိတော် ဟူ၍ အမည်မှည့်ခေါ်ပြီးလျှင် ကျမ်း တစ်ကျမ်း ဖွဲ့စည်းထားခဲ့ပေသည်။ ထို့နောက် ဘိက္ခုဝိဘင်္ဂမှ ပါစိတ္တိယ - ကုသိုလ်စိတ်ကို လျှောကျ စေတတ်သောအပြစ်၊ ပါဋိဒေသနီ - အသီးအခြားပြောကြားရသော အပြစ်၊ သေခိယ - ယဉ်ကျေးမှု ကျင့်ဝတ်အနေဖြင့် မကျင့်မနေကျင့်ရသော သိက္ခာ ပုဒ်များ၊ အဓိကရဏ သမထ - ဖြစ်ပေါ်လာသော အဓိကရုဏ်း (ဝါ) အပြစ်အာပတ်ဆိုင်ရာအရေးအရာကို ငြိမ်းအေးအောင်ဆုံးဖြတ်နည်းဟူသော အပိုင်းကြီးလေးပိုင်းနှင့် ဘိက္ခုနီဝိဘင်္ဂပါဠိ အပိုင်းအားလုံးကို စုပေါင်း၍ ပါစိတ္တိယပါဠိ - ပါစိတ်ပါဠိတော်ဟူ၍ အမည်တပ်ပြီးလျှင် ကျမ်းတစ်ကျမ်း ဖွဲ့စည်းခဲ့ပေသည်။ ထိုနောက်မှ အစဉ်အတိုင်း မဟာဝဂ္ဂပါဠိ၊ စူဠဝဂ္ဂပါဠိနှင့် ပရိဝါ ရပါဠိတို့ကို တစ်ကျမ်းစီဖွဲ့စည်း၍ ဝိနည်းငါးကျမ်းဟု ရှေးမဟာထေရ်မြတ် ကြီးတို့ သတ်မှတ်တော်မူခဲ့ကြပေသည်။

ထိုဝိနည်းကျမ်းဂန်များ၌ ပါရှိသောအချက်များသည် ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ပညတ်ထားသော ဥပဒေစည်းမျဉ်းများသာ ဖြစ်ပေရာ ထိုဥပဒေစည်းမျဉ်းများကိုဖော်ပြရာ ဝိနည်း ကျမ်းဂန်များသည်လည်း မြတ်စွာဘုရား၏ တပည့်သားသံဃာတော်များနှင့်သာ တိုက်ရိုက် သက်ဆိုင်သော ကျမ်းစာများဖြစ်၍ ထိုကျမ်းစာများကို လူပုဂ္ဂိုလ်များကြည့်ရှုဖွယ်မလို၊ သိမှတ်ဖွယ်မလိုဟုထင်တတ်ကြသည်။ အမှန်အားဖြင့်ကား ဝိနည်း ကျမ်းဂန်များတွင် ပါရှိသောအချက်အလက်များစွာတို့မှာ မြတ်စွာဘုရား လက်ထက်တွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် လူမှုအဆင့်အတန်းမှစ၍ များပြားလှသော အရေးအရာတို့ကို ခန့်မှန်းနိုင်သဖြင့် ဗဟုသုတ ရှာမှီးသူတိုင်းအဖို့ ထိုဝိနည်းကျမ်းဂန်များကို ဖတ်ရှုသင့်လှပေသည်။ []


သာသနာ၏ အသက်

ပြင်ဆင်ရန်

မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့၌ သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ အရှင်သာရိပုတြာသည် တစ်ပါးတည်း နေစဉ် “အဘယ်မြတ်စွာဘုရားတို့၏ သာသနာသည် ကြာမြင့်စွာ တည်သနည်း၊ အဘယ်မြတ်စွာဘုရားတို့၏ သာသနာသည် ကြာမြင့်စွာ မတည်သနည်း” ဟု တွေးမိ၏။ ထို့နောက် မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ဝိပဿီမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ဝေဿဘူမြတ်စွာဘုရားတို့၏ သာသနာသည် ကြာမြင့်စွာ မတည်ခဲ့ကြောင်း ပြော၏။ ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားတို့၏ သာသနာသည် ကြာမြင့်စွာတည်ခဲ့သည်ဟု ဖြေကြားတော်မူ၏။

ထိုအခါ အရှင်သာရိပုတြာသည် သာသနာတော် ကြာမြင့်စွာမတည်ခြင်း၏ အကြောင်းကို မြတ်စွာဘုရားအား မေးမြန်းတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “မြတ်စွာဘုရားတို့သည် တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြမစိုက်ခြင်း၊ ထိုတပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ။ (အာဏာ) ပါတိမောက်ကို ပြတော်မမူခဲ့ချေ။ ထိုမြတ်စွာဘုရားများ ပရိနိဗ္ဗာန်ပြုသောအခါ ထိုသာသာနာတော်သည် လျင်မြန်စွာ ကွယ်ပျောက်ကုန်သည်” ဟု ဖြေတော်မူ၏။

ထိုအခါ အရှင်သာရိပုတြာသည် သာသနာတော် အရှည်ကြာမြင့်စွာတည်ခြင်း၏ အကြောင်းကို မေးမြန်းတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “မြတ်စွာဘုရားတို့သည် တပည့်တို့အား တရားတော်ကို အကျယ်ဟောရန် ကြောင့်ကြစိုက်တော်မူခြင်း၊ တပည့်တို့အား သိက္ခာပုဒ် ပညတ်တော်မူ၏။ (အာဏာ) ပါတိမောက် ပြတော်မူ၏။ ထိုမြတ်စွာဘုရားတို့ ပရိနိဗ္ဗာန် ပြုတော်မူသောအခါ ထိုသာသနာတော်သည် ကြာမြင့်သော ကာလပတ်လုံး တည်၏” ဟု ဖြေကြားတော်မူခဲ့သည်။[]

သိက္ခာပုဒ်ပညတ်သည့် အချိန်အခါ

ပြင်ဆင်ရန်

အရှင်သာရိပုတြာ မေးမြန်းမှုများကို မြတ်စွာဘုရားသည် ဖြေတော်မူ၏။ ထိုအခါ အရှင်သာရိပုတြာသည် မြတ်စွာဘုရားအား သာသာနာတော် ကြာမြင့်စွာတည်ရန်အတွက် သိက္ခာပုဒ်ပညတ်ရန်၊ ပါတိမောက်ပြရန် အချိန်တန်ပါပြီဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် “ယခုအချိန်အခါသည် သိက္ခာပုဒ်ပညတ်ရန် အချိန်အခါ မဟုတ်သေး။ မြတ်စွာဘုရားသည်သာလျှင် သိက္ခာပုဒ်ပညတ်ရမည့် အချိန်ကို သိနိုင်၏။ ထို့ပြင် ယခုအချိန်အခါသည် သံဃာတော်၌ အချို့သော (လွန်ကျူးမှု) တရားတို့သည် မဖြစ်ပေါ်သေးပေ။ ထို(လွန်ကျူးမှု) တရားတို့ မဖြစ်ပေါ်သေးသမျှ မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မမူ။” ဟု ဖြေကြားတော်မူ၏။[]

ဝိနည်း (၂၂၇) သွယ်

ပြင်ဆင်ရန်

ပါရာဇိက (၄) ပါး

ပြင်ဆင်ရန်
စဉ် သိက္ခာပုဒ်အမည် No ဝိနည်းပညတ်
မေထုနပါရာဇိက မေထုန်မကျင့်ရ
အဒိန္နာပါရာဇိက သူတပါးဥစ္စာမခိုးရ
မနုဿဝိဂ္ဂဟပါရာဇိက လူမသတ်ရ မသတ်ခိုင်းရ
ဥတ္တရိမနုဿဓမ္မပါရာဇိက ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ။

သံဃာဒိသိသ် (၁၃) ပါး

ပြင်ဆင်ရန်
စဉ် သိက္ခာပုဒ်အမည် No ဝိနည်းပညတ်
သုက္ကဝိဿဋ္ဌိသိက္ခာပုဒ် သုက်မလွှတ်ရ
ကာယသံသဂ္ဂသိက္ခာပုဒ် အမျိုးသမီးဟူသမျှ မကိုင်ရ
ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ် အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ
အတ္တကာမပါရိစရိယသိက္ခာပုဒ် မေထုန် အလှူမခံရ
သဉ္စရိတ္တသိက္ခာပုဒ် မအောင်သွယ်ရ
ကုဋိကာရသိက္ခာပုဒ် ၁၀ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
ဝိဟာရကာရသိက္ခာပုဒ် ၁၁ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
ဒုဋ္ဌဒေါသသိက္ခာပုဒ် ၁၂ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ် ၁၃ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၀ သံဃဘေဒသိက္ခာပုဒ် ၁၄ သံဃာကို သင်းမခွဲရ
၁၁ ဘေဒါနုဝတ္တကသိက္ခာပုဒ် ၁၅ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၂ ဒုဗ္ဗစသိက္ခာပုဒ် ၁၆ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၃ ကုလဒူသကသိက္ခာပုဒ် ၁၇ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ။ ဆုံးမသည်ကို လိုက်နာရမည်။

အနိယတ (၂) ပါး

ပြင်ဆင်ရန်
စဉ် သိက္ခာပုဒ်အမည် No ဝိနည်းပညတ်
ပထမ အနိယတသိက္ခာပုဒ် ၁၈ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမနေရ
ဒုတိယ အနိယတသိက္ခာပုဒ် ၁၉ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ

နိဿဂ္ဂိယ (၃၀) ပါး

ပြင်ဆင်ရန်
စဉ် သိက္ခာပုဒ်အမည် No ဝိနည်းပညတ်
ပထမကထိနသိက္ခာပုဒ် ၂၀ သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
ဒုတိယကထိနသိက္ခာပုဒ် ၂၁ တိစိဝရိတ်သင်္ကန်းနှင့် ညဉ့်ကင်း၍ မနေရ။
တတိယကထိနသိက္ခာပုဒ် ၂၂ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်းအဓိဋ္ဌာန်တင်ရမည်။
ပုရာဏစီဝရသိက္ခာပုဒ် ၂၃ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။
စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ် ၂၄ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။
အညာတကဝိညတ္တိသိက္ခာပုဒ် ၂၅ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။
တတုတ္တရိသိက္ခာပုဒ် ၂၆ သင်္ကန်းတောင်းခွင်းရှိသော်လည်း နှစ်ထည်ထက်ပိုမတောင်းရ။
ဥပက္ခဋသိက္ခာပုဒ် ၂၇ ဒါယကာတို့ ခန့်မှန်းသည်ထက်သင်္ကန်းဖိုး မစီရင်ရ။
ဒုတိယ ဥပက္ခဋသိက္ခာပုဒ် ၂၈ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။
၁၀ ရာဇသိက္ခာပုဒ် ၂၉ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။
၁၁ ကောသိယသိက္ခာပုဒ် ၃၀ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။
၁၂ သုဒ္ဓကာဠကသိက္ခာပုဒ် ၃၁ အမည်း ၊ အနက် သိုးမွေးကို အခင်းမပြုရ။
၁၃ ဒွေဘာဂသိက္ခာပုဒ် ၃၂ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။
၁၄ ဆဗ္ဗဿသိက္ခာပုဒ် ၃၃ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။
၁၅ နိသီဒနသန္တတသိက္ခာပုဒ် ၃၄ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။
၁၆ ဧဠကလောမသိက္ခာပုဒ် ၃၅ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် လွန်၍မယူရ။
၁၇ ဧဠကလောမဓောဝါပနသိက္ခာပုဒ် ၃၆ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေးမဖွတ်ခိုင်းရ။
၁၈ ရူပိယသိက္ခာပုဒ် ၃၇ ရွှေ ၊ ငွေတို့ကို မကိုင်ခံရ။
၁၉ ရူပိယသံဝေါဟာရသိက္ခာပုဒ် ၃၈ အရောင်းအဝယ် မပြုရ။
၂၀ ကယဝိက္ကယသိက္ခာပုဒ် ၃၉ အလဲ အလှယ် မပြုရ။
၂၁ ပတ္တသိက္ခာပုဒ် ၄၀ အဓိဋ္ဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။
၂၂ ဦနပဉ္စဗန္ဓနသိက္ခာပုဒ် ၄၁ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်မတောင်းရ။
၂၃ ဘေသဇ္ဇသိက္ခာပုဒ် ၄၂ ထောပတ်၊ဆီ၊ပျား၊တင်လဲတို့ကို (၇)ရက်ထက်ပိုမထားရ။
၂၄ ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ် ၄၃ မိုးရေခံသင်္ကန်းကို (၄)လထက်ပိုမဆောင်ရ
၂၅ စီဝရအစ္ဆန္ဒိနသိက္ခာပုဒ် ၄၄ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။
၂၆ သုတ္တဝိညတ္တိသိက္ခာပုဒ် ၄၅ ချည်ကိုတောင်း၍ မယက်ခိုင်းရ။
၂၇ မဟာပေသကာရသိက္ခာပုဒ် ၄၆ အမျိုးတော်ခြင်းဖိတ်ခြင်းမရှိဘဲရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။
၂၈ အစ္စေကစီဝရသိက္ခာပုဒ် ၄၇ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။
၂၉ သာသင်္ကသိက္ခာပုဒ် ၄၈ သမ္မုတိမရဘဲ တိစီသရိတ်သင်္ကန်းနှင့်(၆) ညဉ့်အကင်းရ။
၃၀ ပရိဏတသိက္ခာပုဒ် ၄၉ သံဃာညွှတ်ပြီးသား လာဘ်ကို မိမိသို့ မညွှတ်စေရ။

သုဒ္ဓပါစိတ် (၉၂) ပါး

ပြင်ဆင်ရန်
စဉ် သိက္ခာပုဒ်အမည် No ဝိနည်းပညတ်
မုသာဝါဒသိက္ခာပုဒ် ၅၀ မုသားမပြောရ။
ဩမသဝါဒသိက္ခာပုဒ် ၅၁ မဆဲရ။
ပေသုညသိက္ခာပုဒ် ၅၂ ကုန်းမတိုက်ရ။
ပဒသောဓမ္မသိက္ခာပုဒ် ၅၃ လူ ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။
သဟသေယျသိက္ခာပုဒ် ၅၄ တစ်ကျောင်းတည်း၌လူ ၊ သာမဏေနှင့် (၃)ညဉ့်ထက် မအိပ်ရ။
ဒုတိယသဟသေယျသိက္ခာပုဒ် ၅၅ မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။
ဓမ္မဒေသနာသိက္ခာပုဒ် ၅၆ မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။
ဘူတာရောစနသိက္ခာပုဒ် ၅၇ မိမိရသော ဈာန်၊မဂ်၊ဖိုလ်ကို လူ၊သာမဏေအား မပြောရ။
ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ် ၅၈ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊သာမဏေအား မပြောရ။
၁၀ ပထဝီခဏနသိက္ခာပုဒ် ၅၉ မြေကိုမတူးရ။
၁၁ ဘူတဂါမသိက္ခာပုဒ် ၆၀ သစ်ပင်မခုတ်ရ။
၁၂ အညဝါဒကသိက္ခာပုဒ် ၆၁ ရဟန်းတပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။
၁၃ ဥဇ္ဈာပနကသိက္ခာပုဒ် ၆၂ သမ္မုတိရသောရဟန်းကို မရှုတ်ချအပ်။
၁၄ ပဌမသေနာသနသိက္ခာပုဒ် ၆၃ သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။
၁၅ ဒုတိယသေနာသနသိက္ခာပုဒ် ၆၄ သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။
၁၆ အနုပခဇ္ဇသိက္ခာပုဒ် ၆၅ သံဃိကကျောင်း၌ အိပ်နေသောရဟန်းကို နှိုး၍ မအိပ်ရ။
၁၇ နိက္ကဍ္ဎနသိက္ခာပုဒ် ၆၆ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။
၁၈ ဝေဟာသကုဋိသိက္ခာပုဒ် ၆၇ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။
၁၉ မဟလ္လကဝိဟာရသိက္ခာပုဒ် ၆၈ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂတေ မလိမ်းကျံရ။
၂၀ သပ္ပါဏကသိက္ခာပုဒ် ၆၉ ပိုးရှိသော ရေကို မြေပေါ်၊မြက်ပေါ်သို့ မသွန်ရ။
၂၁ ဩဝါဒသိက္ခာပုဒ် ၇၀ သမ္မုတိမရဘဲနှင့်ရဟန်းမအား မဆုံးမရ။
၂၂ အတ္ထင်္ဂတသိက္ခာပုဒ် ၇၁ သမ္မုတိရသော်လည်းနေဝင်လျှင် မဆုံးမရ။
၂၃ ဘိက္ခုနုပဿယသိက္ခာပုဒ် ၇၂ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။
၂၄ အာမိသသိက္ခာပုဒ် ၇၃ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။
၂၅ စီဝရဒါနသိက္ခာပုဒ် ၇၄ ရဟန်းမကို သင်္ကန်းမပေးအပ်။
၂၆ စီဝရသိဗ္ဗနသိက္ခာပုဒ် ၇၅ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။
၂၇ သံဝိဓာနသိက္ခာပုဒ် ၇၆ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။
၂၈ နာဝါဘိရုဟနသိက္ခာပုဒ် ၇၇ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။
၂၉ ပရိပါစိတသိက္ခာပုဒ် ၇၈ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။
၃၀ ရဟောနိသဇ္ဇသိက္ခာပုဒ် ၇၉ ရဟန်းမနှင့်နှစ်ယောက်ချင်း မနေရ။
၃၁ အာဝသထပိဏ္ဍသိက္ခာပုဒ် ၈၀ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။
၃၂ ဂဏဘောဇနသိက္ခာပုဒ် ၈၁ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ထမင်းစားဖိတ်လျှင် မစားရ။
၃၃ ပရမ္ပရဘောဇနသိက္ခာပုဒ် ၈၂ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။
၃၄ ကာဏမာတုသိက္ခာပုဒ် ၈၃ လက်ဆောင်မုန့်များ သုံးသပိတ်ထက် ပိုအလှူမခံရ။
၃၅ ပထမပဝါရဏာသိက္ခာပုဒ် ၈၄ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။
၃၆ ဒုတိယပဝါရဏာသိက္ခာပုဒ် ၈၅ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။
၃၇ ဝိကာလဘောဇနသိက္ခာပုဒ် ၈၆ နေလွဲသောအခါ ညစာမစားရ။
၃၈ သန္နိဓိကာရကသိက္ခာပုဒ် ၈၇ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။
၃၉ ပဏီတဘောဇနသိက္ခာပုဒ် ၈၈ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။
၄၀ ဒန္တပေါနသိက္ခာပုဒ် ၈၉ အကပ်မခံဘဲ ဘာကိုမျှမစားရ။
၄၁ အစေလကသိက္ခာပုဒ် ၉၀ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။
၄၂ ဥယျောဇနသိက္ခာပုဒ် ၉၁ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။
၄၃ သဘောဇနသိက္ခာပုဒ် ၉၂ အကြင်လင်မယား အခန်း၌ မနေရ။
၄၄ ရဟောပဋိစ္ဆန္နသိက္ခာပုဒ် ၉၃ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၄၅ ရဟောနိသဇ္ဇသိက္ခာပုဒ် ၉၄ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၄၆ စာရိတ္တသိက္ခာပုဒ် ၉၅ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။
၄၇ မဟာနာမသိက္ခာပုဒ် ၉၆ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။
၄၈ ဥယျုတ္တသေနာသိက္ခာပုဒ် ၉၇ အင်္ဂါ(၄)ပါးရှိသော စစ်ဒရိန်းပြရာသို့ သွား၍ မကြည့်ရ။
၄၉ သေနာဝါသသိက္ခာပုဒ် ၉၈ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။
၅၀ ဥယျောဓိကသိက္ခာပုဒ် ၉၉ စစ်ဆင်ရာအရပ်သို့ မသွားရ။
၅၁ သုရာပါနသိက္ခာပုဒ် ၁၀၀ ယစ်မျိုးငါးပါး မသောက်ရ။
၅၂ အင်္ဂုလိပတောဒကသိက္ခာပုဒ် ၁၀၁ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။
၅၃ ဟသဓမ္မသိက္ခာပုဒ် ၁၀၂ ရေထဲမှာ မကစားရ။
၅၄ အနာဒရိယသိက္ခာပုဒ် ၁၀၃ သိက္ခာကြီး၊ဝါတော်ကြီးကို မရိုမသေမနေရ။
၅၅ ဘိံသာပနသိက္ခာပုဒ် ၁၀၄ ရဟန်းချင်း မလှန့် မခြောက်ရ။
၅၆ ဇောတိကသိက္ခာပုဒ် ၁၀၅ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။
၅၇ နှာနသိက္ခာပုဒ် ၁၀၆ မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။
၅၈ ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ် ၁၀၇ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။
၅၉ ဝိကပ္ပနသိက္ခာပုဒ် ၁၀၈ ဝိကပ္ပနပြုသည့် သင်္ကန်းကို ဝိကပ္ပနမပြန်ဘဲ မသုံးရ။
၆၀ စီဝရအပနိဓာနသိက္ခာပုဒ် ၁၀၉ ပရိက္ခရာရှစ်ပါးကို မဝှက်ရ ၊ မကျီစားရ။
၆၁ သဉ္စိစ္စသိက္ခာပုဒ် ၁၁၀ ပိုး၊တိရစ္ဆာန်တို့ကို မသတ်ရ။
၆၂ သပ္ပါဏကသိက္ခာပုဒ် ၁၁၁ ပိုးရှိသော ရေကို မသောက်ရ။
၆၃ ဥက္ကောဋနသိက္ခာပုဒ် ၁၁၂ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။
၆၄ ဒုဋ္ဌုလ္လသိက္ခာပုဒ် ၁၁၃ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။
၆၅ ဦနဝီသတိဝဿသိက္ခာပုဒ် ၁၁၄ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။
၆၆ ထေယျသတ္ထသိက္ခာပုဒ် ၁၁၅ ခိုးသား၊ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။
၆၇ သံဝိဓာနသိက္ခာပုဒ် ၁၁၆ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။
၆၈ အရိဋ္ဌသိက္ခာပုဒ် ၁၁၇ မိစ္ဆာဒိဋ္ဌိဝါဒများကို မယူရ။
၆၉ ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ် ၁၁၈ မိစ္ဆာဒိဋ္ဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၇၀ ကဏ္ဍကသိက္ခာပုဒ် ၁၁၉ မိစ္ဆာဒိဋ္ဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၇၁ သဟဓမ္မိကသိက္ခာပုဒ် ၁၂၀ ဝိမည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။
၇၂ ဝိလေခနသိက္ခာပုဒ် ၁၂၁ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။
၇၃ မောဟနသိက္ခာပုဒ် ၁၂၂ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။
၇၄ ပဟာရသိက္ခာပုဒ် ၁၂၃ ရဟန်းချင်း မရိုက်နှက်ရ။
၇၅ တလသတ္တိကသိက္ခာပုဒ် ၁၂၄ ရဟန်းကို လက်ဖြင့်မရွယ်ရ။
၇၆ အမူလကသိက္ခာပုဒ် ၁၂၅ မြင်ခြင်း ကြားခြင်း မရှိပါဘဲ သံဃာဒိသေသ်နှင့် မစွပ်စွဲရ
၇၇ သဉ္စိစ္စသိက္ခာပုဒ် ၁၂၆ ရဟန်းကို နှလုံးမသာအောင်မပြောရ။
၇၈ ဥပဿုတိသိက္ခာပုဒ် ၁၂၇ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။
၇၉ ကမ္မပဋိဗာဟနသိက္ခာပုဒ် ၁၂၈ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။
၈၀ ဆန္ဒံအဒတွာဂမနသိက္ခာပုဒ် ၁၂၉ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။
၈၁ ဒုဗ္ဗလသိက္ခာပုဒ် ၁၃၀ တိုင်ပင်၍ သင်္ကန်းပေးပြီးမှမကဲ့ရဲ့ရ။
၈၂ ပရိဏာမနသိက္ခာပုဒ် ၁၃၁ သံဃာအား ညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။
၈၃ အန္တေပုရသိက္ခာပုဒ် ၁၃၂ မင်း၊မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။
၈၄ ရတနသိက္ခာပုဒ် ၁၃၃ ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။
၈၅ ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ် ၁၃၄ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။
၈၆ သူစိဃရသိက္ခာပုဒ် ၁၃၅ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။
၈၇ မဉ္စပီဌသိက္ခာပုဒ် ၁၃၆ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။
၈၈ တူလောနန္ဓသိက္ခာပုဒ် ၁၃၇ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။
၈၉ နိသီဒနသိက္ခာပုဒ် ၁၃၈ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။
၉၀ ကဏ္ဍုပ္ပဋိစ္ဆာဒိသိက္ခာပုဒ် ၁၃၉ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၉၁ ဝဿိကသာဋိကသိက္ခာပုဒ် ၁၄၀ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၉၂ နန္ဒသိက္ခာပုဒ် ၁၄၀ ဘုရားသင်္ကန်း ပမာဏကို မပြုရ။

ပါဋိဒေသနီ (၄) ပါး

ပြင်ဆင်ရန်
စဉ် သိက္ခာပုဒ်အမည် No ဝိနည်းပညတ်
ပထမပါဋိဒေသနီသိက္ခာပုဒ် ၁၄၂ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။
ဒုတိယပါဋိဒေသနီသိက္ခာပုဒ် ၁၄၃ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။
တတိယပါဋိဒေသနီသိက္ခာပုဒ် ၁၄၄ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။
စတုတ္ထပါဋိဒေသနီသိက္ခာပုဒ် ၁၄၅ ဘေးရန်ရှိသည်ကိုမပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။

သေခိယ (၇၅) ပါး

ပြင်ဆင်ရန်
စဉ် သိက္ခာပုဒ်အမည် No ဝိနည်းပညတ်
ပရိမဏ္ဍလသိက္ခာပုဒ် ၁၄၆ သင်္ကန်းကို ညီညီဝတ်ရမည်။
ပရိမဏ္ဍလသိက္ခာပုဒ် ၁၄၇ သင်္ကန်းကို ညီညီရုံရမည်။
သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် ၁၄၈ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။
သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် ၁၄၉ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။
သုသံဝုတသိက္ခာပုဒ် ၁၅၀ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာ သွားရမည်။
သုသံဝုတသိက္ခာပုဒ် ၁၅၁ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာနေရမည်။
ဩက္ခိတ္တစက္ခုသိက္ခာပုဒ် ၁၅၂ မျက်လွှာချ၍ ရွာထဲမှာသွားရမည်။
ဩက္ခိတ္တစက္ခုသိက္ခာပုဒ် ၁၅၃ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။
ဥက္ခိတ္တကသိက္ခာပုဒ် ၁၅၄ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။
၁၀ ဥက္ခိတ္တကသိက္ခာပုဒ် ၁၅၅ သင်္ကန်းကို ပင့်၍ ရွာထဲမှာမသွားရ။
၁၁ ဥဇ္ဇဂ္ဃိကသိက္ခာပုဒ် ၁၅၆ ရွာထဲမှာကျယ်ကျယ်ရယ်၍ မသွားရ။
၁၂ ဥဇ္ဇဂ္ဃိကသိက္ခာပုဒ် ၁၅၇ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။
၁၃ အပ္ပသဒ္ဒသိက္ခာပုဒ် ၁၅၈ ရွာထဲမှာကျယ်ကျယ် စကားပြော၍ မသွားရ။
၁၄ အပ္ပသဒ္ဒသိက္ခာပုဒ် ၁၅၉ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။
၁၅ ကာယပ္ပစာလကသိက္ခာပုဒ် ၁၆၀ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။
၁၆ ကာယပ္ပစာလကသိက္ခာပုဒ် ၁၆၁ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။
၁၇ ဗာဟုပ္ပစာလကသိက္ခာပုဒ် ၁၆၂ ရွာထဲမှာ လက်ရုံးကိုလှုပ်၍မသွားရ။
၁၈ ဗာဟုပ္ပစာလကသိက္ခာပုဒ် ၁၆၃ ရွာထဲမှာ လက်ရုံးကိုလှုပ်၍မနေရ။
၁၉ သီသပ္ပစာလကသိက္ခာပုဒ် ၁၆၄ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။
၂၀ သီသပ္ပစာလကသိက္ခာပုဒ် ၁၆၅ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။
၂၁ ခမ္ဘကတသိက္ခာပုဒ် ၁၆၆ ရွာထဲမှာ ခါးထောက်လျက် မသွားရ။
၂၂ ခမ္ဘကတသိက္ခာပုဒ် ၁၆၇ ရွာထဲမှာ ခါးထောက်လျက် မနေရ။
၂၃ ဩဂုဏ္ဌိတသိက္ခာပုဒ် ၁၆၈ ရွာထဲမှာ ခေါင်းမြီးခြုံ၍မသွားရ။
၂၄ ဩဂုဏ္ဌိတသိက္ခာပုဒ် ၁၆၉ ရွာထဲမှာ ခေါင်းမြီးခြုံ၍မနေရ။
၂၅ ဥက္ကုဋိကသိက္ခာပုဒ် ၁၇၀ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။
၂၆ ပလ္လတ္ထိကသိက္ခာပုဒ် ၁၇၁ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။
၂၇ သက္ကစ္စပဋိဂ္ဂဟဏသိက္ခာပုဒ် ၁၇၂ မရိုမသေ ဆွမ်းမခံရ။
၂၈ ပတ္တသညီပဋိဂ္ဂဟဏသိက္ခာပုဒ် ၁၇၃ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည်။
၂၉ သမသူပကပဋိဂ္ဂဟဏသိက္ခာပုဒ် ၁၇၄ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။
၃၀ သမတိတ္ထိကသိက္ခာပုဒ် ၁၇၅ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။
၃၁ သက္ကစ္စဘုဉ္ဇနသိက္ခာပုဒ် ၁၇၆ ဆွမ်းကိုရိုသေစွာ စားရမည်။
၃၂ ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ် ၁၇၇ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။
၃၃ သပဒါနသိက္ခာပုဒ် ၁၇၈ ဆွမ်းကို အစဉ်လိုက်စားရမည်။
၃၄ သမသူပကဘုဉ္ဇနသိက္ခာပုဒ် ၁၇၉ ဆွမ်း၏လေးပုံတစ်ပုံထက်ပို၍ ပဲဟင်းကို မစားရ။
၃၅ ထူပကတသိက္ခာပုဒ် ၁၈၀ ဆွမ်းဦးကို နှိပ်၍ မစားရ။
၃၆ ဩဒနပ္ပဋိစ္ဆာဒနသိက္ခာပုဒ် ၁၈၁ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍မစားရ။
၃၇ သူပေါဒနဝိညတ္တိသိက္ခာပုဒ် ၁၈၂ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။
၃၈ ဥဇ္ဈာနသညီသိက္ခာပုဒ် ၁၈၃ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။
၃၉ အတိမဟန္တကဗဠသိက္ခာပုဒ် ၁၈၄ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။
၄၀ ပရိမဏ္ဍလအာလောပသိက္ခာပုဒ် ၁၈၅ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။
၄၁ အနာဟဋသိက္ခာပုဒ် ၁၈၆ ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။
၄၂ ဘုဉ္ဇမာနသိက္ခာပုဒ် ၁၈၇ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။
၄၃ သကဗဠသိက္ခာပုဒ် ၁၈၈ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။
၄၄ ပိဏ္ဍုက္ခေပကသိက္ခာပုဒ် ၁၈၉ ဆွမ်းလုတ်ကို မြောက်၍မစားရ။
၄၅ ကဗဠာဝစ္ဆေဒကသိက္ခာပုဒ် ၁၉၀ ဆွမ်းလုတ်ကို ဖြတ်၍မစားရ။
၄၆ အဝဂဏ္ဍကာရကသိက္ခာပုဒ် ၁၉၁ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။
၄၇ ဟတ္ထနိဒ္ဓုနကသိက္ခာပုဒ် ၁၉၂ ဆွမ်းစားရင်း လက်မခါရ။
၄၈ သိတ္ထာဝကာရကသိက္ခာပုဒ် ၁၉၃ ဆွမ်းလုံးကို ကြဲ၍ မစားရ။
၄၉ ဇိဝှါနိစ္ဆာရကသိက္ခာပုဒ် ၁၉၄ လျှာထုတ်၍ ဆွမ်းစားခြင်းမပြုရ။
၅၀ စပုစပုကာရကသိက္ခာပုဒ် ၁၉၅ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။
၅၁ သုရုသုရုသိက္ခာပုဒ် ၁၉၆ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။
၅၂ ဟတ္ထနိလ္လေဟကသိက္ခာပုဒ် ၁၉၇ လက်ကိုလျှက်၍ဆွမ်းမစားရ။
၅၃ ပတ္တနိလ္လေဟကသိက္ခာပုဒ် ၁၉၈ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။
၅၄ ဩဋ္ဌနိလ္လေဟကသိက္ခာပုဒ် ၁၉၉ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။
၅၅ ပါနီယထာလကသိက္ခာပုဒ် ၂၀၀ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။
၅၆ သသိတ္ထကသိက္ခာပုဒ် ၂၀၁ သပိတ်ဆေးရေကို ရွာထဲမှာမသွန်ရ။
၅၇ ဆတ္တပါဏိသိက္ခာပုဒ် ၂၀၂ ထီး လက်၌ရှိသောသူကိုတရားမဟောရ။
၅၈ ဒဏ္ဍပါဏိသိက္ခာပုဒ် ၂၀၃ တုတ်လက်၌ရှိသောသူကို တရားမဟောရ။
၅၉ သတ္ထပါဏိသိက္ခာပုဒ် ၂၀၄ ဓား လက်၌ရှိသောသူကိုတရားမဟောရ။
၆၀ အာဝုဓပါဏိသိက္ခာပုဒ် ၂၀၅ လေး လက်၌ရှိသောသူကိုတရားမဟောရ။
၆၁ ပါဒုကာရုဠှသိက္ခာပုဒ် ၂၀၆ ခြေနင်းစီးထားသောသူကို တရားမဟောရ။
၆၂ ဥပါဟနရုဠှသိက္ခာပုဒ် ၂၀၇ ဖိနပ်စီးထားသောသူကို တရားမဟောရ။
၆၃ ယာနသိက္ခာပုဒ် ၂၀၈ ယာဉ်စီး၍နေသောသူကို တရားမဟောရ။
၆၄ သယနသိက္ခာပုဒ် ၂၀၉ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။
၆၅ ပလ္လတ္ထိကာယသိက္ခာပုဒ် ၂၁၀ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။
၆၆ ဝေဌိတသီတဿသိက္ခာပုဒ် ၂၁၁ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။
၆၇ ဩဂုဏ္ဌိတသီတဿသိက္ခာပုဒ် ၂၁၂ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။
၆၈ ဆမာသိက္ခာပုဒ် ၂၁၃ ခေါင်းမြီးခြုံထားသူကို တရားမဟောရ။
၆၉ နီစေအာသနသိက္ခာပုဒ် ၂၁၄ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။
၇၀ ဌိတနိသိန္နသိက္ခာပုဒ် ၂၁၅ ရပ်လျက် ထိုင်နေသောသူကိုတရားမဟောရ။
၇၁ ပစ္ဆတောဂစ္ဆန္တီသိက္ခာပုဒ် ၂၁၆ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။
၇၂ ဥပ္ပထေနဂစ္ဆန္တီသိက္ခာပုဒ် ၂၁၇ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။
၇၃ ဌိတောဥစ္စာရသိက္ခာပုဒ် ၂၁၈ မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။
၇၄ ဟရိတေဥစ္စာရသိက္ခာပုဒ် ၂၁၉ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊တံတွေး မစွန့်ရ။
၇၅ ဥဒကေဥစ္စာရသိက္ခာပုဒ် ၂၂၀ ရေထဲမှာ ကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး မစွန့်ရ။(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊နာဖျားချိန်၌ ကျင်ကြီး၊ကျင်ငယ်၊တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)

အဓိကရဏသမထ (၇) ပါး

ပြင်ဆင်ရန်
စဉ် သိက္ခာပုဒ်အမည် No ဝိနည်းပညတ်
၂၂၁ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း ၊ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။
၂၂၂ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။
၂၂၃ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။
၂၂၄ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။
၂၂၅ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ပြုအပ်သောယေဘုယျဝိနည်း။
၂၂၆ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။
၂၂၇ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။[]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. ၂.၀ ၂.၁ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် Text "publisher" ignored (အကူအညီ)
  3. https://mm.pubbarum.com/2019/09/blog-post_80.html